Monday, December 17, 2007

လက်နက်မပါတဲံ ဓါပြ

“ဗျို့ ....... ကိုဂျောက်ဂျက် .... ဘာတွေလုပ်နေတုန်း ....... အိမ်ထဲမှာ ငြိမ်လို့ .... ”
ကိုဂျောက်ဂျက်တစ်ယောက် အိမ်တွင်းမှ ဘုရားရှိခိုးနေသဖြင့် ပြန်မဖြေဘဲ ... ဆက်လက်ရှိခိုး ၀တ်ပြုနေသည်။
“ဟိုက် ... ဘယ်သူမှ မရှိဘူးထင်တယ် ..... ဗျို့ ... ကိုဂျောက်ဂျက် ..... မရှိဘူးလား ... ”
အဲ့ဒီတော့မှ ဂျောက်ဂျက်တစ်ယောက် ဘုရားဝတ်ပြုခြင်းကိုအဆုံးသတ်၍
ဂျောက်ဂျက် - “ရှိတယ်ဗျို့ ... ဘုရားရှိခိုးနေလို့ ..... ဘာလဲဗျို့ ... အထဲလာခဲ့ဦး”
ဘောက်ဖက် - “သြော် .... ကန်တော့ဗျာ ... ကန်တော့ .. ကျွန်တော်မသိလို့ .. တံခါးကြီးဖွင့်ပြီး အသံတိတ်နေလို့ ..... ဓါပြများ ၀င်စီးသွားသလားလို့ပါ ....”
ဂျောက်ဂျက် - “ငြိမ်နေတာလည်းဟုတ်တယ် ... ဓါပြ၀င်စီးသွားတာလည်းဟုတ်တယ် .....”
ဘောက်ဖက် - “လုပ်ပြန်ပြီ ... မြန်မာကို ဗမာလိုရှင်းအောင်ပြောဗျာ ...”
ဂျောက်ဂျက် - “မနက်စောစောစီးစီးဗျာ ... ဓါပြ၀င်စီးသွားတယ် ...... အကုသိုလ်များလိုက်တာ ..”
ဘောက်ဖက် - “ဟေ ... ဘယ်တုန်းကလဲ ..... ခင်ဗျားကဘာလို့ အသံမပြုတာလဲ ..... ဘာတွေပါသွားလဲ .... အန္တရာယ်မပေးသွားတာ .. ကံကောင်းတာပေါ့ ... ”
ဂျောက်ဂျက် - “အန္တရာယ်တော့မပေးဘူးဗျာ .. ကျိန်းသွားတယ် ... ကျူပ်ကို ကောင်းကျောင်းကျိန်းသွားတယ် ... ပြီးတော့ ငွေ ငါးရာ ပါသွားတယ်ဗျာ.... အဲ့ဒီငွေနဲ့စားပြီး ပိုက်နာပါစေဗျာ”
ဘောက်ဖက် - “ဟား .... ထူးထူးဆန်းဆန်းပါလား ..... ငွေငါးရာတည်းပါသွားတယ် .... ပြီးတော့ ဘာတွေကျိန်းသွားတာတုန်း”
ဂျောက်ဂျက် - “ဟုတ်ပါ့ ငါးရာတည်း .. ဒါတောင် ကျူပ်မနည်း ပြန်ပြီးချေပခုခံလိုက်လို့ဗျာ .... တောင်းတာက ၂၀၀၀ တဲ့ .... ကျူက်ကို ကျန်းသွားသေးတယ် ..”
ဘောက်ဖက် - “အေးဆို .. ဘယ်လိုကျိန်းတာတုန်း .. ထူးဆန်းလိုက်တဲ့ ဓါပြ .. တစ်ခါမှ မကြုံဖူးပေါင် .. ကျူပ်ဒီမှာနေလာတာ ကြာလှပြီ တစ်ခါမှ ဓါပြတိုက်တာ မကြားဖူးဘူး .. သက်ဆိုင်ရာကို အကြောင်းကြားလိုက်ပါလား ... ”
ဂျောက်ဂျက် - “ဆုံးအောင် နားထောင်ဦး ... ကျူပ်ကို ဒီလိုကျိန်းသွားတာ ... ခင်ဗျားကို ဥက္ကဌနဲ့တိုင်မယ်တဲ့ဗျာ ..”
ဘောက်ဖက် - “ဟေ ... ဘယ်နဲ့ .. ဓါပြမှာ ဥက္ကရှိသေးသလား ....”
ဂျောက်ဂျက် - “ရှိတယ်ဗျို့ .. လမ်းထိပ်က ထိပ်ပြောင်ပြောင်နဲ့ ဥက္ကဌကိုပြောတာ .... ရပ်ကွက်ဥက္ကဌ ....”
ဘောက်ဖက် -“ဟင် ... ရက်ကွက် ဥက္ကဌက ဓါပြတိုက်တယ် .. ဘယ်လို .. ဘယ်လို .. ရှင်းပါဦးဗျာ .. ခင်ဗျားလုပ်လိုက်ရင် ရှုပ်နေတာပဲ”
ဂျောက်ဂျက် -“ကျူပ်က ရှုပ်တာမဟုတ်ဘူး .. သူတို့က ရှုပ်တာ ..... မနက်စောစောစီးစီးဗျာ .. အိမ်မှာလာပြီးတော့ ရပ်ကွက်ထဲက လူတွေကော .. ပြီးတော့ဗျာ .. ဘာတဲ့ .. ခြေနီကောင်ဆိုလား .... ဘာဆိုလား .... သူတို့ခြေထောက်တွေတော့ မနီပါဘူး .. မည်းတူးနေတာပဲ”
ဘောက်ဖက် -“ကြက်ခြေနီလုပ်ပါ ...”
ဂျောက်ဂျက် -“အေးအေး .. ထားပါတော့ သူတို့တွေပေါ့ .. ၅ ယောက်လောက်ရှိတယ် ... လက်ထဲမှာလည်း ရေဘူးကြီးနဲ့ ... ကျူပ်တို့ရွာမှာ လယ်တွေကိုဆေးဗျန်းတဲ့ ဘူးကြီးမျိုး ... ကျူပ်ကိုတွေ့တော့ ..... အကိုတဲ့ ရပ်ကွက်က သွေးလွန်တုပ်ကွေး ကင်းရှင်းရေး စီမံချက်အတွက်တဲ့ ဆေးဖျန်းမလို့ပါတဲ့ ... ငါကလည်း သြော် .. အေးကောင်းတာပေါ့ကွာ .. ဖျန်းဖျန်းဆိုပြီး ခွင့်ပြုလိုက်တယ် .... ဒါနဲ့ပဲ အိမ်ထဲဝင်တယ် ... ဟိုဂျောင်ထဲသွား .. ရှလွတ် .. ရှလွတ် .. ဒီဂျောက်ထဲသွား .. ရှလွတ်ရှလွတ်နဲ့ ဖျန်းပြီး ပြန်ထွက်လာရော ..... ပြီးတော့ အကိုတဲ့ စီမံချက်ရန်ပုံငွေအတွက်တဲ့ အလှူငွေလေးထည့်ပါတဲ့ .... ကျူပ်ကလည်း နေဦး .. ကျူပ်ဂျီးတော်ကိုမေးလိုက်ဦးမယ်ဆိုပြီး သွားမေးတော့ ငါးရာတန်တစ်ရွက်ကို တုန်တုန်ရင်ရင်နဲ့ ထုတ်ပေးတယ် ..... ကျူပ်ကလည်း အဲ့ဒါယူပြီး ရော့မောင်ရင် အလှူငွေဆိုပြီးပေးလိုက်တော့ ဘာပြောတယ်မှတ်လဲ”
ဘောက်ဖက် -“ဘာတဲ့လဲ ..”
ဂျောက်ဂျက် -“အကိုတဲ့ .. ၅ ရာမရဘူးတဲ့ ၂၀၀၀ ထည့်ရမယ်တဲ့ ..... ငါလန့်သွားတာပေါ့ .. ပြောတော့အလှူငွေတဲ့ ... ငါးရာထည့်တာမရဘူး .. ၂၀၀၀ ထည့်ရမယ်ဆိုပဲ ... ကျူပ်ကလည်းဘယ်ရမလဲ .. သိတယ်မလား ... ရွာသားပဲ .. ဘာဖြစ်လို့ ၂၀၀၀ ထည့်ရမှာလဲ ... အလှူငွေဆို .. စေတနာရှိသလောက်ထည့်မှာပေါ့ဗျာ့ .. မထည့်နိုင်ပါဘူး ...”
ခြေနီကောင် -“အကို ... ဒါရပ်ကွက်က သတ်မှတ်ထားတဲ့ စည်းကမ်းဗျာ့ ..... မထည့်လို့မရဘူး .. ထည့်ရမယ်”
ဂျောက်ဂျက် -“ဟေ့ကောင် မထည့်ဘူးကွာ .. မထည့်နိုင်ဘူး ... တောသားဆိုပြီး လာလူလည်ကျတာလား .. ရှင်းရှင်းပဲပြောမယ် .. ငါ့ဂျီးတော်မို့ မင်းတို့ကို ၅၀၀ ပေးတာ .. ငါဆိုရင် ၁ ပြားမှမပေးဘူး .... ဘာလဲကွာ .. စီမံချက် .. လူသိရှင်ကြားလုပ်ပါလား .... ကြော်ငြာပါလား .... ဒီမှာ ကျူပ်တို့ ရွာက အလှူပွဲတောင်လေ ... စည်းစနစ်ရှိတယ်ဗျာ .... ပွဲပြီးရင်တောင်စာရင်းကို တိတိကျကျ စာရင်းရှင်းရတယ် ... အဲ့ဒီ ၅၀၀ ယူချင်ယူ .. မယူချင်နေ .. မင်းတို့ မယူရင် ငါလဘ္ကက်ရည်သွားသောက်ပစ်မယ် ... ဒါပဲ ..”
ခြေနီကောင် -“ခင်ဗျားကြီးမှတ်ထား .... ပြီးမှ စာရင်းရှင်းမယ် .. တစ်ခြားအိမ်တွေ ကျန်နေသေးလို့ ... ခင်ဗျားကို ဥက္ကဌနဲ့ တိုင်မယ် .... သွားမယ် ဟေ့ကောင်တွေ”
ဂျောက်ဂျက် -“ဘာလဲ ... ပိုက်ဆံမယူဘူးလား ... ”
ခြေနီကောင် -“ယူမှာပေါ့ဗျာ ... ပေး ... ”
ဆိုပြီးဆွဲသွားတာဗျာ ..... ကျူပ်တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဖူးဘူး .... လက်နက်မပါပဲ တိုက်တဲ့ ဓါပြ ဒီတစ်ခါပဲတွေ့ဘူးသေးတယ် ...
ဘောက်ဖက် -“အောင်မြတ်လေး ... ဘာများလဲလို့ .. ဒါများဗျာ ... ကျူပ်တို့ဆီမှာ ရိုးနေပြီ ... ဥက္ကဌကိုပဲကြည့် ဘာလို့ထိပ်ပြောင်နေလဲသိလား ....ဓ
ဂျောက်ဂျက် -“အမ် .. သူ့ထိပ်ပြောင်တာ ကျူပ်ဘယ်လိုလုပ်သိမတုန်းဗျာ့ ...”
ဘောက်ဖက် -“ပြောပြမယ် ... ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်လပြည့်နေ့မှာ ကျူပ်တို့တတွေ နိဗ္ဗာန်ဈေးလုပ်တယ်ဗျာ .. အဲ့ဒီမှာ စတိုးဆိုင်တစ်ဆိုင်က ဆိုင်ကပစ္စည်းတွေကို ထုတ်ပြီး ကုသိုလ်လုပ်တယ် ... အဲ့ဒီထဲမှာ ခေါင်းလျှော်ရည်ထုပ်လေးတွေပါတယ်ဗျာ ...... ပွဲလုပ်တဲ့အချိန်ကျတော့ ဥက္ကဌက အဲ့ဒီမဲတွေကို တစ်ဝက်ပဲပေးပြီး ဖျောင်ထားတယ် ..... နောက်နေ့လည်းကျရော .. အဲ့ဒါနဲ့ ခေါင်းလျှောင်တော့တာပဲ .. ဘယ်လောက်များလဲဆိုရင် သူထိပ်တောင်ပြောင်တယ်ဗျာ ..... ဒါပဲကြည့်”
ဂျောက်ဂျက် -“သြော် .... ဒါကြောင့်ကို .. သူလည်း လူတော်ထဲက လူတော်ပါပဲဗျာ ...... မှတ်သားစရာပဲ .... ”

Read More...

Friday, November 30, 2007

သံဝယ်၊ ကြေးဝယ်သူတွေ သတိထား

ကိုဂျောက်ဂျက်တစ်ယောက် .... ကြီးတော် နေမကောင်းလို့ အိမ်မှာ သန့်ရှင်းရေးတွေလုပ်တုန်း ...... သံတိုသံစ၊ ပလပ်စတစ်ဘူးခွံများစွာထွက်လာလေသည်။ ၄င်းတို့အား ငွေဖြစ်စေရန်အတွက် သံဝယ် ကြေးဝယ်သော ကုလားအား ရောင်းရန်အကြံရလိုက်သည်။ လောကမှာ အမိုက်ဆိုတာမရှိ ... သူနေရာနဲ့ သူသုံးတတ်ရင် တန်ဖိုးရှိတာချည်းပဲ ဟု ကုလားတစ်ယောက်က သူ့ကိုပြောဘူးသည်။ မှန်ပါသည် ... မည်သည့်အရာမဆို ကိုယ်မလိုမှ အမိုက်ဖြစ်သည် ..... ကိုယ်လိုအပ်ပါက တန်ဖိုးရှိသောအရာဖြစ်သည် ... တစ်ခါတစ်လေ .. တန်ဖိုးရှိသော အရာသည်လည်း ကိုယ်မလိုအပ်တော့သဖြင့် အမှိုက်ဖြစ်သွားနိုင်သည်။ ဥပမာ ... ကိုယ့်ခေါင်းပေါ်က ဆံပင်လေးတွေကိုပဲကြည့် .... ကိုယ့်အတွက် အင်မတန်မှ တန်ဖိုးရှိသောအရာ ... အထူးသဖြင့် အမျိုးသမီး၊ မိန်းကလေးများ။ အချို့သော မိန်းကလေးများသည် မိမိခေါင်းပေါ်မှာ ဆံပင်များလှပကျော့ရှင်းစေရန်အတွက် ပိုက်ဆံများအကုန်ခံ၍ ဖြောင့်၊ ကောက်၊ လျှော်၊ ပေါင်း၊ လိပ် ကြကြောင်း ... ကိုဘောက်ဖက်ပြောပြ၍ သိရသည်။ တစ်ချို့ဆိုရင် တိုနီဆိုလား ဘာဆိုလား မသိပါဘူး .. အဲ့ဒါနဲ့ လျှော်တာတဲ့ ... ကောင်းမကောင်းတော့မသိပါဘူး ..... သတို့အိတ်ထဲက ပိုက်ဆံကတော့ အထွက်ကောင်းမှာသေချာတယ် .. ဟိ (သယ်ချင်းရေ .. ခွေးလွတ်ပါ .. တိုက်ဆိုင်သွားလို့ ... ဟီး ဂျောက်ဂျက်ပြောခြင်းမဟုတ် .. မိုးတိမ်ဝင်ပြောပါသည်) အကယ်၍များ ဤအလွန်တန်ဖိုးထားသော ဆံပင်က ထမင်းစားနေတုန်း ထမင်းပုဂံထဲရောက်သွားပါက အလွန်ရွံ့ရှာ၍ အမှိုက်ဖြစ်သွားပေလိမ့်မည် ... ကိုယ့်ခေါင်းပေါ်က ဆံပင်တောင်အဲ့ဒီလောက်ဖြစ်နေရင် သူများဆံပင်ဆိုပိုဆိုး ... ဒါလူ့သဘာဝ .. လူ့စိတ်ပင်တည်း ..... ကိုဂျောက်ဂျက်တစ်ယောက် တော်တော်တရားပေါက်သွားပြီ ... သို့သော် ဆံချ၍လည်း ဘုန်းကြီးမ၀တ်ချင် ... အဘယ်ကြောင့်ဆိုသော် .. ဘုန်းကြီးဝတ်လိုက်လျှင် ၀ီးချဲလ် (လမ်းမလျှောက်သောလူနာ ထိုင်စီးသောလှည်း) ဖြင့် သွားလာရမည်စိုးသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် .... မြန်မာနိုင်ငံ၌ ဘုန်းကြီးများ၊ သံဃာများ လမ်းမလျှောက်ရသောကြောင့်ဖြစ်သည်။ ...... ဒီလို ဟိုဟိုဒီဒီ ပေါက်တတ်ကရတွေ စဉ်းစားရင်း အချိန်ပင် အတော်ကုန်သွားပြီ .... ခါတိုင်း တစ်နေ့ကို ၂၇ ခေါက်လောက်လာသော သံဝယ် ကြေးဝယ်ကုလားမှာ ထူးဆန်းစွာပင် ပေါ်မလာ ... ပေါ်မလာနိုးနိုး မျှော်ကိုးနေရလို့ ဂျောက်ဂျက်လည်း ရှည်လာလေပြီ ... (လည်းပင်း)။ ဒီအချိန်မှာ နောင်ကြီး ဘောက်ဖက်ရောက်လာသည်။ အိမ်ရှေ့မှ ချထားသော ကိုဂျောက်ဂျက်ရောင်းမည့် အထုပ်ကိုမြင်သော် ... “ဟေ့လူ ... ဘာလုပ်ဖို့လဲဗျာ ... ဒီအထုပ်ကြီးက ...“
ဂျောက်ဂျက် - “အေးဗျာ ... လက်ဘက်ရည်ဖိုး ... ဆေးလိပ်ဖိုး ... ဘီယာဖိုးလေးရမလားလို့ ကုလားကို စောင့်နေတာ ... ခါတိုင်း တစ်နေ့ကို အခါနှစ်သိန်းလောက်လာလာအော်နေတာ .... ဒီနေ့ပေါ်မလာလို့ မျှော်နေဗျို့ ....”
ဘောက်ဖက် - “သြော် .... ခင်းဗျားက ဒီသတင်းမကြားသေးဘူးကို”
ဂျောက်ဂျက် - “ဘာလဲဟင် ... ဖြစ်ဖစ်လို့ရဲ ... ရင်တွေတုန်လာပြီ ..... ဘယ်သူက ဘယ်မှာ ဘာတွေ ဖြစ်ပြန်တာတုန်း ....”
ဘောက်ဖက် - “တိုးတိုးနေ .. ပြောပြမယ် .. ဒီလိုဗျာ ... တစ်လောကလေ .... ယမမင်းကြီးက ... သူ့ငရဲပြည်မှာ ငရဲသားတွေထပ်ရောင်လာမှာမို့ .. သူ့ဒယ်အိုးက မဆန့်ဘူးတဲ့လေ ..... အဲ့ဒါကြောင့် အမိန့်ထုတ်လိုက်တယ် ငရဲထိန်းတွေ .. ငရဲမင်းဘီအေတွေ ... ငရဲကြပ်တွေ .... ငရဲဗိုလ်ကြီးတွေအကုန်လုံး လူ့ပြည်ဆင်းပြီး သံတွေဝယ်စုရမယ်တဲ့ .... အဲ့ဒါကိုဗျာ .. ဟိုလူစု ဘယ်လိုသတင်းရတယ်မသိဘူး .... သံလိုက်ဝယ်တဲ့ လူတွေအားလုံးကို ငရဲမင်းလွတ်တဲ့လူဆိုပြီး လိုက်ဖမ်းနေတယ်ဆိုပဲဗျာ .... ”
ဂျောက်ဂျက် - “ဟေ .............. ဟုတ်လား .. အောင်မြတ်လေး ... မောင်မင်းကြီးသား ကံကောင်းပေးလို့သာပေါ့ ... ကိုဘောက်ဖက်ကယ်ပေလို့ မဟုတ်လို့ကတော့လေ .. ကျူပ် အသက်ကြီးခါမှ အင်ဂျင်နီယာကျောင်း သွားတက်ရဦးမယ် ဟုတ်မှာပါ ..... သတင်းကပေါက်မှာပေါ့ ... ငရဲမင်းနားမှာ ဘီအေတွေ၊ ငရဲကြပ်တွေ၊ ငရဲထိန်းတွ၊ ငရဲဗိုလ်တွေရှိနေတာကိုးဗျာ ......... ကံကောင်းပေလို့သာပေါ့ ... ကျေးဇူး ယူပီဂျီ ... အဲလေ .. ကျေးဇူး ကိုဘောက်ဖက် ... ကျေးဇူးဗျာ ... ”
ဘောက်ဖက် - “ရပါတယ်ဗျာ ... ကိစ္စမရှိပါဘူး .. အချင်းချင်းတွေပဲ ... ကယ်ရတာပေါ့ .. နို့နေပါဦး .. ခင်ဗျားအထုပ်ထဲက ကျူပ်အသုံးဝင်တာလေးများရှိမလားလို့ နှိုက်လိုက်ဦးမယ် .. ဟီး ......”
ဂျောက်ဂျက် - “နှိုက်စေဗျာ ...... ဖြေးဖြေးတော့နှိုက်နော် ... ပြီးရင် ပိုက်ဆံပေးသွားဦး ...”
ဘောက်ဖက် - “အမ် .. ဘာလို့တုန်း ... ဘာဖြစ်လို့ဖြည်းဖြည်းနှိုက်ခိုင်းတာတုန်း ပြီးတော့ ခင်ဗျားအတွက်မှအသုံးမ၀င်တော့တာ ...”
ဂျောက်ဂျက် - “အို .... ခင်ဗျားကလည်း ... အသံမြည်ရင် ကြီးတော်နှိုးသွားမှာစိုးလို့ဗျာ ...... ပြီးတော့ ခင်ဗျား ဆံပင်ဖြောင့်တယ်လို့ပဲသဘောထားလိုက် ... ကြိုက်တာတွေ့ရင် ဆေးလိပ်ဖိုးတော့ပေးခဲ့ ... ဟီး ...”
ဘောက်ဖက် - “တင့်ပါ့ဘုရား ... အဲလေ .... ဟုတ်ပါပြီ ... တကတည်း .. ဖြစ်နေလိုက်တာ ....... ငါ့အိမ်က ကြက်ဆူဆီကြိတ်တဲ့စက်တောင် ဘယ်ကုလားဆီ ပိဿာချိန်နဲ့ ရောင်းရမလဲစဉ်းစားနေတာ ....”
ဂျောက်ဂျက် - “မထူးပါဘူး ... မင်း ပြည်သူ့ဆောက်လုပ်ရေးဌာနက လမ်းတံတားဆောက်လုပ်ရေးမှာ လှူလိုက်တော့ ကျောက်ခဲကျိတ်ရအောင်လို့ .......”
ဘောက်ဖက် - “တော်ပါဗျာ ... ဒီကောင်တွေ ကျောက်ခဲမကျိတ်ဘဲနဲ့ အိမ်တစ်လုံးရပြီဆိုပြီး ၀င်အိပ်နေဦးမယ် .... ဒီကောင်တွေလည်း အတူတူပဲ ... နည်းနည်းရ များများယူမယ့်ကောင်တွေ ... ”
ဂျောက်ဂျက် - “ဟုတ်ပါ့ .. နောင်ကြီးရေ ... ကျူပ်ကြီးတော်တောင် မနည်းဖွက်ထားရတယ် ... ဟား .. ဟား .. ”

Read More...

ဘုမပါတဲ့ စာရွက်ကြီး

ကိုဘောက်ဖက်တစ်ယောက် နေသိပ်မကောင်းလို့ အိမ်ရှေ့မှာ ဇိမ်ယူနေတုန်း သတင်းစာရောင်းတဲ့ ကောင်းလေးတစ်ယောက် ပါစပ်ကနေ “သတင်းစာထဲမှာ သတင်းထူးတွေပါတယ် ...... ထူးဆန်းတဲ့လူသတ်သမားနဲ့ ကမ္ဘာ့လိပ်ကြီးတွေရဲ့ သတင်းတွေပါတယ် ... ၀ယ်ကြဦးမလား .... ” လို့ အော်ပြီးဖြတ်သွားတယ် ..... အဲ့ဒါကို ကိုဘောက်ဖက်ကကြားပြီး ... “ ... ဟင် .. ထူးထူးဆန်းဆန်း သတင်းပါလား ... ၀ယ်ဖတ်ကြည့်ဦးမှပဲ ..... ကောင်လေး ... ဟို သတင်းစာရောင်းတဲ့ကောင်လေး ...” လို့အော်ခေါ်လိုက်တယ် .... သတင်းစာရောင်းတဲ့ ကောင်းလေးကလှည့်ကြည့်ပြီးတော့ .. “ဟိုသတင်းစာမရောင်းဘူးဗျာ့ ... ဒီသတင်းစာပဲရောင်းတာ .... နောင်ကြီး ၀ယ်မလို့လား ...” ..... “မင်းကို ခေါ်တာ ၀ယ်မလို့မဟုတ်ရင် ဓါပြတိုက်မလို့လား ..... စကားကိုရှည်တယ် .. လာခဲ့” အဲ့ဒီအချိန်မှာပဲ ကိုဂျောက်ဂျက်တစ်ယောက်လည်း အိမ်ပေါက်ဝရောက်လာတယ် ..... “အတော်ပဲ ... ကျူပ်လည်း ထူးထူးဆန်းဆန်းမို့ ၀ယ်ဖတ်မလို့ဗျာ့  ... ခုတော့အဆင်ပြေသွားပြီ ..... တစ်ယောက် တစ်ဝက်ဗျာ ... ” .....
ဘောက်ဖက် - “ကောင်းတာပေါ့ဗျာ ... ကောင်လေး .... ဘယ်လောက်လဲကွ တစ်စောင်ကို ... ”
ကောင်လေး - “ ၁၅၀ ပါအကို ....”
ဘောက်ဖက် - “ဟ ..... မင်းဟာက ဈေးမကြီးဘူးလား ...... ”
ကောင်လေး - “ဒီမှာအကို ... မှတ်ထား .... သတင်းစာထဲက သတင်းကသာမမှန်သာ ... ကျွန်တော်ရောင်းတဲ့ဈေးက အမှန်ဗျာ့ ... အမှန် ...... ကျွန်တော့်နာမည်ကိုက ဘုကြီးတဲ့ ..”
ဂျောက်ဂျက် - “ဟား ... ပြေားချက်ကတော့ ကောင်းတယ်ကွာ ... နေပါဦး .. ဘုကြီးနဲ့ မှန်တာနဲ့ ဘာဆိုင်လို့တုန်း ... ”
ကောင်လေး - “အကိုကလည်းဝေးပါ့ ... ဘယ်မှာနေတာလဲ .....”
ဂျောက်ဂျက် - “ဒီမယ်လေ .. ဒီဘေးမှာ .. မဝေးပါဘူး ..”
ကောင်လေး - “ဘုကြီးဆိုမှတော့ မှန်ပြီပေါ့ဗျာ ... မှန်လို့ပဲ ဘုကြီးပေါက်လာတာပေါ့ ......”
ဘောက်ဖက် - “သြော် .. သြော် ... မင်းကိုတော့လေးစားပါတယ်ကွာ .. သတင်းစာမရောင်းနဲ့ .. သတင်းစားပဲရေးစားပါတော့လား ... ပေးပါ တစ်စောင့် ရော့ ... ၁၅၀ ... ”
ကောင်လေး - “ကျွန်တော်က သတင်းစားရောင်းချင်လို့မဟုတ်ဘူး ... ၀ါသနာပါလို့ ... အမှန်က ဆရာပြောသလို သတင်းစားဆရာဗျာ့ ... ရေးချင်တာရေးမရတာ ကြာလာလို့ သတင်းစာထရောင်းတာဗျာ့ .. ရော့ တစ်စောင် .... ဘုမပါတဲ့ သတင်းစာ” လို့ပြောပြီး ထွက်သွားတယ်။
ဘောက်ဖက် - “လုပ်ပြန်ပြီ ... ဘာလဲဟ ဘုမပါတဲ့သတင်းစား .... ဟုတ်တော့လည်း ဟုတ်ပါတယ် .. သတင်းစာက အပြားကြီးကို ...”
ဂျောက်ဂျက် - “စကားလုံးငှားသုံးလိုက်ဦးမယ် ... ခင်းဗျားကလည်းဝေးပါ့ဗျာ ... ဘယ်မှာနေတာလဲ”
ဘောက်ဖက် - “ခင်ဗျား အိမ်ဘေးမှာလေ ...”
ဂျောက်ဂျက် - “သိသားပဲ ... အမြင်ကပ်လို့ကိုမေးတာ .. အလိုက်တာ .. ဘုမပါတော့ မမှန်ဘူးပေါ့ ... မမှန်တော့ ဘုမပေါက်ဘူးပေါ့ ... ဒါကိုပြောတာ ...”
ဘောက်ဖက် - “ဟင် .. ဒါဆို .. ဒီသတင်းစားကြီးက ... အင်ကြီးပေါ့ ....”
ဂျောက်ဂျက် - “မဟုတ်ဘူး .... မိတ်အင် ချိုင်းနား ... အတု ... ”
ဘောက်ဖက် - “သြော် ..... ပညာရှိစကား .. မှတ်သားထားဦးမှပဲ ... မိတ်အင်ချိုင်းနားက အတုတဲ့ ..... ဘာပဲပြောပြောဗျာ ပိုက်ဆံနဲ့ ၀ယ်ထားတာ အကျိုးရှိအောင်တော့ သုံးရမယ်ဗျို့ .. မှန်းစမ်းအနောက်ကနေ ဖတ်မယ် ... ”ဆိုပြီး သတင်းစာအခေါက်လေးအတိုင်း နောက်ကိုကြည့်လိုက်တယ်။ တွေ့လိုက်ရတဲ့စာသားက “လေလိုင်းပေါ်က လူသတ်သမား ... ပြည်သူအားလုံးသတိထား ... ”
ဘောက်ဖက် - “ဟိုက် ..... တရုပ်တွေရွာထဲ ... အဲလေ .. မြို့ထဲဝင်လာပြီထင်တယ်”
ဂျောက်ဂျက် - “ဟင် .. ဘာဖြစ်လို့လဲ ... ဘာလို့ တရုပ်ကမြို့ထဲကို ၀င်လာတာတုန်း .. ပြပါဦး .. ”
ဘောက်ဖက် - “ဒီမှာကြည့်လေ .. လေလှိုင်းပေါ်က လူသတ်သမားတဲ့ ...... ဒါ တရုပ်သိုင်းကားတွေထဲက လူဆိုးတွေ မြို့ထဲဝင်လာတာပဲဖြစ်လိမ့်မယ် .... အဲ့ဒီကောင်တွေကစွမ်းတယ်ဗျာ ... လက်လေးလှုပ်လိုက်တာနဲ့ သစ်ပင်ကြီးတွေ ... ကျောက်ဆောင်ကြီးတွေ ပြိုကုန်ရော ..... သိုင်းကားတွေထဲမှာ ကျူပ်ကြည့်လိုက်ရတယ် ...”
ဂျောက်ဂျက် - “အာ .. ပေါက်ပေါက်ရှာရှာ .... စာကို အစကနေမဖတ်ဘဲနဲ့ ဘာတွေ လျှောက်ပြီး ယုန်ထင်ကြောင်ထင် ထင်နေတာတုန်း .... အပေါ်ကိုလည်းကြည့်ဦး .. ဘယ်သိုင်းသမားတွေလဲလို့ ... အဲလေ .. ဘာတွေလဲလို့ .. ”
ဘောက်ဖက် - “ကော့ကျင့်လိမ်နေသည်၊ ဖုန်းက ညှာနေသည်၊ ယွင်က ရန်တိုက်ပေးနေသည် ... တဲ့ ... အဲလေ .. ခင်ဗျားလုပ်တာနဲ့ ရောကုန်ပြီ ... ဘာတဲ့ .... လှည်းထောက်တွေရော .. ဘုလုံးတွေရော .... ၀လုံးတွေရော ကျွန်တော်မသိဘူးဗျာ့ ......”
ဂျောက်ဂျက် - “သြော် ... သဘောပေါက်ပြီ .... သဘောပေါက်ပြီ ...”
ဘောက်ဖက် - “ဘာလဲဟင် .. ဘာကိုပြောတာလဲ”
ဂျောက်ဂျက် - “အဲ့ဒါ ယတြာချေထားတာပေါ့ ... ကျူပ်တို့ရွာမှာဆိုရင်ွာိးုင်ကြီး အနာပေါက်ရင် လှည်းထောက်တွေကို သစ်ပင်အောက်မှာထားပြီးတော့ ယတြာလုပ်ပေးရတယ်ဗျာ့ ... အဲ့ဒီလိုနေမှာ ”
ဘောက်ဖက် - “သြော် .. လက်စသတ်တော့ နွားအိုးကြီးဖင်မှာ အနာပေါက်နေတာကို ယတြာလုပ်တာကိုး ...... နေဦးဗျာ့ .. ခုနက ဟိုကောင်လေးအော်တာ .. ကမ္ဘာလိပ်ကြီးတွေအကြောင်းပါတယ်ဆို .... ရှာကြည့်ဦးမယ် ....” ဆိုပြီး သတင်းစာကို တရွက်ချင်းလှန်ရှာတယ် ... စာမျက်နှာသာကုန်သွားတယ် .. လိပ်ဆိုတဲ့စာလုံး တစ်လုံးမှ မတွေ့ .. “ဟင် .... ဘာလိပ်မှလည်း မပါဘူး ... ကိုဂျောက်ဂျက် ... ခင်ဗျား ရှာကြည့်ဦး ....ရော့”ဆိုပြီး ကိုဂျောက်ဂျက်ကို သတင်းစားလှမ်းပေးလိုက်တယ် ... ကိုဂျောက်ဂျက်ကလည်း သတင်းစာကို ထုံးလိုမွေ ရေလိုနောက်အောင် ဖင်ပြန်ခေါင်းပြန် အပေါ်ပြန်အောက်ပြန် ဘယ်ပြန်ညာပြန် ရှာသည် .... “ဟား .. ခေါင်းမူးလာပြီ .. ဒါလား သတင်းစာ ..... အမေလေး .. မူးလိုက်တာ ရှုပ်နေတာပဲ ..... ကျူပ်တို့ ရွာထိပ်က မကျည်းပင်ကအရွက်တွေတောင် ဒီလောက်မရှုပ်ဘူး ....... မတွေ့ဘူးဗျို့ .. ဟိုကောင်လေး .. ညှာရောင်းသွားတာထင်တယ် ... ပြောတော့ ဘုကြီးတဲ့ ... မှန်တယ်တဲ့ ...” အဲ့ဒီအချိန်မှာပဲ .. အိမ်ရှေ့မှ .. “ သတင်းထူးတွေပါတယ် .... ထူးထူးဆန်းဆန်း လူသတ်သမားနဲ့ ... ကမ္ဘာလိပ်ကြီးအကြောင်းတွေပါတယ် ...” ဆိုတဲ့အသံကို ကြားပြန်တယ် .... “ဟား .. ကိုဘောက်ဖက် .. ဟိုကောင် .. လူလိမ်ဘုကြီး .. ခေါ်ခေါ် အဲ့ဒီကောင်ကိုခေါ် ... ဒီလို မမှန်မကန်လုပ်တာကို မကြိုက်ဘူး .. ဒီကောင့်ကို ဆုံးမရမယ် ... ”
ဘောက်ဖက် က အိမ်ရှေ့ကိုထွက်ပြီး ... “ဟဲ့ကောင် .. ဘုမပါတဲ့ကောင် လာစမ်း ..... လာစမ်းပါဦး .. ရှင်းစရာရှိလို့ ...”
ဘုကြီး - “ဘာလဲဗျာ ...... ဘုကြီးဗျာ့ .. ဘုကြီး .. ဘာဘုမပါတဲ့ကောင်လဲ .. လူကိုများ ..”
ဂျောက်ဂျက် - “အောင်မယ် .... မင်းကများပြန်ပြောရတယ်ရှိသေး .... ဒီရွာသားအကြောင်းသိသွားမယ် ... မင်းဘာလို့ လိပ်အကြောင်းမပါပဲ .. ပါတယ်လို့ ...... လိမ်ရောင်းတာလဲ ... မင်းနာမည်နဲ့မလိုက်လို့ သူက ဘုမပါတဲ့ကောင်လို့ခေါ်တာ ဘာဖြစ်လဲ ... ဟေ့ကောင် .. ငါတို့ပိုက်ဆံပြန်ပေး .. ရော့မင်းသတင်းစား ....” စိတ်ပေါက်ပေါက်နဲ့ ဂျောက်ဂျက်ကထပြောလိုက်တော့ ဘုကြီးက “လုပ်ပြန်ပြီ .... ခင်ဗျားတို့က နီးနီးလေးနဲ့ ဝေးတောကိုး .... ခင်ဗျားတို့ကိုမေးမယ် ... လိပ်တွေက ရေကူးရင် ဘယ်လိုယက်ကြလဲဗျာ ..”
ဂျောက်ဂျက်+ဘောက်ဖက် - “ကိုယ့်ဘက်ကိုယ်ယက်တာပေါ့ကွ .... ဒါလေးများ ..”
ဘုကြီး - “အေးလေဗျာ ... ကျူပ်ပြောချင်တာလဲ ဒါပဲ .. ဒီထဲမှာ ကမ္ဘာပေါ်မှာ ကိုယ့်ဘက်ကိုယ်ယက်တတ်တဲ့ အကြီးစား သတ္တ၀ါတွေအကြောင်းပါတယ်လို့ပြောတာ ... ပြီးတော့ အရေးကြုံရင် ခေါင်းလေးဝင်သွား တတ်သေးတယ်ဗျာ့ ..... သူတို့ဘက်မှသူတို့မယက်ရင် သူတို့ကို ဘယ်သူမှယက်ပေးမှာမဟုတ်တော့ဘူး ... ကိုယ့်ကောင်းကြောင်းကိုယ်မှမပြောရင် ဒီလူတွေ ပုတ်နေတာကြာပြီ .. ဒါကိုပြောတာ ... ခင်ဗျားတို့ တော်တော်ပိန်းတာပဲ ....... ရော့ ၆လစာ ... အဲလေ .. ရောင်လို့ ... သွားပြီဗျို့” ဟုပြော၍ ထွက်သွားလေသည်။
ဂျောက်ဂျက်+ဘောက်ဖက် - “ဟိုက် .... လေးစားပါဘိ မဟာပညာရှိကြီးရယ် .........”
ဂျောက်ဂျက် - “ဟင်း စေားစေားစီးစီး ငွေ ၇၅ ကျပ်က အကျိုးမရှိဖြစ်တော့မှားလား .... မတန်ပါဘူးကွယ် ...” လို့ပြောတော့ ဘောက်ဖက်က ခဏလေးငြိမ်ပြီး စဉ်းစားနေတယ် .. ပြီးမှ .. “ဟုတ်ပြီ .. ကျူပ်အကြံရပြီ .. အကျိုးရှိအောင်သုံးမယ်ဗျာ ... ဟိုမှာကြည့် ... ခင်ဗျားအိမ်က မှန်ပြတင်းပေါက်ကို .. ဒီမှကြည့် ကျူပ်အိမ်က မှန်ပြတင်းပေါက်ကို ....”
ဂျောက်ဂျက် - “အေး .. မည်းနေတာပဲ .. ဖုန်တွေနဲ့ .... အဲ့ဒါဘာဖြစ်တုန်း .....”
ဘောက်ဖက် - “ခင်ဗျား .. တော်တော်ပိန်းတာကိုးဗျာ .. သတင်းစာက မှန်သုတ်ရင်အကောင်းဆုံး ... အပြောင်ဆုံးဗျာ့ ....”
ဂျောက်ဂျက် - “သြော် .. သိပြီ .. သိပြီ .. မေ့နေလို့ .. ဟုတ်သားပဲ .... ကျူပ်လုပ်နေကျအလုပ်ပဲဗျာ .. မလုပ်တာကြာလို့ မေ့သွားတာ ..... ရွာဦးကျောင်းမှာတုန်းက ဆရာတောကို မြို့က ဒကာတစ်ယာက် သတင်းစာလှူထားတာရှိတယ်ဗျာ့ .... တစ်ပတ်ကို အနည်းဆုံးတစ်ခါ .. တစ်ခါတစ်လေ နှစ်ခါလာပြီး သတင်းစားတွေလာလာလှူတယ်”
ဘောက်ဖက် - “ဟေ .. ဆရာတော်က သတင်းစားဖတ်တာ ၀ါသနာပါလို့လား”
ဂျောက်ဂျက် -“ဘယ်ကလာဗျာ .. သူ့ခဗျာသတင်းစားမဖတ်ပါဘူး .. ကျူပ်ကို မှန်သုတ်ဖို့ ပေးထားတာ ... ဟီး .. သူက သူ့ရေဒီယိုလေးနဲ့ငြိမ့်နေတာ .. ကျူပ်မှာတောင် သူ့စွန့်ထားတဲ့ အဟောင်းလေးတစ်လုံးနဲ့ အလုပ်ဖြစ်နေတာ .... ”
ဘောက်ဖက် - “သြော် ... ဘုမပါတဲ့ စာရွက်ကြီးတွေ အသုံးဝင်ပုံကတော့ လေးစားပါတယ် ... လေးစားပါတယ်”

Read More...

ဆိတ်ချေးတုံး သကြားဖြူး

နေ့လည်ခင်း နေပူပူ လူငိုက်ငိုက်အချိန်မှာ ကိုဂျောက်ဂျက်တစ်ယောက် ငိုက်ပျင်းပျင်း ပျင်းနေလေရဲ့ ... “၀ါး ...... ပျင်းလိုက်တာ ... ကိုဘောက်ဖက်ဆီသွားဦးမှပဲ ....... ”ဆိုပြီး ဘောက်ဘက်အိမ်ဆီကို ထွက်ခဲ့လေရဲ့ ... ဟိုရောက်တော့ တံခါးပိတ်ထားတယ် ... “ဟိုက် ... မရှိဘူးထင်ပါ့ ... ဒီလူဘယ်များသွားနေပါလိမ့် ...... ” ပြည့်လှည့်ထွက်မယ်ကြံတုန်း အိမ်ထဲကနေ အသံလေးတစ်သံကြားလိုက်တယ် ..... “ဝေး .. ဝေး .. ၀ါး .. ၀ါး .. ” အသံတွေ ... “ဟင် ..... ကိုဘောက်ဖက် စုန်းများပူးနေသလား ... ဝေး .. ဝေး .. ၀ါး .. ၀ါး .. နဲ့ ...... ”ဆို၍ အိမ်ရှေ့တံခါးကို သွားရောက်ခေါက်သည်။ “ဒေါက် ... ဒေါက် ... ကိုဘောက်ဖက် .... ကိုဘောက်ဖက် .. အထဲမှာ ရှိလားဗျို့ ..... ကိုဘောက်ဖက် ...” ... အထဲကအသံအနည်းငယ်တိုးသွား၍ တံခါးဆီသို့ ဦးတည်လာနေသော ခြေသံကို ကြားနေရသည်။ “ ဂျွီ .......... သြော် .... ကို ဂျောက်ဂျက်ပါလား ... လာလာ .. အတော်ပဲ ... ဟီး .. ပြစရာရှိတယ် .. လာ ... ”ဆိုပြီး အိမ်အတွင်းသို့ခေါ်သွားလေသည်။ ကိုဂျောက်ဂျက်အိမ်ထဲရောက်တော့ တံခါးကို ပြန်၍ ပိတ်လိုက်သည်။ “ဟိတ်လူ .... ခင်းဗျား .. အိမ်ထဲမှာ တံခါးပိတ်ပြီး ဘာမဟုတ်တာတွေ လုပ်နေတာလဲ ... မှန်မှန်ပြော ... ဘုရားမကြိုက်တဲ့အလုပ်တွေ မလုပ်နဲ့နော် ..... ”
ဘောက်ဖက် - “ အာာာာာ ... ဘာတွေလျှောက်ပြောနေတာလဲ .. အရေးထဲ .. ဘုရားဒကာနဲ့လာတွေ့နေပြန်ပြီ .... ဘာမှမဟုတ်တာမလုပ်ဘူး .... မဟုတ်တာ လုပ်ထားတဲ့လူတွေရဲ့ အကြောင်းကိုကြည့်နေတာ ... ရှူးတိုးတိုးနေ .. ကျူပ်ပြောပြမယ် .. ဟိုတစ်လောကလေ .. ဟိုလူကြီးရဲ့ သမီး မင်္ဂလာဆောင်တာ သိတယ်ဟုတ်လား .... တိတ်တိတ်ပုန်းဆောင်တာလေ ..... ဟိုနာမည်ကြီး လူကြီးရဲ့ သမီးလေ .....”
ဂျောက်ဂျက် - “အင် ... ကြားတယ် .... အဲ့ဒါဘာဖြစ်လဲ ... ”
ဘောက်ဖက် - “အဲ့ဒီ .. မင်္ဂလာဆောင် မှတ်တမ်းခွေကို ကြည့်နေတာ .... တိုးတိုးလုပ် ... ကြားသွားဦးမယ် ... အဲ့ဒီခွေကို မိတ်ဆွေတစ်ယောက်စီကရတာ .. ခက်တာက ကျူပ်ဆီမှာ ဗွီစီတီဖွင့်စက်မရှိဘူးလေ ... အဲ့ဒါကြောင့် လမ်းထိပ်က တီဗွီပြင်ဆိုင်က ကိုမြင့်ဦးကို အရက်တိုက်ပြီး ငှားလာတာ ... ခုကြည့်နေတုန်း .. ခင်ဗျား ရောက်လာတာပဲ ...... အစကပြန်ပြမယ် .. ခင်ဗျားလည်း မြင်ဘူးအောင်ပေါ့ ... ဒါမျိုးတွေက ရှားတယ် ... ကမ္ဘာပေါ်မှာကို ရှားတာ ....”
ဂျောက်ဂျက် - “ဟုတ်လား .. ဟီး .. ဒါဆို ၀ါသနာပါတယ် .. ပြ .... ပြ .. ကြည့်မယ် ”
အဲ့ဒီလိုနဲ့ပဲ နှစ်ယောက်သား အဲ့ဒီခွေကို ထိုင်ကြည့်ဖြစ်တယ် .... ဘာခွေလည်းဆိုတာ စာဖတ်သူသိမှာမို့ မပြောတော့ပါဘူး ..... ကဲ ... ခွေလည်းပြီးရော ...... ဂျောက်ဂျက်တို့က ထုံးစံအတိုင်း ... “ဟား ... ခင်ဗျားက မင်္ဂလာဆောင်ခွေဆို ... ဘာတွေလဲဗျာ .....”
ဘောက်ဖက် - “ဟုတ်တယ်လေ .. မင်္ဂလာဆောင်ခွေ .. ခင်ဗျားအမြင်ပဲဟာကို ..... ”
ဂျောက်ဂျက် - “ဟုတ်သလားဗျာ .... မသိပါဘူး .. ကျူပ်က ......... ဆိတ်ခြေးတုံးတွေကို သကြားဖြူးထားလို့ ပုရွက်ဆိတ်တွေ တက်နေတာလို့ ထင်နေတာ ...... ”
ဘောက်ဖက် - “ဟိုက် .... ခုမှပဲ ရှင်းတော့တယ် ...... ”

Read More...

Thursday, November 29, 2007

ဒီလူတွေလက်ထပ်မှာ ကမ္ဘာ့ပညာရှင်တွေ စက်ပစ္စည်းကို ရေနဲ့မောင်းလို့ ရအောင် မတီထွင်နိုင်ကြပါစေနဲ့ဘုရား

တန်ဆောင်မုန်းလပြည့်နေ့မှာ .... ကိုဂျောက်ဂျက်နဲ့ ကိုဘောက်ဖက်တို့နှစ်ယောက် ဘုရားသွားပြီး ၀တ်ပြုဖို့အတွက် ရွှေတိဂုံဘုရားကို ရောက်ခဲ့ကြတယ် ... ဘုရားဖူးပြည်သူတွေကလည်းအပြည့် ..... စည်းကားသလားမမေးနဲ့ ...... အရေးထဲ .. ဘုရားပေါ်မှာ ကိုဂျောက်ဂျက်ပျောက်လို့ ... ကိုဘောက်ဖက်ခဗျာ ... လိုက်လိုက်ရှာရတာအမော ..... ငေးတာကိုး ... ဟိုဟာတွေ့လည်းငေး ... ဒီဟာတွေ့လည်းငေး ..... ရွာသားလို့ကို မပြောရဘူး .... ဘုရားမုခ်ဦးမှာတုန်းကလည်း ခြင်္သေ့ကြီးနှစ်ကောင်ကို ထိုင်ရှိခိုးနေလို့ မနည်းဆွဲခဲ့ရတယ် .... ဘုရားပေါ်ရောက်တော့ လူတွေက ရင်ပြင်ပေါ်အပြည့် ... ရှိခိုးဖို့နေရာက မရဖြစ်နေတယ် ... နောက်ဆုံး ... အနောက်ဘက်မုခ်နားက တန်ဆောင်းမှာ နေရာလေးလွတ်နေလို့ အဲ့ဒီကနေပြီး ရွှေတိဂုံစေတီတော်ကြီးကို ရှိခိုးရတယ် ... အဲ့ဒီလို ဘုရားရှိခိုးတဲ့အခါမှာ ဂျောက်ဂျက်ဟာ ရွာဦးကျောင်းမှာတုန်းကလိုပဲ .... အာဗြဲကြီးနဲ့ အော်ကြီး ရှိခိုးပါလေရော ..... ဘေးကလူတွေက ၀ိုင်းကြည့်ကြတာပေါ့ ..... တော်သေးလို့ ဘုရားရှိခိုးသံမလို့ ... ဟိုအသံသာဆိုရင် သူ့ခဗျာ .... အင်းစိန် ဂျီတီအိုင်ထဲမှာ သွားအိပ်ရမှာ .......
နောက်ဆုံးရှိခိုးလို့ပြီးခါနီး ... ကိုဂျောက်ဂျက်က “ .... သတ္တ၀ါအပေါင်း ကျန်းမာ၊ ချမ်းသာကြပါစေ အရှင်ဘုရား၊ ဒီလူတွေလက်ထပ်မှာ ကမ္ဘာ့ပညာရှင်တွေ စက်ပစ္စည်းကို ရေနဲ့မောင်းလို့ ရအောင် မတီထွင် နိုင်ကြပါစေနဲ့ဘုရား” ဆိုပြီးတော့ ဆုတောင်းတယ်။
ကိုဘောက်ဖက်ကကြားတော့ ... “ဟေ့လူ .. ခင်ဗျားဆုတောင်းက တစ်မျိုးကြီးပါလား ..... ကျူပ်ကို ရှင်းပြပါဦး ... ဘာကို ရည်ညွန်းတာတုန်း ...”
ဂျောက်ဂျက် - “ဒီလိုလေဗျာ .... ကျုပ်တို့နိုင်ငံမှာ ဒီလောက်ပေါများနေတဲ့ CNG သဘာဝဓါတ်ငွေ့တွေ အစတုန်းက ပေါပေါလောလောရတယ်မဟုတ်လား .... သူတို့တတွေခုတော့ အဲ့ဒါတွေကို ဈေးတင်လိုက်ပြီလေ ... နိုင်ငံတကာနဲ့ ယှဉ်ပေါင်တန်းနိုင်အောင်လို့ဆိုပဲဗျာ ....... ဖားတုလို့ ခရုခုန်ရင် အိုင်ပျက်မှာပေါ့ .... အခြေအနေခြင်းမှာမတူတာလို့ .... အကယ်၍များ ... ဒီလူတွေလက်ထပ်မှာ ပညာရှင်တွေကို စက်တွေကို ရေနဲ့မောင်းနိုင်အောင် တီထွင်နိုင်ရင် ရေလည်းပဲ ဈေးတက်မလာဘူးလို့ ပြောလို့မရဘူးလေဗျာ ... ရေတောင်လိုင်စင်တင်ပြီးတော့ သုံးရမှာထင်တယ်။ ခင်ဗျားတို့ကျွန်တော်တို့ ရေကို တစ်နှစ်နေမှာ တစ်ခါလောက်ပဲချိုးရတော့မှာ ..... ဒီလူတွေက သူတို့ရဖို့အတွက်ဆိုရင် အကုန်သိမ်းကျူံးယူမှာ ... မဟုတ်ဘူးလား .. ကျူပ်ဆုတောင်းတာ မှားသလား ?”
ဘောက်ဖက် - “တင်ပါ့ မမှားပါဘူးဘုရား ... အဲလေ .. မမှားပါဘူး .. မှန်ပါတယ်ဗျာ .. မှန်ပါတယ် .... အမျှော်အမြင်ရှိတဲ့ ဆုတောင်းလေးပါပဲ........ ”

Read More...

ကြက်ဆူဆီထွက် ဘောက်ဖက်ငတ်

“ဂျိမ်း ... ဂျောင်း ... ၀ုန်း ... ဝေါ...... ဝေါ ..... ဝေါ .......... ဂျိမ်း ..... တုန်း .. တုန်း .. တုန်း ... တုန်း ..” ..
ဂျောက်ဂျက် “ဟိုက် ... ဘာလဲဟ .. စောစောစီးစီး ... ဘာသံတွေလဲ ..... ” ဆူညံသံတွေကြောင့် ဂျောက်ဂျက်တစ်ယောက် ဘုန်းကြီးကျောင်းမှာ ကောင်းကောင်းမအိပ်ရတာတွေကို အတိုးချပြီး နှပ်နေတုန်း .... လန့်နိုးခဲ့သည်။ “သွားကြည့်ဦးမှာပဲ ....” ဟုဆိုကာ ... အိမ်နှောက်ဖေးသို့သွား၍ မျက်နှာသွားသစ်လေသည်။ ပြီးနောက် အသံလာရာကို နားဆွံ့ကြည့်ရာ တစ်ခြားမှမဟုတ် .. သူ့မိတ်ဆွေ ဘောက်ဖက်အိမ်မှ ထွက်လာသော အသံများဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ဘောက်ဖက်အိမ်ရှေ့သို့ သွား၍ ... “ဗျို့ ကိုဘောက်ဖက် .. ဘာတွေလုပ်နေတာလဲဗျာ့ ..... ခင်ဗျား .. သံအိုးသံခွက်တွေ ကုလားရောင်းမလို့ ထုနေတာလား ... ”
ဘောက်ဖက် - “ကိုဂျောက်ဂျက်ရေ .... အိမ်နောက်ဖေးလာပါဦးဗျ .... ပြစရာရှိလို့ ... ”
ဂျောက်ဂျက် - “အေး .. အေး .. လာပြီ”
အိမ်နောက်ဖေးရောက်တော့ မြေကွက်လပ်လွတ်ပေါ်မှာ ထူးထူးဆန်းဆန်း သံဗုံးကြီးတစ်ခုကို တွေ့လိုက်တယ်။ ပြီးတော့ဘေးနားမှာ တရုပ်ထော်လာဂျီခေါင်းအင်ဂျင်တစ်လုံးနှင့် ... ကိုဂျောက်ဂျက်ရောက်သွားတော့ စက်ပိတ်ထားပြီးဖြစ်သည်။
ဂျောက်ဂျက် - “ဟေ့လူ ...... အဲ့ဒီဗုံးကြီးက ဘာလဲဗျာ့”
ဘောက်ဖက် - “ခင်ဗျားကလည်း ခေတ်နောက်ကျလိုက်တာ .... ခင်ဗျားမကြားဘူးလား .. မြန်မာနိုင်ငံမှာ ကြက်ဆူသီးကနေ ကြက်ဆူဆီထုတ်လို့ရတယ်ဆိုတာလေ .. ဘိုင်အိုဒီဆယ်ဆိုတာ ..... ဒီစက်က အဲ့ဒီကြက်ဆူးတွေကို ကျိတ်ပြီး ဆီထုတ်မယ့်စက်ဗျာ့ .. မနေ့ကမှ ၀ယ်လာတာ .. ပြည်တွင်းထုတ် ....”
ဂျောက်ဂျက် - “သြော် ... အေး ကြားပါတယ် .... အဲ့ဒီဆီက မီးထွန်းလို့ရတယ်ဆို .... စက်တွေမောင်းလို့ရတယ်ဆို ”
ဘောက်ဖက် - “သိပ်ဟုတ်တာပေါ့ဗျာ ....... ခုနက ကျွန်တော် ဆီကျိတ်နေတာ ....”
ဂျောက်ဂျက် - “သြော် .. ဒါကြောင့်ကို .. နေပါဦး .. ခင်ဗျားစက်က အသံဒီလောက်တောင် ကျယ်ရသလားဗျာ ... ကျုပ်တောင် လန့်နိုးတယ် .... ကြည့်လုပ်ဦး .. ကျူပ်ကြီးတော် နေကောင်းတာမဟုတ်ဘူး .... တစ်ခါတည်း ကန့်သွားမှ ... ကျူပ်အမွေ ရနေဦးမယ် .... ”
ဘောက်ဖက် - “အေးဗျာ ... တောင်းပန်ပါတယ် ... ကျွန်တော် ဒီလောက်ကျယ်မယ်မှန်း အစကမသိခဲ့လို့ပါဗျာ .. ဒါတောင် ဆိုင်လန်ဆာ ဆိုလား တပ်ထားတယ်ဗျာ ...”
ဂျောက်ဂျက် - “ရပါတယ်ဗျာ .... ကိစ္စမရှိပါဘူး ... အချင်းချင်းတွေပဲ ... နေပါဦး .. ခင်ဗျား .. ဆီဘယ်လောက်ထွက်ပြီလဲ .. ပြောပါဦး”
ဘောက်ဖက် - “ဟား .. သိပ်ထွက်တာပေါ့ ..... ၁ နာရီလောက်မောင်းတာ ၁ ဂါလံလောက်ရတယ် ...”
ဂျောက်ဂျက် - “ဟိုက် .. ဟုတ်လှချည်လား .. ဒါဆို .. ခင်ဗျား တစ်ရက် ၈ နာရီကြိတ်ရင် ၈ ဂါလံလောက်ရမှာပေါ့ ... ခင်ဗျားတော့ အလုပ်ဖြစ်ပြီထင်တယ် ...... အလုပ်ဖြစ်ရင် ကျူပ်ကိုမမေ့နဲ့ဦးနော် ....”
ဘောက်ဖက်- “မမေ့ပါဘူးဗျာ .. ဒါပေမယ့် .... အဟင့် .... အဟင့် ..”
ဂျောက်ဂျက် - “ဘယ်လိုဖြစ်တာတုန်းဗျာ ... ကြီးပွားမယ့်လမ်းကို ငိုမဲ့ငိုမဲ့နဲ့ ....”
ဘောက်ဖက် - “ခင်ဗျား မသိသေးပါဘူးဗျာ .... ဒီစက်ကြီးက အသံဒီလောက်ကျယ်တာ .... အိမ်ဘေးတွေ ၀ိုင်းသတ်ကြမှာပေါ့လို့ ... ဒီစက်ကိုမောင်းဖို့ မြေအောက်ခန်းတူးမှရမယ် .... ပြီးတော့ အရေးကြီးဆုံးအချက်က ...... ကြက်ဆူတစ်ဂါလံရဖို့အတွက် ....... စက်မောင်းတာ .. ဒီဇယ် နှစ် ဂါလံကုန်တယ်ဗျာ ... ကျူပ်တော့ သွားပါပြီ .... ”
ဂျောက်ဂျက် - “ ဟောာာာာာာာာာာာာာာာာာာာာာာဗျာာာာာာာာာာာ”

Read More...

ဂျောက်ဂျက်နှင့် ဘောက်ဖက်

အားလုံး မင်္ဂလာပါခင်ဗျား .. ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်သူအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နောက်ဆိုရင် အရင်ပို့စ်မှာရေးထားသလိုပဲ ကျွန်တော့် ပိုစ့်တွေက ကျဲသထက် ကျဲကျဲလာမှာပါ။ ခုတော့ အချိန်ရတုန်းလေး ရေးလိုက်ဦးမယ်
ကျွန်တော်အခု ကျွန်တော့်ရဲ့ ဇာတ်ကောင်နှစ်ကောင်ကို မွေးထုတ်ပေးချင်ပါတယ်။ သူတို့တွေကတော့ ဂျောက်ဂျက်နဲ့ ဘောက်ဖက်တို့ပဲဖြစ်ပါတယ်။ အတတနဲ့ စကားပြောရင်လည်း မပြေပြစ်ဘူး။ ဒါပေမယ့်ဘယ် အလေးအနက်တော့ထားတတ်တဲ့ လူနှစ်ယောက်ကို စကားပြောဇာတ်ကွက်လေးတွေလုပ်ပြီး ရေးချင်လို့ပါ။ အမှားပါရင် ခွင့်လွတ်ကြကုန် ..... အရင်ဦးဆုံး သူတို့နှစ်ယောက်နဲ့ မိတ်ဆက်ပေးပါ့မယ် .... ဂျောက်ဂျက်က ကပ္ပိယ .... ရွာဘုန်းကြီးကျောင်းမှာ ကပ်နေတယ်။ ဒါပေမယ့် စာပေလိုက်စားမှုရှိတယ်။ အင်္ဂလိပ်စာကိုလည်း အတော်အတန်နားလည်တယ် ... တနေ့ မြို့က သူ့ရဲ့ တစ်ဦးတည်းသော ရွှေမျိုးဖြစ်တဲ့ သူ့ကြီးတော်နေမကောင်းလို့ မြို့တက်ပြီး သွားရောက် ပြုစုနေတဲ့သူပါ။ ဘောက်ဖက်ကတော့ မြို့သား ... ဂျောက်ဂျက်ရဲ့ ကြီးတော်အိမ်ဘေးက အိမ်နီးချင်း။ တစ်ယောက်တည်းနေတဲ့ လူပျိုကြီး။ သူလည်းပဲ စာပေမတတ်တစ်ခေါက်လိုက်စားတယ်။ သတင်းစုံတယ် ... ဂျောက်ဂျက်မြို့ကိုရောက်တော့ ဘောက်ဖက်နဲ့ ခင်သွားပြီး စကားပြောဖော်၊ ဆွေးနွေးတိုင်ပင်ဖော်တွေဖြစ်သွားကြတယ်။ ဒါကသူတို့တွေရဲ့ နိဒါန်းပေါ့ဗျာ ... နောက်တဖြည်းသူတို့ ဇာတ်ကြောင်းတွေပါ ထည့်ထည့်ရေးသွားပါမယ် ...... အခုတော့ ပထမဦးဆုံး တစ်ပုဒ် ...

လကမ္ဘာသွားမယ့်အစား .....
ကိုဂျောက်ဂျက်တစ်ယောက် မြို့စရောက်ခါစဆိုတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ပေါ့ ....... ကံကောင်းတာက အိမ်နီးနားချင်း စကားပြောဖော် ဘောက်ဖက်ကို ရထားတာပါပဲ။ သူတို့ နှစ်ယောက်က အတိုင်အဖောက်ညီတယ်။ တစ်နေ့မှာ မနက်တစ်ခုမှာ ဂျောက်ဂျက်နဲ့ ဘောက်ဖက် အိမ်ရှေ့မှာ လဘ္ကက်ရည်သောက်ရင်း စကားပြောဖြစ်ကြတယ်။ ဘောက်ဖက်အိမ်မှာ တီဗွီအစုတ်လေးတစ်လုံးရှိတော့ နိုင်ငံတကာသတင်းတို့ ဘာသတင်းတို့ ကြည့်ဖြစ်ကြတယ်။ ပြီးတော့ ကိုဂျောက်ဂျက်က ရေဒီယိုနားထောင်တာ အရမ်းဝါသနာပါတာ။ ရွာဦးကျောင်းမှာတုန်းက ကျောင်းထိုင်ဘုန်းဘုန်းက ရေဒီယိုအဟောင်းလေး တစ်လုံးစွန့်ထားတော့ သူ့ကအဲ့ဒါကိုအပိုင်းစားရထားတယ်လေ။ လဘ္ကက်ရည်သောက်ရင်း ဂျောက်ဂျက်ကစပြီး ... "ကိုဘောက်ဖက် ...... ထူးဆန်းတာတစ်ခု ခင်ဗျားကို ပြောပြရဦးမယ်ဗျာ့ ... ဒီလို ... မနေ့ညက ကျုပ် စိတ်ကျည်းကျပ်တာနဲ့ လမ်းထွက်ပြီး လမ်းလျှောက်ခဲ့တယ် .. မိုးက တော်တော်ချုပ်နေပြီ .... အဲ့ဒီအချိန်မှာလေ ... အလင်းလုံးကြီးတစ်ခုကလေ ... ဝေါကနဲနဲ့ ကူပ်ဘေးနားကနေ ဖြတ်သွားတယ်ဗျာ့ ... သေချာကြည့်လိုက်တော့ လူတွေလည်းပါတယ် ....... "
ဘောက်ဖက် - " ဟုတ်လား ....... ဘာမှန်းမသိလိုက်ဘူးလား"
ဂျောက်ဂျက် - "အေးဗျာ .. ဒါပေမယ့် ကျူပ်တစ်ခုတော့ စဉ်းစားမိတယ်ဗျာ့ .. ဟိုတစ်လောက သတင်းထဲမှာ ခင်ဗျားကြားလိုက်လားမသိဘူး ... တရုတ်တွေ လကမ္ဘာကို ဂြိုလ်တုလွတ်ပြီး လေ့လာကြတယ်ဆိုတာလေ .. လပေါ်က ချုင့်ခွက်ကြီးတွေက စိတ်ဝင်စားစရာကြီးတွေ ဆက်ပြီးလည်းလေ့လာမှုလုပ်နေတယ်ဆိုတာကိုလေ"
ဘောက်ဖက် - "အင်း ဟုတ်တယ်လေ ... ကြားတယ် .. ဓါတ်ပုံတွေတောင်ကြည့်ရသေးတယ်... ဘာလို့လဲဗျာ့"
ဂျောက်ဂျက် - "ဒီလိုဗျာ့ .... ကျူပ်စဉ်းစားမိတာတစ်ခုက တရုတ်တွေ ဂြိုလ်တုလွတ်တာ .... လကမ္ဘာမရောက်ဘူးထင်တယ်"
ဘောက်ဖက် - "အာ ... ခင်ဗျားကလည်း အဲ့ဒီကိုမရောက်ဘဲ .. ဘယ်က ဓါတ်ပုံတွေ ရမှာတုန်း"
ဂျောက်ဂျက် - "နေပါဦး .. ကျူပ်ပြောတာ နားထောင်ဦး .. ကျူပ်အထင်တော့ သူတို့ ဂြိုလ်တုက လကမ္ဘာပေါ်ရောက်တာမဖြစ်နိုင်ဘူးဗျာ့ ... သူတို့ဂြိုလ်တုက နေရာမှားပြီး မြန်မာနိုင်ငံကို ရောက်လာတယ်ဖြစ်မယ်"
ဘောက်ဖက် - "ဟိုက် ဘယ်လိုဖြစ်လို့တုန်း .. ရှင်းစမ်းပါဦး"
ဂျောက်ဂျက် - "အေးဗျာ ... မနေ့က လမ်းလျှောက်တော့ ကျွန်တော် အလင်းလုံးကြီး တွေ့တယ်လို့ပြောတယ်မလား ... အဲ့ဒါပဲဖြစ်မယ်ဗျာ့ .... ပြီးတော့ ဓါတ်ပုံတွေကလည်း လကမ္ဘာပေါ်က ဓါတ်ပုံတွေမဖြစ်နိုင်ဘူး ... ကားလမ်းမပေါ်က ချိုင့်ခွက်တွေကို သူတို့ ကင်မရာနဲ့ အနီးကပ်ရိုက်ထားတာဖြစ်မယ်"
ဘောက်ဖက် - "ဟားဟား ... ခင်ဗျားတော့ လုပ်ချလိုက်ပြီဗျာ ....... မြန်မာနိုင်ငံက လမ်းအဲ့ဒီလိုဖြစ်နေတာ ဟိုကောင်တွေပြောသလို ... ကားမောင်းပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတာဗျာ .... ဟားဟား ... ယိုးဒယားမှာ မြန်မာအမျိုးသမီးတစ်ယောက် ပထမဆုရသွားတာမကြားဘူးလား .. အဲ့ဒါ ... အဲ့ဒါ ... "
ဘောက်ဖက် - "ဟားဟား .. ဒီလိုလား .. ဒါများဗျာ တရုတ်က အပင်ပန်းခံပြီး လကမ္ဘာပေါ်တက်နေသေးတယ် .. မြန်မာနိုင်ငံသာလာခဲ့ပါလား ... ချိုင့်ခွက်တွေ လကမ္ဘာကထက်ကြီးတယ် .. ခုချိန်ဆို ပိုတောင်လာလို့ရသေးတယ် .. သူတို့ ယောက်ဖတွေက အလကား၊ စရိတ်ငြိမ်းခေါ်ထားကြလိမ့်မယ် ... အဲ့ဒါကို အီးပေးဆိုလား .. အီးဖေးဆိုလား ပို့ပြီး ပြောဦးမယ်ဗျို့ .... ကဲကဲ .. စကားကောင်းနေတာ ကျက်သရေရှိတဲ့ လဘ္ကက်ရည်သောက်လိုက်ဦးဗျာ ...."

အမှားပါရင် ဒါမှမဟုတ် .. တိုက်ဆိုင်သွားရင် ခွင့်လွတ်ကြပါ ......

Read More...

Monday, November 19, 2007

လုပ်ချလိုက်ပြန်ပြီ အာာာာာာာ-ဆီယံရယ်

ဟင်း ... သတင်းတွေကတော့ တစ်ခုမှကို အားမရဘူး .... အတိုက်အခံတွေ၊ ခေါင်းဆောင်တွေသာ ဖမ်းဆီးပြီး အနှိပ်စက်ခံနေရတယ် ..... ဂမ်ဘာရီလည်း လာပြီ .. ပြန်ပြီ ... ပီညဲရိုးလည်း လာပြီ ပြန်ပြီ ... ဘာတွေထူးလဲ .... အခုချိန်ထိ ဘုန်းကြီးကျောင်းတွေကို ၀င်စီးတုန်း ..... နောက်ဆုံးတော့ သစ်စက်က သစ်လိုပဲ ... အရှေ့ဆုံး အပိုင်း က အရင် အဖြတ်ခံရတာ ....... ခုလည်းလုပ်ပြန်ပြီ ... အမေရိကန်နဲ့ အနောက်နိုင်ငံကြီးတွေရဲ့ ပိတ်ဆို့မှုကို မထောက်ခံဘူး .... ရှုတ်ချတယ်တဲ့ .... အာဆီယံရယ် ... ခင်ဗျားတို့က အာာာ ပဲရှိတာ ..... နာမည်နဲ့ကိုလိုက်တယ် ... ဒီမှာ ခင်ဗျားတို့ တကယ် မြန်မာနိုင်ငံက ပြည်သူတွေကိုသနားရင် လေယာဉ်ပျံကြီးတွေနဲ့ ကောင်းကင်ပေါ်ကနေ ပိုက်ဆံတွေကျဲချပေးပါလား ....... ပြောတော့တစ်မျိုး ... လုပ်တော့တစ်မျိုး ..... ခင်ဗျားတို့လိုလူမျိုးတွေ အကြီးအကဲ ခေါင်းဆောင်ဖြစ်တာ တစ်ချိန်ကျရင် ကမ္ဘာပျက်ကိန်းဆိုက်နေပြီဗျာ့ .... ပြီးတော့ တရုတ် ..... ခင်ဗျားလည်းအတူတူပဲ ..... ခင်ဗျားတို့က မြန်မာပြည်သူတွေရဲ့ ဘ၀ကိုစာနာတယ်လေး ဘာလေးနဲ့ တစ်ကယ်တော့ ခင်ဗျားတို့ စီးပွားဘက် ရောင်းရင်းကြီးဘက်ပါနေကြတာ တကမ္ဘာလုံးသိပါ့ ..
ခင်းဗျားတို့လုပ်တာနဲ့ မြန်မာနိုင်ငံက တကယ့် Demo-cracy ရတော့မှာပဲ ..... Demo ဆိုတဲ့စကားကို ကွန်ပျူတာ သမားတွေသိကျမှာပါ .... မသိတဲ့သူတွေသိအောင်လို့ ပြောပြမယ် ... ကွန်ပျူတာလောကမှာ software ကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်တွေကို ကြော်ငြာပြီး အစမ်းပေးသုံးတဲ့အနေနဲ့ Demo Version ဆိုပြီး ထုတ်ကြတယ်၊ ပေးကြတယ်ဗျာ ... အဲ့ဒီ Demo Version ဟာ အပြည့်အ၀အလုပ်မလုပ်ပါဘူး .. အသုံးပြုသူတွေအနေနဲ့ အစမ်းသုံးကြည့်လို့ရအောင် စီမံထားတာပါပဲ။ အခုလည်းဒီလိုပဲ ... အာာာာဆီယံနဲ့ တရုတ်လုပ်တာနဲ့ မြန်မာနိုင်ငံက Demo Version of Cracy ရတော့မယ်။ ကြည့်ကျက်လည်းလုပ်ကြဦး ... ခင်းဗျားတို့ဟာက လိပ်ကြီးတွေဖြစ်နေပြီ .. ကိုယ့်ဘက်ကို ယှက်နေကြတယ်။ လိပ်ဆိုတာသိတယ်မလား .. အခြေအနေမကောင်းရင် အခွံထဲကို ခေါင်းရော ခြေပါ သွင်းထာမယ် ... အခြေအနေကောင်းမကောင်းသိချင်ရင် ခေါင်းလေးပြူကြည့်မယ် ..... ၀င်လိုက်ထွက်လိုက်နဲ့ ... အခြေအနေကောင်းရင် ခြေတွေလက်တွေထွက်ပြီး နှေးတိ နှေးတုတ်နဲ့လုပ်မယ် ...... ခင်ဗျားတို့လည်း ဒီလိုဖြစ်နေပြီ ..... ကျွန်တော်တို့လည်း Demo Version ကို Full Version ဖြစ်အောင်လို့ Crack လုပ်ကြရမယ်ဗျာ .......

Read More...

Wednesday, November 14, 2007

ဗွီဒီယိုကြည့် ပရိတ်သတ် တွေကို အားနာပါဦးဗျာ ....

ကျွန်တော် အကြောင်းကြောင်းကြေင့် ရှေ့လျှောက်ပိုစ့်ရေးနိုင်ဖို့ တော်တော်ခက်ခဲသွားပါလိမ့်မယ်။ ပို့စ်တွေလည်း ကျဲသထက် ကျဲသွားပါလိမ့်မယ်။ စိတ်က ဘလော့ပေါ်ရောက်နေပေမယ့် မရေးနိုင်ဘူးဖြစ်နေတယ်။ အဲ့ဒီအတွက် အားလုံးကို တောင်းပန်ပါတယ်။ ခုတစ်လော စိတ်တွေ အရမ်းရှုပ်တွေနေတာကြောင့် စိတ်ပြေလက်ပျောက် မြန်မာဟာသကားတို့၊ အငြိမ်၊ ဟာသဇာတ် ဗွီဒီယိုခွေတွေ အိမ်မှာကြည့်ဖြစ်တယ်။ မြန်မာဇာတ်လမ်းတွေကို ကျွန်တော် မကြိုက်ဘူးဗျ။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်ကတော့ မကြိုက်တာအမှန်ပဲ။ တစ်ခါလာလည်း ဒီဇာတ်လမ်းမျိုး၊ ဒီနေရာ၊ ဒီအိမ်၊ ဒီအခန်း၊ နှစ်ခါလာလည်း ဒီဇာတ်လမ်းမျိုး၊ ဒီနေရာ၊ ဒီအိမ်၊ ဒီအခန်း၊ ဒီသရုပ်ဆောင် အကုပ်လုံးကို ထပ်နေတာပဲ။ ဘာတွေမှန်းကိုမသိဘူး။ အိမ်မှာ ညီမတွေ၊ အစ်မတွေကတော့ ကြည့်ကြပါတယ်။ သူတို့ကတော့ပြောပါတယ် မင်းသား၊ မင်းသမီး ၀တ်စားတာတွေကို ကြည့်တာတဲ့ ..... ဟင်း .... စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ကိုးရီးယားဇာတ်လမ်းတွဲတွေကိုတော့ ကြိုက်တယ်၊ သဘောကျတယ် ဟီး .... ရသစုံတယ် .... :)
တနေ့က အငြိမ်ခွေရယ်၊ ပြဇာတ်ရယ်ငှားကြည့်တယ်ဗျာ ..... နှင်းဆီသခင်အငြိမ့်နဲ့ အစဆွဲထုတ်ကြသူများ စတဲ့ခွေတွေပေါ့။ တော်တော် ရီရပါတယ်။ စကားလုံးတွေက မိုက်တယ်။ အဲ့ဒီခွေတွေ ကြည့်ရာမှာ စိတ်ပျက်ဖို့အကောင်းဆုံးအရာက ဘာလဲသိလား ......... ကြော်ငြာတွေ ... ကြော်ငြာ ... အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ ဗွီဒီယိုဇာတ်လမ်းကြော်ငြာတွေဗျာ ....... ခွေကြည့်တာ ကောင်းကောင်း မကြည့်ရဘူး .... တစ်ခါတစ်လေ ပစ္စည်းကြော်ငြာတောင်ပါလိုက်သေးတယ် ..... စိတ်ပျက်ဖို့ကောင်းလိုက်တာ ... အဲ့ဒါတွေ ဘယ်သူတွေက စီစဉ်ပြီးထည့်တာလဲတော့မသိဘူး ...... ကျွန်တော်သိတာတစ်ခုက ဒါ စားသုံးသူ ပြည်သူတွေကို စော်ကားနေတာနဲ့အတူတူပဲ ... ပိုက်ဆံပေးပြီးကြည့်တဲ့၊ အားပေးတဲ့ ပရိသတ်ကို စော်ကားနေတာပဲ။ ...... ဒီလို အလုပ်မျိုးကို ဘယ်နိုင်ငံကမှ မလုပ်ပါဘူး။ လုပ်ရင်တောင် ကြော်ငြာတွေကို ခွေရဲ့အဆုံးမှာ Track/Chapter အနေနဲ့ပဲထည့်ကြတာ။ ဒါတောင်နည်းနည်းပဲတွေ့ဘူးတာ။ ခုမြန်မာနိုင်ငံမှာ လုပ်နေတာက ခွေအစမှာလည်းထည့်တယ် .... အလယ်မှာလည်းထည့်တယ် .. အဆုံးမှာလည်းထည့်တယ် ... ထည့်ပုံလည်းကြည့်ဦး .... အဲ့ဒီကြောင်ငြာတွေကို မကြည့်ချင်ရင် Track/Chapter ကျော်ကြည့်လို့မရအောင် ဖိုင်ကို တစ်ဆက်တည်း Track/Chapter တစ်ခုတည်းလုပ်ထားတယ်။ မူရင်းဗွီဒီယိုဇာတ်လမ်းနဲ့ကြော်ငြာကို တစ်ဆက်တည်းထည့်ထားတယ်ဗျာ ...... ဒါကြောင့် ကြော်ငြာမကြည့်ချင်ရင် Forward လုပ်ပြီး ကြည့်နေရတယ် ... အချိန်ကြာပြီး အလုပ်ရှုပ်တာပေါ့ဗျာ .... ဒါကို ခွေကြည့်သူအားလုံး ခံစားကြရလိမ့်မယ်လို့ ကျွန်တော်သိပါတယ်။ တစ်ခါတစ်လေကြော်ငြာတွေများလွန်းလို့ .... ကိုယ်ကြည့်နေတဲ့ ဇာတ်လမ်းတောင် မေ့သွားတယ်ဗျာ ... အဲ့ဒီလောက်ထိကို အဖြစ်ကဆိုးတာ ... ဒါကြောင့် ဘယ်သူပဲ အဲ့ဒီဟာကိုလုပ်လုပ် ..... အားပေးသူ ပြည်သူ ပရိသတ်တွေကို အားနာပါဦးလို့ပြောချင်တယ်ဗျာ ..... လူတိုင်းရင်မှာ အဲ့ဒါကြီးကို မုန်းတီး အမြင်ကပ်နေတာ အမှန်ပဲ ..... ကျွန်တော်ပဲ လူစွာလုပ်ပြီး ၀င်ပြောတော့မယ် ..... ပရိသတ်ကို အားနာပါဦး ... အနုပညာရှင်တွေအနေနဲ့လည်း ကိုယ့်ကိုအားပေးတဲ့ ပရိတ်သတ်ကို လေးစားချစ်ခင်ရင် ဒီအချက်ကို စဉ်းစားပြီး ညှိုနှိုင်းပေးသင့်တယ်လို့ ကျွန်တော်ကတော့ထင်တယ်ဗျာ ...............

Read More...

Wednesday, November 7, 2007

နောက်ကျသွားတဲ့ငါ့ဦးဏှောက်

တစ်ခါက ဆိတ်ငြိမ်တဲ့ အေးချမ်းတဲ့ဝန်းကျင်မှာ
လေယူရာယိမ်းနေတဲ့ ပန်းပင်တွေကိုကြည့်ပြီး
တေးသံစဉ်ဖွဲ့ခဲ့ဖူးတယ် နူးညံ့သာယာပြီး
ချစ်သူကိုပေးဖို့ အချစ်သီချင်းချိုချိုလေးတစ်ပုဒ် ကျွန်တော်သီကုံးနိုင်ခဲ့တယ်

အခုတော့ ပြောင်းဆန်နေတဲ့ မြန်မာပြည်ထဲမှာ
ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှူးတွေကြည့်ပြီး
တေးသံစဉ်ဖွဲ့ခဲ့ပြန်တယ် ကြမ်းကြုတ်ပြင်းထန်ပြီး
ရှုပ်ထွေးလှတဲ့ ပေါက်ကွဲသံစဉ်တွေကြားမှာ ကျွန်တော်အမောဆို့နေလေရဲ့
ဘယ်လို သီကုံး၊ ရေးဖွဲ့မှ ရက်စက်မှုတွေ ပေါ်လွင်မလဲဆိုတာကိုတော့
ကျွန်တော်မစဉ်းစားနိုင်ခဲ့ဘူး .....

Read More...

Saturday, October 27, 2007

သီတင်းကျွတ်ပြီ ......

အားလုံး ဒီသီတင်းကျွတ်အချိန်အခါမှာ မကောင်းမှုမှန်သမျှ ရှောင်ရှားနိုင်ပြီး ပျော်ရွှင်မှုအပေါင်းနဲ့ ပြီးပြည့်စုံနိုင်ပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဒီနှစ်သီတင်းကျွတ်ဟာ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ ... လူတွေရဲ့စိတ်ထဲမှာ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ ရောထွေးနေရပါတယ်။ ခါတိုင်းနှစ်တွေနဲ့မတူ တိတ်ဆိတ်ငြိမ်သက်လှပြီး ဥပုသ်စောင့် သီလယူပြီး ဆုတောင်း မေတ္တာပို့တာများပါတယ်။ ဘယ်သူတွေအတွက် ဘာ့အတွက်ကြောင့် ဆိုတောင်း မေတ္တာပို့ကြသလဲ ဆိုတာကိုတော့ အားလုံးသိကြမှာပါ။ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ အဖြစ်အပျက်တွေကြောင့် ဒုက္ခရောက်ကြသူတွေကို ဆုတောင်း မေတ္တာပို့ကြတာပါဆိုရင် ကျွန်တော်မှားသွားမလား။ ကြားထဲမှာ ပျက်သွားတဲ့ အင်တာနက်ကွန်နက်ရှင်ကြောင့် အလုပ်တွေ တောင်လိုပုံနေလို့ ပိုစ့်တွေမတင်ဖြစ်ဘူး။ သိပ်ပြီးမတင်ချင်တာလဲပါတယ်။ တင်ပြန်ရင်လည်း အဲ့ဒီအဖြစ်အပျက် အကြောင်းအရာတွေပဲ ခေါင်းထဲရောက်ရောက်လာတယ်။ ရေးရင်းရေးရင်း ဒေါသထွက်တယ်။ အကုသိုလ်တွေ များလာမှာစိုးလို့ ကိုယ့်ကိုကိုယ်မနည်းထိန်းထားရတယ်။ ဒီတစ်နှစ်သီတင်းကျွတ်လပြည့်နေကတော့ ပြီးဆုံးသွားပါပြီ။ ဒီသီတင်းကျွတ်လပြည့်နေ့မှာ ပြည်သူလူထုတွေအားလုံးရဲ့ ရင်ထဲက တူညီတဲ့ ဆုတောင်းသံဟာ လောကကြီးကို တုန်လှုပ်သွားစေမှာပါ။

လက်ဆော့ထားတာလေးတွေ ..









ဘာတွေမှန်းကိုမသိဘူး .. ဟီး

Read More...

Wednesday, October 17, 2007

ဒါမှတကယ့်အမှန်တရား


န.အ.ဖ မီဒီယာမှ ထုတ်ပြန်သော သတင်းများကို ပြောင်းပြန်လှန်၊ သုံးထပ်ကိန်းတင်ပြီးမှ အတည်ပြု ယုံကြပါ ..

Read More...

အင်တာနက်ကို လျင်လျင်မြန်မြန်၊ ပေါ့ပေါ့ပါးပါးနဲ့ ကျော်ခွအသုံးပြုကြမယ်

ယခုအချိန်မှာ အင်တာနက်ကို အဆင်ပြေပြေ၊ လျင်လျင်မြန်မြန်၊ ပေါ့ပေါ့ပါးပါးနဲ့ ကျော်ခွအသုံးပြုနိုင်ဖို့အတွက် ကျွန်တော်အားလုံးကို Software တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီဆော့ဝဲလ်အကြောင်းမပြောခင် ထုံးစံအတိုင်း intro လေးဝင်လိုက်ဦးမယ်နော် ….

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ နေထိုင်သွားလာမှု၊ ဆက်သွယ်မှုတွေဟာလည်း နေ့စဉ်နဲ့အမျှ ပြောင်းလဲလာပါတယ်။ အဲ့ဒီလို တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ဆက်သွယ်ရေး၊ သတင်းစီးဆင်းမှုတွေဟာလည်း အလွန်ပဲ လျင်မြန်လာပါတယ်။ မကြာသေးခင်ကပဲ ကျောင်းသားနဲ့ သံဃာထုတို့ဦးဆောင်ပြီး ငြိမ်းချမ်းစွာ လူထုဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါကို န.အ.ဖ ကနေပြီး ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ သံဃာနဲ့ ကျောင်းသားတွေ သေဆုံးရစတဲ့ သမိုင်းမှာ ဖျောက်ဖျက်လို့မရတဲ့ အမည်းစက်ကြီးထင်ကျန်ခဲ့တယ်။ အဲ့ဒီလို ရက်ရက်စက်စက်နဲ့ အကြမ်းဖက်နှိမ်နှင်းခဲ့တာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကို အင်တာနက်ကနေတဆင့် ကမ္ဘာတလွှားမှာမြင်တွေ့နိုင်ဖို့အတွက် သတင်းပေးပို့နိုင်ခဲ့ပါတယ်။ န.အ.ဖ အနေနဲ့ ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံကို သတင်းမှောင်ချတဲ့ နည်းနဲ့အုပ်ချုပ်ခဲ့တာပါ။ အခုလို နည်းပညာတွေ တိုးတက်လာတော့ သတင်းမှောင်ချခြင်း ပြုလုပ်မှုတွေဟာ ထင်သလောက်အလုပ်မဖြစ်ခဲ့ပါဘူး။ အခုတော့ သတင်းပြန့်နှံ့မှုတွေ အဓိကဖြစ်ပွားခဲ့တဲ့ Blogger ကို ပုဂံကနေပြီး အသုံးပြုခွင့်ပိတ်ထားပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဘလော့အသုံးပြုသူတွေဟာ အခက်အခဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အရင်းကတည်းက ပြည်တွင်းက အင်တာနက်အသုံးပြုသူတွေဟာ ပိတ်ထားတဲ့ ၀က်ဆိုဒ်တွေ၊ အင်တာနက်ဝန်ဆောင်မှုတွေကို ကျော်လွှားအသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီလိုအသုံးပြုရာမှာ နည်းလမ်းတွေအများကြီးရှိပါတယ်။ အဲ့ဒီထဲမှာမှ web proxy ကနေတဆင့်အသုံးပြုတာနဲ့ bypassing application (ဥပမာ - Your Freedom) တွေအသုံးပြုတာက ပိုပြီးများတယ်။ အဲ့ဒီနှစ်မျိုးလုံးမှာ သူ့အားနည်းချက်နဲ့ သူရှိပါတယ်။ အင်တာနက်ပေါ်မှာလည်း သိန်းနဲ့ချီတဲ့ web proxy တွေရှိပါတယ်။ တစ်ချို့လူသုံးများတဲ့ ဟာတွေကိုလည်း ပုဂံက အသုံးပြုခွင့်ပိတ်ထားပါတယ်။ အဲ့ဒီ web proxy တွေရဲ့အားနည်းချက်ကတော့ web page surfing အတွက်သာအသုံးပြုနိုင်ခြင်း၊ Messenger ကဲ့သို့ application များအသုံးမပြုနိုင်ခြင်း၊ ကြော်ငြာများပြားခြင်း၊ တစ်ချို့ဆိုဒ်များတွင် virus များပင်ရှိတတ်သည်။ ထို့ကြောင့်၎င်းအားအသုံးပြုပါက သေချာစီစစ်ပြီးမှ အသုံးပြုသင့်သည်။ bypassing application မှာတော့ အခု Your Freedom ကိုအသုံးပြုတာများပါတယ်။ လူတိုင်းနည်းပါးလည်းသိပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ memory ကို အသုံးများခြင်း၊ Account ပြုလုပ်ရခြင်း (တတ်နိုင်ပါက ၄င်းဝန်ဆောင်မှုအား ၀ယ်ယူအသုံးပြုနိုင်ပါတယ်)၊ ၄င်းကပေးသော Free Account တွင် Bandwidth နှင့် Connection Stream များ ကန့်သတ်ထားခြင်း၊ မူရင်း Software File Size (27 MB) ကြီးခြင်းကြောင့် Download ပြုလုပ်ရတာ အခက်အခဲရှိပါတယ်။ အခုလည်း Your Freedom အသုံးပြုသူတွေကို စစ်ဆေးတွေ့ရှိရင် အရေးယူမယ်လို့ကြားနေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့တတွေဟာ အသုံးပြုရအဆင်ပြေမယ့် နည်းလမ်းများကို အစဉ်သဖြင့်ရှာဖွေစမ်းသပ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ချစ်သူငယ်ချင်း တစ်ယောက်ရဲ့ကျေးဇူးကြောင့် အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ့် Software တစ်ခုကို တွေ့ရှိထားပါတယ်။ အလွန်ကောင်းမွန်တဲ့ Freeware တစ်ခုပါ။ အဲ့ဒါကိုအသုံးပြုဖို့အတွက် ဘာအဖိုးအခမှ ကုန်ကျမှာမဟုတ်ပါဘူး။ ပြီးတော့ Connection Speed ဟာလည်း အလွန်လျင်မြန်ကောင်းမွန်လှပါတယ်။ Firefox, IE, Safari စတဲ့ Web Browser တွေနဲ့အလုပ်လုပ်သလို၊ Messenger တွေနဲ့လည်း အလုပ်လုပ်ပါတယ်။ နောက်ပြီး အရမ်းကောင်းတဲ့အချက်ကတော့ အဲ့ဒီ software ဟာ Portable or Micro Application ဖြစ်နေတာပါပဲ။ အားလုံးသိကျတဲ့အတိုင်း Portable or Micro Application တွေဟာ ကွန်ပျူတာပေါ်မှာ Install လုပ်စရာမလိုဘဲအသုံးပြုနိုင်ပါတယ်။ ပြီးတော့ နောက်တစ်ခုကို ကျွန်တော်ပြောလိုက်ရင် အံ့သြသွားလိမ့်မယ်။ အဲ့ဒါဘာလဲဆိုတော့ အဲ့ဒီ Application ရဲ့ File Size ဟာ 105 Kb သာရှိပါတယ်။ ဒါကြောင့် အဲ့ဒီ Application ကို သွားလေရာဆောင်ထားပြီး အသုံးပြုနိုင်ပါတယ်။ ဥပမာ Cyper Cafe လိုနေရာမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီ Software ရဲ့နာမည်ကတော့ Ultra Surf ပဲဖြစ်ပါတယ်။ Wujie ဆိုတဲ့အဖွဲ့အစည်းက တီထွင်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါင်းလုပ်ချနိုင်ပါတယ်။ http://www.wujie.net/downloads/ultrasurf/u.zip or http://www.mediafire.com/?fb2f92kimmb
ဒါကတော့ သူ့ရဲ့ Manual လေးပါ http://www.wujie.net/userguide.htm
ကျွန်တော်အခု Ultra Surf အသုံးပြုပုံအကြောင်းကို အသေးစိတ်တင်ပြပါ့မယ်။
Ultra Surf ကို Download ချပြီးသွားရင် ကိုယ့်စက်ထဲမှာ (Unzip) ဖြေလိုက်ပါ။ အဲ့ဒီထဲမှာ u.exe (ultrasurf) ဆိုတဲ့ exe ဖိုင်လေးတစ်ခုပါပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး။ အဲ့ဒီဖိုင်လေးကို ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် အောက်ပါအတိုင်း မြင်ရမှာဖြစ်ပါတယ်။

စဖွင့်လိုက်တာနဲ့ Ultrasurf က proxy server နဲ့စတင်ချိတ်ဆက်မှုပြုလုပ်နေပါမယ်။ ပုံအောက်နားက အနီရောင်လေးထောင့်နဲ့ဝိုင်းပြထားပါတယ်။ ပထမဦးဆုံး Ultra Surf ကိုအသုံးပြုဖို့အတွက် Options တွေကို သတ်မှတ်ပေးရပါမယ်။ Option ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ။ အောက်မြင်ကွင်းအတိုင်းမြင်ရမှာဖြစ်ပါတယ်။

အပေါ်မှာ Delete Cookies နဲ့ Delete History ကိုတွေ့ရမှာပါ။ အဲ့ဒါတွေက ကိုယ်အသုံးပြုပြီးသွားတဲ့အခါ ကိုယ့်ရဲ့လျို့ဝှက်အချက်အလက်တွေ၊ အသုံးပြုမှုမှတ်တမ်းတွေကို ရှင်းလင်းပစ်ဖို့ဖြစ်ပါတယ်။ သူတို့အောက်မှာ check box option ခြောက်ခုကိုတွေ့ရမှာပါ။ ပထမတစ်ခုက Start IE automatically ကတော့ Ultrasurf ကိုဖွင့်လိုက်ရင် IE ကို automatically ဖွင့်မယ့် option ပါ။
ဒုတိယတစ်ခုက Set IE proxy automatically ကတော့ Ultrasurf ကိုဖွင့်လိုက်ရင် IE ရဲ့ proxy setting ကို အလျိုအလျောက်သတ်မှတ်ထည့်သွင်းပေးဖို့ပါ (Firefox အတွက်ကတော့ ကိုယ်တိုင်လုပ်ဆောင်ရပါမယ်။ အောက်မှာ အသေးစိတ်ဖော်ပြပေးမှာပါ) ။ ဒါကို Check လုပ်ထားရင် Ultrasurf ကိုဖွင့်လိုက်တာနဲ့ IE နဲ့ တစ်ခါတည်းအသုံးပြုနိုင်ပါတယ်။ proxy setting တွေထည့်ပေးစရာမလိုပါဘူး။
နောက်နှစ်ခုက Delete Cookie/History automatically when program exit ကို check လုပ်ထားရင် Ultrasurf ကိုပိတ်လိုက်တာနဲ့ ကိုယ့်ရဲ့ privacy data တွေကို ဖျက်ပေးသွားမှာပါ။
နောက်တစ်ခုက Close IE automatically when program exit ကတော့ Ultrasurf ကို ပိတ်လိုက်ရင် IE ကိုပါအလိုအလျောက်ပိတ်သွားစေမှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုက Hide Golden Lock (take effect on next start) ကတော့ Ultrasurf ကိုဖွင့်လိုကရင် PC window ရဲ့ ညာဘက်အောက်မှာ ရွှေရောင်သေ့လေးပေါ်နေမှာဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။

အဲ့ဒီသော့လေးမပေါ်ချင်ရင် အဲ့ဒါကို Check လုပ်ရပါမယ်။ ဒါပေမယ့် ချက်ခြင်းတော့မပျောက်ဘူး နောက်တစ်ခါ ဖွင့်မှာပျောက်မှာပါ။ Option ကတော့ ဒါပါပဲ။ အခုနောက်ဆုံးအနေနဲ့ Proxy Setting အတွက်တင်ပြပေးမှာဖြစ်ပါတယ်။ Proxy Settings Button လေးကို နှိပ်လိုက်ရင် အောက်ပါအတိုင်းမြင်ရမှာပါ။

အောက်ဆုံးမှာ skip this dialog box in next start ဆိုတဲ့ check box ရှိပါတယ်။ အဲ့ဒါကို check လုပ်ထားရင် Ultrasurf ကိုဖွင့်လိုက်တာနဲ့ Proxy settings တန်းတက်လာမှာဖြစ်ပါတယ်။ မရွေးထားရင်တော့ မတက်ဘူးပေါ့။ Proxy setting မှာ အပြာနဲ့ဝိုင်းထားတဲ့အပိုင်း (Auto detect proxy)နဲ့ အနီနဲ့ဝိုင်းထားတဲ့အပိုင်း (Manual Proxy Setting) ဆိုပြီးနှစ်ပိုင်းရှိပါတယ်။ အပြာနဲ့ဝိုင်းထားတဲ့အပိုင်းကတော့ proxy setting ကို သူ့အလိုအလျောက်ရှာဖွေသွားမှာဖြစ်ပါတယ်။ အရင်ဆုံးအဲ့ဒီ setting နဲ့စမ်းသပ်ကြည့်ပါ။ Ultrasurf က သူရဲ့ proxy server ကို ဆက်သွယ်နိုင်ပြီဆိုရင် အောက်ပါအတိုင်းမြင်ရမှာပါ။

အကယ်၍ contacting fail ဖြစ်နေတယ်။ ဆက်သွယ်လို့မရဘူးဆိုရင် အနီနဲ့ဝိုင်းထားတဲ့အပိုင်း (Manual Proxy setting) ကို အသုံးပြုရပါမယ်။ အဲ့ဒီလိုအသုံးပြုရာမှာ မိမိရဲ့ ISP ဒါမှမဟုတ် Proxy Server ပေါ်မှာ မူတည်ပြီး ပြောင်းလဲအသုံးပြုရမှာပါ။ ဥပမာ ပုဂံ(မြန်မာတယ်လီပို့) အတွက်ဆိုရင် proxy server က 20.381.71.237/4/8 port : 8080 ကိုထည့်သွင်းရမှာပါ။ server ကနေတဆင့် internet အသုံးပြုသူတွေအနေနဲ့တော့ အများအားဖြင့် 192.168.0.1 port : 8080 နဲ့အလုပ်လုပ်ပါတယ်။ အဲ့ဒီလိုထည့်သွင်းပြီးသွားပြီဆိုရင် Ultrasurf က Retry Button ကိုနှိပ်ပါ။ စတင်အလုပ်လုပ်ပါမယ်။ Connection successful ဖြစ်သွားပြီဆိုရင် IE နဲ့စတင်အသုံးပြုနိုင်ပါပြီ။ အဲ့ဒီမှာ အပြာနဲ့ဝိုင်းထားတဲ့နေရာမှာ ရွေးချယ်စရာ proxy server သုံးခုကို speed နဲ့တစ်ကွဖော်ပြပေးထားပါတယ်။ ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Firefox နဲ့အသုံးပြုချင်တယ်ဆိုရင်တော့ Firefox ရဲ့ Connection Setting (Tool > Option > Network > Connection မှာပါ။ version အလိုက်ကွဲပြားမှုတော့ နည်းနည်းရှိပါတယ်။ Connection Setting ကိုရအောင်ရှာပါ။) က Manual Proxy setting မှာ proxy address : 127.0.0.1 port : 9666 ကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်။


ဒါဆိုရင် Ultrasurf ကိုအခက်အခဲမရှိအသုံးပြုနိုင်ပါပြီ။ ဒါပေမယ့် ဘယ်အချိန်အထိ အသုံးပြုနိုင်မလဲဆိုတာ ကိုတော့ မသိပါဘူး။ သက်ဆိုင်ရာကလည်း ဒါကိုလိုက်လံပိတ်ပင်ဦးမှာပါပဲ ......

Read More...

Saturday, October 13, 2007

ဘယ်သူတားတား တို့မရပ် ... ဆက်လက်တင်နေမည် ...

ပြည်တွင်းမှာ စိတ်မကောင်းစရာ၊ မချမ်းမြေ့စရာ သတင်းတွေကို ဆက်တိုက်ဆိုသလို ကြားနေရပါတယ် .....
လူထုဟာလည်း စိုးရိမ်ပူပန်မှုတွေနဲ့ သွားလာလှုပ်ရှား ရုန်းကန်နေကြရပါတယ်။ ရွှေဝါရောင်တိုက်ပွဲကြီး ဖြစ်ပွားပြီးနောက် လူတွေဟာ ရင်ထဲမှာ ကုသမရတဲ့ ဒဏ်ရာချက်ကြီးတစ်ခု ရရှိခဲ့ပါတယ်။ ကျဆုံးသွားတဲ့ သံဃာတော်တွေနဲ့ ဆန္ဒပြသူများကို လေးစားဂုဏ်ပြုလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မြင်ကွင်းတွေကို မကြာခင်မှာ ပိုစ့်ရေးပြီးတင်ပါ့မယ်။ ခုလောလောဆယ် အသုံးပြုရတာ သိပ်အဆင်မပြေလို့ပါ။ ကမ္ဘာမှာမြင်တွေ့ခဲ့ရတဲ့ ဓါတ်ပုံ၊ ဗွီဒီယိုတွေဟာ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်ကြတယ်လို့ ကမ္ဘာသူ ကမ္ဘာသားများက ပြောတာကို ကြားခဲ့ရပါတယ်။ ဒါဟာအကင်းပဲရှိပါသေးတယ်။ လက်ရှိဖြစ်ပျက်ခဲ့တာတွေဟာ အဲ့ဒီထက် အဆမတန်မှ ဆိုးဝါးလှပါတယ်။ တစ်ဘ၀လုံး မက်ခဲ့ဘူးတဲ့ အိပ်မက်ဆိုးတွေတောင် သူ့ထက်ကြောက်စရာမကောင်းဘူး။ စွမ်းအားရှင်၊ ကြံဖွတ်နဲ့ စစ်သားတွေဟာ လူမှဟုတ်ကြရဲ့လားလို့ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်ပြန်မေးမိတယ်။ သူတစ်ပါးရဲ့အသက်ကို မနှမြောပဲ အရုပ်လေးတစ်ရုပ်ကို လုပ်ချင်တိုင်း လုပ်ခဲ့သူတွေပါ။ တစ်ကယ် ရက်စက်ကြမ်းကြုတ်သူတွေ၊ လူမဆန်သူတွေပါ။ သူတို့ကို မွေးတဲ့မိဘတွေကတော့ လူလော့ကမှာ နှစ်ခါပြန်သေရတဲ့သူတွေပဲ။ သေလွန်ပြီးသားဆိုရင် တမလွန်မှာ ထပ်ပြီးရင်ကွဲသေကြလိမ့်မယ်။ မသေသေးဘူးဆိုရင်လည်း ရင်ကွဲကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့မိဘတွေက သူတို့တတွေလိုပဲဆိုရင်တော့ မပြောတတ်ဘူး ........... ခုတော့ ဘလောဂါလည်း ဘမ်း သွားပြီဆိုတော့ ရရာနည်းနဲ့ပဲ ရေးရတော့မှာပေါ့ .... ဆက်ရေးနေဦးမှာပါ ...

သူငယ်ချင်းတစ်ယောက်က ကဗျာတစ်ပုဒ်ရေးပေးလို့ တင်ပေးလိုက်တယ် .....

ဘယ်မှာလဲ

ငါတို့အတွက် အောင်ပွဲ
သွေးစက်တွေ မြေလူးလို့
စတေးခဲ့ရ သက်ပေါင်းများစွာ
သာသနာ့ သမိုင်းဟာ
ညှိုးလျော်စွာ ကြေမွခဲ့ရပြီ။

အာဏာရူးမက်
ဖိနှိပ်တတ်တဲ့ လူတစ်စုကြောင့်
သာသနာထွန်းကား
ထွတ်မြတ်တဲ့ ဘုရားတွေလည်း
ရွှေရောင်တွေ မှိန်နေရပြီ။

ဝဋ်ကြွေးရေ
ဘယ်တော့များ ပေါ်လာလိမ့်နိုး
မိုးနတ်မင်းလည်း ဘယ်ဆီပျောက်
တရားကို နတ်စောင့်တယ်ဆိုတာ
သူတို့တွေအတွက် မှားများနေပြီလား။


Read More...

Tuesday, September 25, 2007

25 ရက်နေ့ နောက်ဆက်တွဲ ဓါတ်ပုံများ








ယခုအချိန်အထိတော့ ဆန္ဒပြပွဲဟာ အေးအေးချမ်းချမ်းပါပဲ ......
စစ်တွေမြို့က ပြည်သူလူထု တွေအများအပြားပါဝင်လာကြတာကိုကြားရတော့ ၀မ်းသာမိတယ်
အခုဆိုရင် ဆန္ဒပြ သံဃာတွေ ဘုရားရှိခိုးနေပါပြီ . ပြီးရင် ငြိမ်းချမ်းစွာ လူစုခွဲကြမယ်လို့ သိရပါတယ်။
မနက်ဖြန် ၁၀း၃၀ မှာ စတင်လှုပ်ရှားကြမယ်လို့သိရပါတယ်။ ပြည်သူတွေကိုလည်း စည်းရုံးထားတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ သတင်းပါ ..

5:25 PM
စစ်သားများ အပြည့် တင်ဆောင်ထားသော စစ်ကား ၇ စီး ပြည်လမ်းမပေါ်မှ လှည်းတန်း လမ်းဆုံဘက်သို့ စစ်သီချင်းများ သီဆိုကာ မောင်းနှင် သွားသည်ကို တွေ့ရှိလိုက်ရကြောင်း မျက်မြင်သက်သေ တဦးက မဇ္ဈိမသို့ ပြောပြသည်။

5:00 PM
တိုင်းမှူးများက ပစ်မိန့်ကို လက်မခံ

ပိုမိုကြီးထွားလာနေသော ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုလားနေသော်လည်း ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ အပါအဝင် တိုင်းမှူးများက လက်မခံဘဲ ပယ်ချထားကြောင်း စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်အရ သိရသည်။ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက်များ ယခုအချိန်အထိ မရနိုင်သေးပါ။

ယနေ့ နေ့လည်က ထပ်မံ သိရှိရသည်က ရန်ကုန်မြို့အတွင်း ဆန္ဒပြသူများကို အရေးယူမည်ဟု ကြေညာထားချက် အပေါ်တွင် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များအတွင်း သဘောထား ကွဲလွဲမှု ရှိနေသည်ဟု သိရသည်။

(မဇ္ဈိမ သတင်းဌာနမှ)

Read More...

ဒီကနေ့ ချီတက်ပွဲ


ဒီကနေ့ပုံတွေပါ ......


လောလောဆယ်မှာ ကောလဟာလတွေရော .. သတင်းအမှန်တွေပါ ရောနှောနေပါတယ် ... ခုချိန်ထိတော့ ရန်ကုန်၊ မန္တလေးမှာ ပစ်ခတ်မှု၊ ဖမ်းဆီးမှုတွေ မရှိသေးပါဘူး ...
အချုပ်ပြောရရင် အခုချိန်အထိ ... လူထုနဲ့ သံဃာတွေဟာ မနေ့ကထက် အင်အားပိုများလာပါတယ်။ အစိုးရကနေ ပစ်မိန့်ပေးမယ်၊ လူတွေကို ဖမ်းဆီးအရေးယူမယ်လို့ သတင်းလွှင့်ထားပေမယ့် အခုချိန်ထိ ချီတက်ပွဲက အေးဆေးပါပဲ။ အခုလူထုတွေဟာ ဆူးလေရှေ့ နဲ့ အမေရိကန် သံရုံးရှိတဲ့ ကုန်သည်လမ်းဘက်ဆီကို ချီတက်သွားပါပြီ။ သံဃာတွေက လိုက်ပါလာတဲ့ ပြည်သူတွေကို အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့အတွက် လိုက်လံ ထိန်းကျောင်းပေးနေပါတယ်။ ကိုနစ်နဲ့ ကိုထိုက်တို့ရဲ့ဘလော့ စီဘောက်တွေထဲမှာ လက်ရှိသတင်းတွေကို တိုက်ရိုက်ထုတ်လွင့်ပေးနေပါတယ် .. ဒါပေမယ့် သတင်းအမှားပေးတဲ့ နှောက်ယှက်မှုတွေ ကြုံတွေ့နေရပါတယ် ...

နောက်ဆုံး မဇ္ဈိမ မှ သတင်းကို တင်ပေးလိုက်ပါတယ် ..


4:05 PM
ခွပ်ဒေါင်းအလံ လွင့်ပျံနေတဲ့ ရန်ကုန်လူထု အုံကြွမှု

မြန်မာစံတော်ချိန် နေ့လည် ၃ နာရီ (သတင်းပေးပို့ချိန်)

ခွပ်ဒေါင်းအလံများ လွင့်ပျံနေသော ရန်ကုန် ဆန္ဒပြ လူထုကြီး ဆူးလေ ဘုရားမှသည် ဗိုလ်တထောင် ဘုရားဘက်သို့ ဆက်လက် ချီတက်နေသည်။ သံဃာတော်များက မြို့နယ်အလိုက် လူစုခွဲ စည်းရုံးမှုများလည်း စတင် လုပ်လာသဖြင့် လူအင်အား လျော့နည်းသွားသည်။

ဒီနေ့ကတော့ အဖွဲ့တွေ စုံတယ်ပေါ့နော်။ ဦးပဉ္ဇင်းတွေ ပါတယ်၊ ဆရာလေးတွေပါတယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ပါတယ်၊ သမဂ္ဂအလံ ခွပ်ဒေါင်းအလံနဲ့ ကျောင်းသားသမဂ္ဂ ပါတယ်။ အခုဟာက ပြီးတော့ မပြီးသေးဘူး။ လမ်းဆက်လျှောက် သွားကြတယ်။ လူစုမခွဲဘူး။ ဆက်သွားနေတာ။ အခု ဗိုလ်တထောင်ဘက် သွားနေကြတယ်။ လူအင်အားကတော့ ၅ သောင်း၊ ၆ သောင်းလောက် ရှိတယ်။ ဒါက ဘုရားကနေ လာတာပေါ့နော်။ ဒီ မြို့ထဲမှာတော့ အများကြီးပဲဗျ။ ဘေးမှာ ဝိုင်းပြီးတော့ အားပေးတာပေါ့။ ဘုန်းကြီးကတော့ ၆ ထောင်၊ ၇ ထောင် အထက်မှာပဲ ရှိတယ်ဗျ။ နည်းတယ်ရယ်တော့ မဟုတ်ဘူးဗျ။ သူ့ကျောင်း သူ့နေရာမှာရှိတဲ့ ပြည်သူတွေကို လှည့်ခေါ်နေကြတယ်လို့ သိထားတယ်။ ဥပမာ အလုံမှာ ရှိတဲ့ အောင်မင်္ဂလာတိုက်က သံဃာတော်တွေက သူတို့နဲ့ လိုက်ပါအောင် လှည့်အော်နေကြတယ်။ လှိုင်သာယာဘက်မှာလည်း ဘုန်းကြီးတွေက လိုက်အော်နေတယ်။ အမိန့်တွေ ထုတ်လို့ လူတွေ မကြောက်အောင် လိုက်ခေါ်နေတာ။ သူ့မြို့နယ်နဲ့သူ လိုက်ပြီးတော့ စည်းရုံးတဲ့ သဘောပေါ့ဗျာ။


2:55 PM
စစ်အစိုးရက ဆန္ဒပြပွဲများ မဖြစ်ပေါ်ရန် ခြိမ်းခြောက်မှုများ လုပ်ထားသော်လည်း ရန်ကုန်လူထု ဆန္ဒပြပွဲကြီးကား ပိုမို ကြီးမားလာပြီး ရက်ပ်သီချင်း အဆိုတော်များ အပါအဝင် အဆိုတော်များ၊ စာရေးဆရာများ၊ ရုပ်ရှင် အနုပညာသည်များလည်း ဆက်လက် ပါဝင်နေပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် လူငယ် ခေါင်းဆောင်များကိုလည်း တွေ့ရသည်။

2:40 PM
ရန်ကုန်လူထု အုံကြွပြီ

ဒုတိယနေ့ ဆူးလေတွင် ဆုံမည့် လူထု အုံကြွမှုကြီးတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များလည်း ပါဝင်ပြီး “အရေးတော်ပုံ အောင်ရမည်” ဆိုသော ကြွေးကျော်သံများနှင့် တခဲနက်ညံလျှက် ရှိသည်။ သတင်းယူလျှက်ရှိစဉ်ပင် ကြွေးကျော်သံများ ကြားနေရသည်။

သံဃာ ၅ သောင်းကျော် အထိပင် ရှိနိုင်ပြီး လူထု ၁ သိန်းကျော်မည်ဟု မျက်မြင်သက်သေ အများအပြားက ခန့်မှန်းသော အုံကြွမှုကြီးအနီး လုံခြုံရေးများ မတွေ့ရကြောင်းလည်း သိရသည်။

“၁၃ဝဝ ပြည့်အရေးတော်ပုံ” လိုမျိုး ဖြစ်ပြီဟု အနီးတွင် စောင့်ကြည့်နေသူ တဦးက မဇ္ဈိမသို့ ပြောပြသည်။

2:05 PM
ထောင်ပေါင်းများစွာသော ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လူပရိတ်သတ် အများအပြား ရွှေတိဂုံ ဘုရားမှသည် ဆူးလေဘုရားသို့ ချီတက်လျှက်ရှိရာ ယခုအချိန်တွင် အလံပြဘုရား လမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

11:40 AM
လုံခြုံရေးတိုးလာမှုနှင့် နှစ်ဘက်စိုးရိမ်မှု

ရန်ကုန်မြို့တွင် စစ်အစိုးရက တပ်အင်အားများ တိုးချထားလိုက်ရာတွင် အာဇာနည်ကုန်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ် ကြေးသွန်းဘုရားတို့တွင် ထပ်တိုးတပ်များကို တွေ့မြင်ရသည်။

ဆူးလေဘုရား အနီးတဝိုက်၊ မြို့တော်ခန်းမ ရှေ့များတွင်လည်း စစ်ဝတ်စုံ အပြည့်နှင့် လုံခြုံရေးများ ပိုတိုးလာသည်။

ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းမည်လား ဆိုသော စိုးရိမ်မှုများ ပေါ်နေသလို သံဃာတော်များကို အကြမ်းဖက်လျှင် ပိုမို မီးထိုးပေးလိုက် သလို ဖြစ်မှာ အာဏာပိုင်တို့ စိုးရိမ်နေကြသည်ဟု အစိုးရနှင့် နီးစပ်သူ အသိုင်းအဝိုင်းက ပြောသည်။

လက်ရှိအနေအထားတွင် စစ်အာဏာပိုင်တို့ဘက်မှ ဆန္ဒပြပွဲများမကြီးထွားရန် ဟန့်တားမှုများကို ကြိုးစားလုပ်နေရကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံ တကာ အေဂျင်စီ တခုမှ လေ့လာသူ တဦးက ပြောသည်။

11:25 AM
ရန်ကုန်မြို့မှာ ဆန္ဒမပြဖို့ လော်နဲ့အော်

ဆန္ဒမပြရန်နှင့် ဆန္ဒပြလျှင် အရေးယူမည်ဟု ရန်ကုန်မြို့တွင် အသံချဲ့စက်များဖြင့် သက်ဆိုင်ရာ အာဏာပိုင်များက လိုက်လံ အော်လျှက် ရှိသည်။

Read More...

ပြည်သူ့အားအင်တွေ




မနေ့က အခြေအနေအရပ်ရပ်က ကျွန်တော့်ကို မျက်ရည်ဝဲစေခဲ့တယ် ... ကြက်သီးတွေထစေခဲ့တယ် .. အရမ်းလည်း အားရကျေနပ်မိတယ် .... ပါဝင်သူတွေကိုလည်း လေးစားဂုဏ်ယူမိတယ် .. သံဃာ့အာဇာနည် ဘုန်းဘုန်းတွေကိုလည်း ကြည်ညိုမိတယ် ..... ပြီးတော့ ပြည်သူချစ်တဲ့ အနုပညာရှင်ဲ့ ... ပြည်သူတွေကိုလည်းချစ်တဲ့ အနုပညာရှင်တွေဖြစ်တ ကိုဇာဂနာ ... ကိုကျော်သူ ... မထွန်းအိန္ဒြာဗို တို့ကိုလည်း လေးစားမိတယ် ... ဒါမှ ပြည့်သူ့ကိုချစ်တဲ့ အနုပညာရှင်တွေဖြစ်တယ် ကျန်တဲ့ ပြည်သူကို ချစ်တဲ့ အနုပညာရှင်တွေလည်း ပါဝင်ကြမယ်လို့ သတင်းရထားပါတယ် ..... မျိုးချစ်တပ်မတော်နဲ့ ပြည်သူချစ် အနုပညာရှင်တွေကို ပြည်သူတွေ မျှော်နေကြပါတယ်လို့ ပြောပေးကြပါ .... ပြည်သူကိုချစ်တဲ့အနုပညာရှင်တွေဟာ ပြည်သူတွေအတွက် အားအင်တစ်ခုပါပဲ.... ပါဝင်လှုပ်ရှားသူအားလုံး ဘေးအန္တာရာယ်ကင်းရှင်းပြီး ရည်မှန်းချက် ပိန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ....

Read More...

ခေါင်းဆောင်တွေ့ပြီ

စက်တင်ဘာလ ၂၄ ရက်၊ ၂၀၀၇ ခုနှစ်။

ဗိုလ်ချုပ်မှူးကြီးက ဒေါသဖြင့် ပြောနေသည်။

"ဘယ်လိုလဲ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး ဗိုလ်ချုပ်ကြီး၊ ဘုန်းကြီးတွေ ဆန္ဒပြတာ မရပ်သေး ပါလား။ မင်းပြောတော့ လွယ်လွယ်လေးဆို၊ ခေါင်းဆောင်တွေ ရွေးဖမ်းလိုက်ရင် ငြိမ်သွားမယ်ဆို။"

"ဟုတ်ကဲ့၊ ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ခေါင်းဆောင်တွေ တိတိကျကျမသိရဘူးလို့ တင်ပြ လာလို့ပါ ဗိုလ်ချုပ်၊ ကျွန်တော်နည်းပေါင်းစုံနဲ့ ခေါင်းဆောင်တွေကို ဖော်ထုတ်ခိုင်းထားပါတယ်။"

ထိုစဉ် ရုံးခန်းတွင်းသို့ ဗိုလ်မှူးကြီး တဦး ရေးကြီး သုတ်ပျာ ၀င်လာသည်။

"ဗိုလ်ချုပ်၊ ဗိုလ်ချုပ် ကျွန်တော် သံဃာတွေရဲ့ ခေါင်းဆောင် ဘယ်သူလဲဆိုတာ သိပြီ။ ဟောဒီစာအုပ် ထဲမှာပါတယ်။"

"ဟုတ်လား ဘယ်သူလဲ အမြန်ပြောစမ်း။"

" "ဂေါတမ" တဲ့ ဗိုလ်ချုပ်။"

"အေး- အဲဒါဆို သူ့ကို ဖမ်းလိုက်။"

Read More...

Monday, September 24, 2007

၂၄ ရက်နေ့ သတင်း

မြန်မာစံတော်ချိန် ၁၈း၀၀

မြို့တော်ခန်းမ ရှေ့တွင် ငြိမ်းချမ်းစွာ လူစုခွဲလိုက်ပါကြောင်း သိရပါသည်။ မြို့တော်ခန်းမရှေ့တွင် စစ်ကား လေးစီးခန့် ချထားကြောင်း သိရပါသည်။


(Mizzima)
4:10 PM
ဆူးလေဘုရား လမ်းပေါ်တွင် စုရုံး ဆန္ဒပြနေသူ လူသောင်းပေါင်း များစွာသော ဆန္ဒပြ လူထုကြီးသည် ဗိုလ်တထောင် ဘုရားဘက် ရွှေ့သွားနေ သည်။ မျက်မြင်များ အဆိုအရ လူတသိန်းကျော်အထိ ရှိနိုင်မည်ဟု သိရသည်။

4:05 PM
မြန်မာစံတော်ချိန် ၃ နာရီခွဲ

လူ ၅ သောင်းပါ ရန်ကုန်ဆန္ဒပြ စစ်ကြောင်းတခုသည် လှည်းတန်း လမ်းဆုံမှသည် ကမ္ဘာအေး ဘုရားဘက်သို့ ချီတက်သွားနေရာ ပြည်လမ်း ၆ မိုင်ခွဲကို မကြာမီက ဖြတ်သွားကြောင်း လိုက်လံ ကြည့်ရှုနေသူ တဦးက ပြောသည်။

.........................................................................................................

(Irrawaddy)

Sittwe, Arakan State, 2 p.m.—About 20,000 monks led an estimated 100,000 civilians from all over Sittwe Township in Arakan state in a peaceful demonstration around the city at about 2:00 p.m. on Monday, according to witnesses who were involved in the protest. The monks chanted the metta sutta (the Buddha’s words on loving kindness) and witnesses said that all classes of people—such as farmers, workers and students—also joined the march. The demonstrators were demanding a reduction in the price of fuel and basic commodities. “There have been no disturbances so far,” the witnesses said.

Shwebo, Sagaing Division, 1 p.m.—About 80 monks in Shwebo Township in Sagaing Division participated in a peaceful demonstration at about 1 p.m., chanting the metta sutta (the Buddha’s words on loving kindness), according to an eyewitness. Members of the public offered water and food to the monks during the march.

Bamaw, Kachin State, 8 a.m.—About 270 monks in Bamaw Township in Kachin State staged a peaceful demonstration on Monday from about 6 a.m. to 8 a.m. and recited the metta sutta (the Buddha’s words on loving kindness), according to a monk who was involved in the protest. The monks at the front of the march held Buddhist flags and three alms bowls were turned upside-down, said the monk. Authorities closely followed the protest and security has been beefed up since Sunday, he said.

Rest of your post

Read More...

လက်ရှိအခြေအနေများ .....

ဒီကနေ့ ဓါတ်ပုံတွေပါ ...


















(Irrawaddy)

2:45 PM
သမတရုံမှသည် ဆူးလေအထိ ဆူးလေ လမ်းမကြီးပေါ်တွင် ဆန္ဒပြသူများ ပြည့်နှက်နေသည်။ လူပေါင်း ၅ သောင်းခန့် ရှိမည်ဟု မျက်မြင် များက ခန့်မှန်း ပြောကြသည်။ မဇ္ဈိမက သတင်းယူနေချိန်တွင် လူအများ၏ လက်ခုတ်သံများကို ကြားနေရသည်။

2:00 PM
ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ အဖမ်းခံရသည် ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း မဟုတ်မှန်ကြောင်းနှင့် ရွှေတိဂုံ ဘုရား ဆွမ်းလှူဒါန်းပွဲတွင် ရှိနေပါသည်ဟု နောက်ဆုံးသတင်း ရရှိသည်။

3:35 PM
ရေနံချောင်းတွင် ထပ်မံ ဆန္ဒပြ

ရေနံချောင်းမြို့တွင် သံဃာတော် ၆ဝဝ ကျော်နှင့် လူ တသောင်းကျော်က ဆန္ဒပြကြသည်။

မြတ်စောညီနောင် ဘုရားမှ စတင်ထွက်သော ဆန္ဒပြသူများသည် မယကရုံး ရှေ့တွင် မေတ္တာသုတ် ၉ ခေါက် ရွတ်ဆို ခဲ့ကြသေးသည်။

“လူအုပ်ကြီးကတော့ နောက်ကနေပြီး ပိုစတာတွေ ကိုင်ပြီးတော့ လိုက်တာတော့ ရှိတယ်။ အခု ရန်ကုန်နဲ့ တိုင်ပင်လုပ်ထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး ဒို့ အရေး၊ ကုန်းဈေးနှုန်း ကျဆင်းရေး ဒို့ အရေး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အကျဉ်းသားများ လွတ်ပေးရေး ဒို့ အရေး” ဟု မျက်မြင် သက်သေတဦးက ပြောသည်။

ရှမ်းပြည်မှာ တည်ငြိမ်နေသော်လည်း လုံခြုံရေး တင်းကြပ်

မြန်မာစံတော်ချိန် ၂ နာရီ ၂ဝ မိနစ် (သတင်းပေးပို့ချိန်)

ရှမ်းပြည်နယ်တွင် ယေဘူယျအားဖြင့် အေးဆေး တည်ငြိမ်လျက် ရှိပြီး လားရှိုးမြို့တွင် လုံခြုံရေးများ ချထားကြောင်း ဒေသခံ တဦးက ယခုလို ပြောဆိုသည်။

“ရှမ်းပြည်နယ် တဝိုက်မှာတော့ လောလောဆယ် တည်ငြိမ်နေပါတယ်။ ဒါပေမယ်လို့ လားရှိုးမှာတော့ လုံခြုံရေးတွေ အပြည့်ချထားတယ်။ အထူးသဖြင့် လားရှိုး မြို့တော်ခန်းမ ရှေ့မှာ အပြည့် ချထားတယ်။ မူလတန်း၊ အလယ်တန်း ကျောင်းတချို့မှာ အစိုးရ ဆန့်ကျင်စာတွေ လာကြဲချသွားတယ်လို့ ပြောတယ်။ ဒါကြောင့် ကျောင်းသား မိဘတွေကို ကျောင်းဝင်း အတွင်းဝင်ပြီး ကလေးတွေကို ထမင်းဗူးပို့၊ ကျွေးတာတွေကို တားမြစ် ထားတယ်လို့ သိရတယ်။ ကျောင်းတွေ ပိတ်တာတော့ မရှိသေးဘူး။ အားလုံးကလည်း နားစွင့်နေကြတယ်။”

သံဃာသပိတ် ဖြိုခွဲမယ့် ဦးအောင်သောင်းရဲ့ နတ်မောက်ကျောင်းက စတင်ဆန္ဒပြ

နောက်ဆက်တွဲ
(မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ် သတင်းပေးပို့ချက်)

ဒေသခံတဦးက မဇ္ဈိမသို့ ပြောပြချက်

“သံဃာ ၂၅၅ ပါးပေါ့လေ။ နတ်မောက်မြို့မှာ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းရှိတယ်။ နယ်ကျောင်း တကျောင်း အပါအဝင် ကျောင်းတိုက် ၁ဝ ကျောင်းလုံးမှာ ရှိတဲ့ စာသင်သား အားလုံး။ စာသင်တိုက်က ၂ ကျောင်း ရှိတယ်။ ဒီပင်္ကရာ စာသင်တိုက်၊ ဖျောက်ဆိတ်ပင် စာသင်တိုက်။ ကျောင်းတိုက်တွေက တမာပင်မှာ စုတယ်။ ပြီးတော့ မြို့ထဲ လမ်းလျှောက်တယ်။ သာသနာ့ အလံတော် ကိုင်တာတွေ၊ သပိတ် ၃ လုံး မှောက်ပြီး ကိုင်တာတွေက တခြားမြို့တွေနဲ့ အတူတူပါပဲ။ လူထု ပရိသတ်က ၃ဝဝ လောက် ရှိမယ်။ အခုတော့ ပြီးသွားပါပြီ။ မနက် ၆ နာရီခွဲကနေ စတာ ၇ နာရီခွဲမှာ ငြိမ်းချမ်းစွာ ပြီးဆုံးပါတယ်။ အနှောင့်အယှက် မရှိပါဘူး။ ဓာတ်ပုံ ရိုက်တာလောက်ပဲ ရှိတယ်။

ကျနော်တို့ ဒီလို သပိတ်မှောက်တာဟာ မြို့တော် သံဃာ့ နာယကရဲ့ သဘော တူညီချက်အရ မှောက်တာပါ။ သံဃာ့နာယက ဆရာတော်ဟောင်း ဦးဉာဏ်သောဘာသ (သက်တော် ၈၈)၊ လက်ရှိ ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးတို့ ဦးစီးပြီးတော့ လုပ်တာ။ ဆရာတော် ဘုရားကြီးက ဘာပြောလဲ ဆိုတော့ “လူတိုင်းလူတိုင်းဟာ သမိုင်းအကြွေး မကျန်အောင် မှောက်ရမယ်၊ အခု မှောက်တာဟာ နတ်မောက်မြို့ ညီညွတ်မှုတင် မဟုတ်ပါဘူး၊ သံဃာ့ ညီညွတ်မှုကို ပြတဲ့အနေနဲ့ မှောက်ရမယ်” ပြောတယ်။ တဖက် အဖွဲ့အစည်းက ဘာပြောပြော၊ လက်တုံ့ ပြန်လာရင်လည်း သီးခံရမယ်လို့ ဆရာတော်ကြီးက မိန့်ကြားတယ်။

နတ်မောက်မြို့ဟာ ဗိုလ်ချုပ်အောင်ဆန်း မွေးတဲ့မြို့ဖြစ်ပြီး ဒီကနေ့ ဆန္ဒပြပွဲမှာ အင်အား အများဆုံး ပါတာက ဝန်ကြီး ဦးအောင်သောင်း ကိုးကွယ်တဲ့ ဒီပင်္ကရာ စာသင်တိုက်ကြီး (နတ်မောက်မြို့မှာ အကြီးဆုံး ဘုန်းကြီးကျောင်း) က ဖြစ်တယ်ဗျ။

------------

ဆင်ဖြူကျွန်းမှာ ဆန္ဒပြ

(မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ် သတင်းပေးပို့ချက်)

“ဆင်ဖြူကျွန်းမှာ မဟာသုတိသာရာမတိုက်၊ မဟာဝိဇယရာမတိုက်က သံဃာတော်အပါး ၁၅ဝ၊ ပရိသတ် ၁ဝဝဝ ကျော်၊ နေ့လည် ၁၂ နာရီခွဲကနေ စမှောက်တယ်။ မြို့လယ် ဆုတောင်းပြည့် ဘုရားမှာ တရားတွေ ရွတ်ကြတယ်။ ကျောက်ဆည် ဘုရားကနေ ရှင်ပင်မုနိ မဟာရန်ဏီ ဘုရားအထိ လျှောက်ကြတယ်။ နေ့လည် ၂ နာရီလောက်မှာ ပြီးတယ်။ အနှောင့်အယှက် မရှိ” ဟု ဒေသခံ တဦးက ပြောသည်။

3:10 PM
အောင်လံမြို့ ဆန္ဒပြ

“သာဝတီသာကျောင်းတိုက်ကနေ သံဃာတော်အပါး ၂ဝဝကျော်လောက်ရှိတယ်။ ပြည်သူတွေ အားလုံးက လိုအပ်တာတွေကို ကူညီ ဆာင်ရွက် ပေးကြပါတယ်။ ဘာလုံခြုံရေး အနှောက်အယှက် ဘာမှမရှိဘူး။ အရှေ့ရော အနောက်ရော အလယ်ရော သာသနာ့ အလံတွေ ကိုင်ပြီးတော့ ညီညီညာညာနဲ့ မေတ္တာပို့တယ်။ ပြည်သူတွေက ဘေးကနေ လက်အုပ်ချီပြီး လှူကြတမ်းကြပါပဲ။ ဖျော်ရည်တို့၊ ရေတို့ လိုက်ကပ်ပေးကြတယ်။ နောက်ကနေ ပြည်သူတွေကတော့ ငါးရာလောက်တော့ ရှိတယ်။ ရေရာတိုင်းမှာ အိမ်ပြင်ကနေ ထွက်ပြီး ကြိုကြတယ်။ နောက်ကနေ တကောက်ကောက် လိုက်နေကြတယ်။ အပြင်ထွက်ပြီး ကြိုနေကြတယ်။ သံဃာတွေက ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်ပြီး မကျီးကုန်း ရပ်ကွက်ကိုရောက် မကျီးကုန်းကနေ မြောက်ပိုင်း ပြန်တက်သွားပြီး အခုလောလောဆယ် မြို့မဈေးမှာ ရောက်နေပြီ ပြည်သူတွေအများက အအေးတို့ အချိုရည်တို့နဲ့ လက်အုတ်ချီပြီး ကြည်ညိုကြတယ်။ အခုချိန်ထိတော် ဘာအနောက်အယှက် မရှိသေးဘူး။ ဆက်လျှောက်တုန်း ရှိသေးတယ်။” ဟု လိုက်လံ ကြည့်ရှုနေသူတဦးက မဇ္ဈိမသို့ ပြောပြသည်။

2:55 PM
ရေစကြိုတွင် ဆန္ဒပြ

“တနာရီလောက်က အောင်မြေသာယာ သူဌေးတိုက်ကနေ စထွက်တယ်။ သံဃာ အပါး ၂၅ဝ ရှိမယ် မြို့ပေါ်မှာရှိတဲ့ ကျောင်းတိုက် ၄-၅ တိုက်လောက်က အောင်မြေသာယာ သူဌေးတိုက်ပါမယ်။ မြို့မ အရှေ့အနောက် နှစ်ကျောင်းပါမယ်။ နဂါးရုံ ပါမယ်။ နောက် မစိုးရိမ် ကျောင်းတိုက် အဲဒါတွေပါတယ် ။ တောက်ဘက်အရပ် အားကစားကွင်း ရှိတဲ့ အရပ်ဘက်ကို သွားတယ်။ ဘောလုံးကွင်းနားကနေ ပါတ်ပြီးတော့ အနောက် ကံပွင့်တိုက်ကို သွားတယ်။ ကံပွင်တိုက် ဒီဘက်လမ်းကနေမှ မြောက်အတိုင်း ဗိုလ်ချုပ် အောင်ဆန်း လမ်းဘက်ကနေ မြို့ထဲကို ပြန်ဝင်သွားတယ်။” ဟု ရေစကြိုမြို့ခံ တဦးက ပြောသည်။

“အောင်မြေသာယာ ကျောင်းတိုက်က ပြည်သူတွေ စပြီးတော့ လိုက်ပါလာကြတယ်။ သံဃာတွေက နှစ်ပါးတတွဲ နှစ်ပါးတစ်တွဲ ရှေ့ဆုံး သံဃာမှာ သာသနာ့အလံ ပါတယ။် မေတ္တာပို့ ပရိတ်ရွတ်ပြီးတော့ ဒီအတိုင်းပဲ လျှောက်ကြတယ်။” ဟု သူက ထပ်ပြောသည်။

2:25 PM
ပခုက္ကူမှာ သံဃာတော် ၇ဝဝ ခန့် စတင် လှည့်လည်ပြီ

မြန်မာပြည်တွင် သံဃာတော် အရေအတွက် ဒုတိယ အများဆုံး သီတင်းသုံးရာ မကွေးတိုင်း ပခုက္ကူ မြို့တွင် ယခုအခါ သံဃာတော်များသည် ကျောင်းတိုက်ကြီးများ စုပေါင်းကာ မြို့အတွင်းသို့ စတင်၍ ဆန္ဒပြ လှည့်လည်ရန် တာစူနေပြီ ဖြစ်သည်။

သံဃာတော်တပါးက … “သံဃာတော်တွေကတော့ ထွက်သွားပြီ။ အနောက်တိုက်၊ အလယ်တိုက်၊ ဗောဓိမဏ္ဍိုင် ဆိုပြီးတော့ ထွက်သွားကြပြီ။ အခု ထွက်သွားတဲ့ သံဃာတော် လက်ရှိ အင်အားကတော့ ၇ဝဝ လောက် ရှိတယ်။ အခုကိုပဲ စထွက်ကုန်ကြတာ။ ထုံးစံအတိုင်း ပရိတ် ရွတ်ဖတ်ကြတယ်။ အခု အခြေအနေက တတိုက်နဲ့ တတိုက် လှည့်ဝင်ခေါ်နေတဲ့ အခြေအနေ ပေါ့လေ။ တိုက်ကြီး ၄ တိုက် ဆုံပြီးမှ လူတွေ ပါဝင်မှုကို သိလာရမှာ” ဟု ပြောသည်။

2:20 PM
မန္တလေးမြို့တွင် သံဃာတော် ၃ဝဝဝ ခန့်သည် ချီတက် ဆန္ဒပြလျှက် ရှိပြီး လူထု အများအပြား လိုက်ပါလျှက် ရှိသည်။

2:00 PM
ကလေးမြို့မှာ ရဟန်းနဲ့ ပြည်သူ ပူးတွဲဆန္ဒပြနေပြီ

“ကလေးမြို့မှာ သံဃာတော်တွေက မနက်ပိုင်းက မြို့ထဲမှာ လှည့်ပြီး မေတ္တာသုတ် ရွတ်တယ်။ ပြီးတော့ ဘုရားကြီးမှာ ပြန်လည် စုဝေးနေတာပေါ့။ သံဃာတော်တွေက ၆ဝဝ ကျော်လောက် ရှိနေတယ်။ ကလေး တက္ကသိုလ်က ကျောင်းသားတွေကလည်း စာမေးပွဲတွေလည်း မဖြေကြဘဲနဲ့ ဘုရားကြီးကနေ သံဃာတော်တွေနဲ့ စုပေါင်းတယ်။ အခုနေ့လည်ပိုင်း ၁ နာရီလောက်က စတာပေါ့။ တာဟန်းဘက်ကို သွားကြတာ။ ကျောင်းသားတွေရော၊ ပြည်သူတွေရော အများကြီးပဲ။ လိုက်သွားကြတာ။ ကြွေးကြော် သွားကြတယ်။ “စားဝတ်နေရေး အဆင်ပြေရေး … ဒို့အရေး၊ စစ်အာဏာရှင်စနစ် ပြတ်ကျရေး … ဒို့အရေး” ပေါ့နော်။ အဲဒါမျိုးတွေပါပဲ။ အော်သွားကြတယ်။ ထင်တာတော့ တာဟန်း ကျောင်းဘက်ကို သွားတာ ဖြစ်မယ်။ ပြန်တော့ တပတ် ပြန်ပတ်လာမယ်တဲ့” ဟု ဒေသခံ တဦးက ပြောသည်။

မုံရွာမြို့ အခြေအနေ နောက်ဆက်တွဲ

မြန်မာစံတော်ချိန် ၂ နာရီ (သတင်းပေးပို့ချိန်)

“ရွှေစည်းခုံ ဘုရားမှာ အန်အယ်ဒီကနေ သံဃာတော်တွေကို ဖျော်ရည်၊ ဇင်ဇင်း ဒိုင်ဂျင်း ဆေးကပ်လှူတယ်။ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိတယ်။ ကျောင်းတိုက် သေးသေးလေးတွေကလည်း နည်းနည်းချင်း ထွက်နေကြတာပေါ့နော။ ဈေးသစ်နားမှာ ဆုံတာလေ။ လူထုပရိသတ်ကလည်း အတော်ကို များတယ်၊ အားပေးကြတာ။ ဈေးသစ်နားမှာ 'ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး … ဒို့အရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး … ဒို့အရေး' အော်ကြတယ်။ ကျန်တဲ့ နေရာမှာတော့ မအော်ပါဘူး။ ဘုရားတွေကို ဝင်ကြတယ်။ အခုတော့ ကျောင်းတိုက်တွေကို ပြန်ကြွ သွားကြပြီ။ အေးအေးဆေးဆေးပဲ ဘာမှ အနှောင့်အယှက် မရှိဘူး။ ဇောတိက၊ ဖုန်းစိုး၊ ပေပင်၊ ရန်ကင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့နော်။ အပါး ၇ဝ၊ ၁ဝဝ သံဃာ အုပ်စုတွေလည်း တွေ့ရတယ်။ ဈေးသစ်မှာ သွားဆုံကြတယ်ပေါ့နော်” ဟု ဒေသခံ တဦးက ပြောသည်။

1:55 PM
မုံရွာ ဆန္ဒပြပွဲ စတင်ပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးမှ နှိုးဆော်ထားသည့် အထွေထွေသပိတ် ဆင်နွှဲရေး သတ်မှတ်ရက်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ သံဃာတော် အပါး ၁၅ဝ ခန့်သည် ယနေ့နံနက် ၁၁ နာရီခန့်မှ စတင်ကာ ချီတက် ဆန္ဒပြပြီ ဖြစ်သည်။

“အခု စထွက်နေပြီ။ ဇောတိကနဲ့ ဖုန်းစိုး က တွဲထွက်တာလေ။ ပေပင်ကျောင်းနဲ့ ရန်ကင်းကျောင်းကလည်း သပ်သပ်စီ ထွက်ကုန်ပြီတဲ့။ ဒါကတော့ ကြားတာ။ အရေအတွက်တော့ မသိသေးပါဘူး။ ပြည်သူတွေတော့ မပါသေးဘူးရှင့်။ ဘုန်းကြီးတွေချည်း ပါပဲ။ အားလုံးက မြောက်ဘုရား ရွှေစည်းခုံ ဘက်ကို ကြွသွားကြပါတယ်” ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

1:45 PM
ဒိုက်ဦးမြို့ ဆန္ဒပြ

ပဲခူးတိုင်း ဒိုက်ဦးမြို့တွင် သံဃာတော်အပါး ၄ဝဝ ကျော် ပါဝင်သော ဆန္ဒပြမှု တခု ယနေ့ ထပ်မံ ပြုလုပ်ခဲ့သည်။

“မြို့အဝင်လမ်း ရောက်တဲ့အခါကျတော့ ဒီမြို့ထဲက လူတွေကနေပြီးတော့ ရေသန့်ဗူးတွေ၊ သံဃာတွေရော၊ ပြည်သူတွေရော အားလုံးကို လှူဒါန်းတယ်။ အဲဒီမြို့ အဝင်လမ်းကနေပြီးတော့ အောင်ချမ်းသာ လမ်းကနေ တောက်လျှောက် ဝင်တယ်။ အောင်ချမ်းသာ လမ်းကနေ မြို့ပတ်လမ်း မြို့ပတ်လမ်းက နေပြီးတော့ ရေကျော်လမ်းကနေပြီး ဈေးကိုဝင်တယ်။ ဈေးကနေပြီးတော့ အဲဒီ ကုန်သည်လမ်းက နေပြီးတော့ ဖောင်ဝင်းလမ်းကို ပြန်တက်ပြီးတော့ အဲဒီ ခေမာသီ ကျောင်း ရန်မျိုးအောင် ဘုရားမှာ ပြန်ပြီးတော့ ဆုတောင်း မေတ္တာ ပို့ပြီးတော့ ပြီးသွားတယ်။” ဟု လမ်းလျှောက် ဆန္ဒပြပွဲတွင် ပါဝင်သူ တဦးက မဇ္ဈိမသို့ ပြောပြသည်။

၂ နာရီကျော်ကြာ ဆန္ဒပြပွဲတွင် လိုက်ပါလာသူ ၁ဝဝဝ ခန့် ရှိခဲ့သည်ဟု သူမက ပြောသည်။

“ဈေးထဲဘက် ရောက်လို့ ရှိရင်လည်း ဈေးထဲဘက်က တချို့ ဈေးသည်တွေဆိုရင် ဈေးပန်းကြီးတွေ အကုန် ပစ်ထားခဲ့ပြီး လိုက်လာကြတယ်။ နောက်လမ်းဘေးမှာ ချရောင်းနေတဲ့ ဈေးသည်တွေကလည်း အကုန်လုံး ထားခဲ့ပြီး လိုက်ကြတာပဲ။ လူတွေကလည်း တက်တက်ကြွကြွ လိုက်ပါတယ်။ အားလုံး ဆူဆူညံညံတော့ အလုပ်ရဘူး ဆိုတာ ဆရာတော်တွေက ပြောထားတယ်လေ။ အေးအေးဆေးဆေးပဲ လိုက်ကြဖို့ ပြောတာ အားလုံးပဲ အေးအေးဆေးဆေးပဲ လိုက်ကြတယ်။” ဟု သူမက ပြောသည်။
.........................................................................................................................

ဧရာဝတီ | စက်တင်ဘာ ၂၄၊ ၂၀၀၇

ပခုက္ကူ-မကွေးတိုင်း - ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် ပခုက္ကူမြို့ရှိ သံဃာတော်အပါး ၂၅၀၀ ခန့်က ဦးဆောင်ပြီး မြို့လူထု ၁ သိန်းကျော် ပါဝင် ဆန္ဒပြချီတက်ကြောင်း ဆန္ဒပြရာတွင်ပါဝင်သည့် သံဃာတော်တပါးက ပြောသည်။

ယင်းဆန္ဒပြပွဲသည် ပခုက္ကူမြို့ စာသင်တိုက်ကြီး ၄ တိုက်ရှိသံဃာတော်များက ဦးဆောင်စုစည်း၍ လူထုကို သာသနာ့ အလံများနှင့် မေတ္တာပို့မြန်မာပြန်စာရွက်များ ကြိုတင်ဝေငှထားပြီး မေတ္တာသုတ်၊ မောရသုတ်များနှင့် မေတ္တာပို့မြန်မာပြန် များကို ရွတ်ဆိုချီတက်သည်ဟု အထက်ပါ သံဃာတော်ကပြောသည်။
သံဃာတော်များက ဆန္ဒပြပွဲကို စည်းကမ်းစနစ်ကျစွာ ဦးဆောင်ပြီး မြို့လူထုက သံဃာတော်များနောက်မှ လိုက်ပါ ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြို-မကွေးတိုင်း - ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် မကွေးတိုင်း ရေစကြိုမြို့ရှိ တိုက်ကြီးကျောင်းခေါ် အောင်မြေသာယာကျောင်းတိုက်မှ သံဃာတော်အပါး၂၅၀ ကျော်သည် မေတ္တာသုတ်၊ မောရသုတ်များရွတ်ဆို၍ ချီတက်ဆန္ဒပြ သည်ဟု သိရသည်။

“သာသနာ့ အလံ ဆယ်ခုကိုင် တယ်၊ နှစ်ပါး တတန်းစီ ချီတက်တယ်၊ ပြည်သူတွေက ရှင်လောင်း ပွဲကြည့်နေသလို အရမ်းများတယ်၊ အန်အယ်လ်ဒီ တိုင်းဥက္ကဌ လည်းပါတယ်၊ ဈေးသူဈေးသားတွေလည်း ပါတယ်၊ ပြည်သူတွေက ရေကပ်လှူတယ်၊ ထိုင်ရှိခိုးကြတယ်” ဟု ရေစကြို ဒေသခံတဦးက ပြောသည်။
ယမန်နေ့ည ၈နာရီ ခန့်ကလည်း ရွေတန်းဇာ ဘုရားပေါ်တွင် လူ ၅၀ ကျော် ပါဝင်သည့် ၀တ်အဖွဲ့ နှင့် ဂေါပက ဥက္ကဌတို့က မေတ္တာသုတ်ရွတ် ကြသည်ဟုလည်း ၎င်းက ပြောသည်။

မုံရွာမြို့-စစ်ကိုင်းတိုင်း - ယနေ့ နံနက် ၁၁း ၃၀ နာရီ ခန့်က မုံရွာမြို့ရှိ သံဃာတော် အပါး ၃၅၀ ကျော်သည် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြောင်း မျက်မြင် တဦးကပြောသည်။

ထို့အပြင် မုံရွာမြို့ ပြည်ထောင်စု လမ်းမတွင် ဆန္ဒပြ သံဃာများနှင့် လိုက်ပါပူးပေါင်း ဆန္ဒပြရန်အတွက် ရာနှင့်ချီသည့် သံဃာတော်များကလည်း စောင့်ဆိုင်းလျှက်ရှိသည်ဟု ၎င်းကဆိုသည်။
ဆန္ဒပြ သံဃာတော်များသည် မုံရွာမြို့ကို ပတ်၍ ချီတက်မည်ဖြစ်ကြောင်း သိရသည်။
.............................................................................................
(Mizzima)
Rangoon, 2 p.m.— Several state schools in Rangoon’s downtown have been closed down. Currently, the demonstrators are heading to Sule Pagoda. The crowd has swollen to about 30,000 people, including about 20 celebrities.

Pegu, 1 p.m.—More than 400 monks took part in a peaceful demonstration in Pegu city while hundreds of others monks waited on the other side of city to join in, residents said. About 3,000 laypeople joined the demonstration.

Monywa, Sagaing Division—More than 350 monks led a peaceful demonstration in Monywa Township in Sagaing Division at 11:30 a.m., according to witnesses. Monks were reciting the metta sutta (the Buddha’s words on loving kindness) as they marched around the town. Hundreds of monks were also waiting on Pyidaungsu Road in Monywa town to join the march.

Read More...

ခံယူချက်နှင့် ရည်မှန်းချက်

ကျွန်တော် ၉ တန်းနှစ်က သီတင်းကျွတ်မှာ သက်ဆိုင်ရာ ဆရာ/ဆရာမတွေကို စုစည်းပြီး ကန်တော့ကြပါတယ်။ ခုလည်း ဘာလိုလိုနဲ့ သီတင်းကျွတ်တောင် ရောက်တော့မှာပါလား .... ဆရာ/ဆရာမတွေကို အစဉ်သဖြင့် သတိရနေပါတယ်။ ဆရာ/ဆရာမတွေရဲ့ကျေးဇူးကိုလည်း မမေ့ပါဘူး။ အထူးသဖြင့် အဲ့ဒီနေ့မှာ ဆရာဆိုတောင်းပေးလိုက်တဲ့ စကားကို ပိုပြီး အမှတ်ရနေမိတယ်။
ဆရာ/ဆရာမတွေကို ကန်တော့ကြတော့ ဆုတွေအများကြီးပေးကြတယ်။ အဲ့ဒီထဲမှာမှ ကျွန်တော်တို့ သမိုင်းဆရာက ဆုပေးတာ တစ်မျိုးထူးခြားတယ်။ “ကဲ ... ငါ့တပည့်တွေ မြင့်မြတ်မှန်ကန်တဲ့ ခံယူချက်နဲ့ ရည်မှန်းချက်တွေကို အရယူနိုင်ပါစေ။ ရည်မှန်းချက်အောင်မြင်သွားရင်လည်း မြင့်မြတ်တဲ့ ခံယူချက်တွေ မပျောက်ပျက်ပါစေနဲ့လို့ ဆရာဆုတောင်းပေးလိုက်ပါတယ်” ... ကျောင်းသားတွေကတော့ အင်အင် .. အန်အန်နဲ့ အံ့သြပြီး “ပေးတဲ့ဆုနဲ့ ပြည့်ပါစေ”လို့ပဲပြောနိုင်ကြတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ တစ်မျိုးဖြစ်နေတယ် ... ဆရာပြောသွားတဲ့စကားရဲ့ အဓိပ္ပာယ်ကို အရမ်းသိချင်တယ်။ အဲ့ဒီတုန်းက ဘယ်လိုမှ နားမလည်နိုင်ခဲ့ဘူးလေ။ ဒါနဲ့ ကန်တော့ပွဲပြီးတော့ ဆရာ့နားကပ်ပြီး မေးတာပေါ့။
“ဆရာ ... ဆရာခုနက ဆုပေးသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော် သိချင်တာလေးတွေရှိလို့ပါ ... ကျွန်တော်မေးလို့ ရမလားဆရာ ”
.... “အေး ... မေးလေ .. မင်းဘာကိုမေးမလဲဆိုတာတော့ ငါ့နည်းနည်းရိပ်မိတယ်” ...
“ဒီလိုဆရာ ... ဆရာက မြင့်မြတ်မှန်ကန်တဲ့ခံယူချက်နဲ့ ရည်မှန်းချက်တွေကို အရယူနိုင်ပါစေလို့ ဆုပေးသွားတယ်နော် ... အဲ့ဒီထဲမှာ မြင့်မြတ်မှန်ကန်တဲ့ ခံယူချက် ဆိုတဲ့ စကားကို ကျွန်တော် သဘောမပေါက်လို့ပါ ဆရာ ... ”
“အင်း ... ဒီလိုကွ .. ခံယူချက်ဆိုတာ .. လူတစ်ယောက်ရဲ့ အတွေး၊ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေကို လွှမ်းမိုးနိုင်တဲ့အရာပဲကွ .. ဥပမာကွာ ... မင်းက ဆရာဝန်ဖြစ်ချက်တယ်ဆိုပါစို့ကွာ .... အဲ့ဒါက မင်းရဲ့ ရည်မှန်းချက် ... မင်းဆရာဝန်ဖြစ်ချင်တဲ့အကြောင်း .. ဖြစ်ပြီးသွားရင် လုပ်ဆောင်မယ့်အကြောင်းတွေကတော့ မင်းရဲ့ခံယူချက်တွေပေါ့ကွာ ... ဆိုလိုတာက မင်း ဆရာဝန်ဖြစ်ချင်တာ ချမ်းသာချင်လို့လား၊ ဆေးကုသတာ ၀ါသနာပါလို့လား၊ ဒါမှမဟုတ် .. လူသားတွေကို ကယ်တင်ချင်လို့လား ..... စတာတွေတေပါ့ကွာ ... အဲ .. အဲ့ဒီထဲမှာမှာ လူသားတွေကို ကယ်တင်ချင်တယ်လို့ မင်းကဖြေရင် .... မင်းဆရာဝန်ဖြစ်ရင် လူနာတွေကို အခမဲ့ကုသပေးမှာလား ... သူဌေးဖြစ်အောင် အခကြေးငွေနဲ့ကုသမလား ... ဒါမှမဟုတ်ရင် တက်နိုင်တဲ့သူတွေကို အခကြေးငွေယူပြီး မတက်နိုင်တဲ့သူတွေကို အခမဲ့ကုပေးမလား ဆိုတာတွေဟာ ... မင်းရဲ့ ခံယူချက်ပေါ်မှာ မူတည်နေတာပေါ့ကွာ ..... ဘ၀မှာ ရည်မှန်းချက်ကောင်းတိုင်း လူကောင်းမဖြစ်နိုင်ဘူးလေကွာ ... မင်းက အင်မတန်တော်အောင်ကြိုးစားပြီး အဲ့ဒါ့နဲ့ လူသားတွေကို ဒုက္ခပေးမယ်၊ မတရားလုပ်မယ်ဆိုရင် မင်းရဲ့ခံယူချက်ဟာ အဆိုးဘက်ကို ဦးတည်နေတာပဲပေါ့။ ဒါကြောင့် မြင့်မြတ်မှန်ကန်တဲ့ ခံယူချက်နဲ့ ရည်မှန်းချက်ကို တက်လှမ်းရမယ် .. ရည်မှန်းချက်ကို ရောက်ရင်လည်း မင်းရဲ့ခံယူချက်ကို ဆက်လက်ထိန်းသိမ်းရမယ် .. အဲ့ဒါမှ မင်းဟာ လူ့လောကကို အကျိုးပြုတဲ့သူမဖြစ်ရင်တောင်မှ သဘာဝ လောကကို ဖျက်ဆီးတဲ့သူမဖြစ်ဘူးပေါ့။ တစ်ချို့ကျတော့လည်း .. အစက ခံယူချက်ကကောင်းပေမယ့် ရည်မှန်းချက်ကို ရောက်ဖို့အတွက် အခက်အခဲမျိုးစုံကို ကြုံတွေ့ရတဲ့အတွက် ရည်မှန်းချက်ကို ရောက်သွားရင် ခံယူချက် ပြောင်းသွားတတ်ကြတယ်ကွ .. ဒါကြောင့် ငါမင်းတို့ကို ဒီလိုဆုတောင်းပေးတာပါကွာ ... ”
“ဟုတ်ကဲ့ဆရာ ... ကျွန်တော် သဘောပေါက်ပါပြီ .. အခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်ဆရာ ... ”
ဒါကြောင့်လောကမှာ ဘာပဲလုပ်လုပ် မြင့်မြတ်မှန်ကန်တဲ့ ခံယူချက်ရှိဖို့လိုတယ် .......

ဒါကြောင့် သင့်ကိုသင်မေးဖို့ အချိန်တန်ပြီ

“သင့်ခံယူချက်ကဘာလဲ .......”

“မျိုးချစ်တပ်မတော်သားတွေရဲ့ခံယူချက်ကဘာလဲ ..... ”

“ပြည်သူတွေရဲ့ ခံယူချက်ကဘာလဲ .... ”

Read More...

Thursday, September 20, 2007

မြန်မာနိုင်ငံတွင်ရှိသော ဘာသာဝင်များအားလုံး သတိထားပါ။

သတိထားကြပါ ....

ဘာသာရေးအဓိကရုန်းဖြစ်ရန် နအဖမှ ယုတ်မာစွာ ကြံစည်နေသည်ဟု ပြည်သူဘက်ကိုလိုက်လိုသော ကြံ့ဖွတ် အချို့မှ ၈၈ မျိုးဆက်ကျောင်းသားများအား သတင်းပေးထားပါသည်။ မြန်မာနိုင်ငံတွင်ရှိသော ဘာသာဝင်များအားလုံး သတိထားပါ။

Read More...

နွေးထွေးသောအပြုံးဖြင့်ထွေးပိုက်ပါ …….

ကျွန်တော် ခုတစ်လော အလုပ်တွေမအားတာနဲ့ မတင်ဖြစ်ဘူး … ပြောတော့မယ် .. ဒီလူကြီးအမြဲ အလုပ်ရှုပ်နေပါလားလို့ .. ဟုတ်တယ်ဗျာ … မြန်မာနိုင်ငံမှာက တစ်ရက်လုပ်မှ တစ်ရက်စားရတာ …. အလုပ်ရှုပ်နေမှ တော်ရုံကျတာဗျာ …… ဟီး
ဟိုတစ်လောက ပင့်ဂိုလ်းရဲ့ ပိုစ့်တစ်ခုကို ဖတ်လိုက်မယ်တယ် ….. ဆေးပညာရှုထောင့်ကနေ တင်ပြထားတာမို့ အရမ်းကောင်းတယ် .. ဒါပေမယ့် အဲ့ဒီအတိုင်းတာ မြန်မာပြည်မှာ ကျင့်သုံးရင် ပါးတွေ ကျွတ်ကျွတ်ကျိုးသွားနိုင်တယ် .. ဟီး

ဒါပေမယ့် မြန်မာပြည်မှာလည်း ကျင့်သုံးနိုင်တဲ့ နည်းလမ်းတွေရှိပါသေးတယ်။ အဲ့ဒါကတော့ နွေးထွေးတဲ့အပြုံးတွေနဲ့ လူတွေကို ထွေးပိုက်ပါ။ သင်ကော နွေးထွေးစွာပြုံး တတ်ပါသလားလို့ အရင်မေးကြည့်ချင်တယ်။ နွေးထွေးစွာပြုံးတယ်ဆိုတာ လူတွေအဖို့ အမှတ်တမဲ့အဖြစ်အပျက်လေးတစ်ခုပါ။ ရင်ထဲမှာ ကျေနပ်မှုတစ်ခုကိုရလိုက်ပြီဆိုရင် အလိုလိုနေရင်း ပြုံးတတ်ပါတယ်။ ဒါပေမယ့် အကြောင်းအရာမဲ့ ပြုံးတတ်ဖို့ဆိုတာ တစ်ကယ်ခက်တယ်။ မပီပင်ရင် မဲ့ပြုံးကြီးဖြစ်သွားရော။ ကျွန်တော်ကိုယ်တိုင်လည်း ပီပီပြင်ပြင်မပြုံးတတ်သေးပါဘူး။ ကြိုးစားနေတုန်းရှိပါသေးတယ်။ သူတစ်ဦးတစ်ယောက်ကို နွေးထွေးစွာပြုံးပြခြင်းဟာ သင်ဟာသူ့အပေါ်မှာ ကျေနပ်မှုလေးတစ်ခု ဖြစ်စေတယ်လို့ ခံစားမိစေမှာပါ။ အပြုံးရဲ့တန်ခိုးဟာ အစွမ်းထက်လှပါတယ်။ ဒါကြောင့် သင့်ကိုသင် မှန်ကြည့်ပြီး နွေးထွေးစွာပြုံးတတ်ဖို့ကြိုးစားပါ။ နွေးထွေးစွာပြုံးတတ်ပြီဆိုရင် သင့်အလုပ်အကိုင်မှာ၊ လုပ်ငန်းမှာ၊ မိတ်ဆွေတွေကြားထဲမှာ အောင်မြင်မှု တစ်ဝက်ကို ရယူနိုင်ပါလိမ့်မယ်လို့ ကျွန်တော် စားအုပ်တွေထဲမှာ ဖတ်ဖူးပါတယ်။ ပြီးတော့ အပြုံးနဲ့ပတ်သက်တဲ့ သာဓကတစ်ခုအနေနဲ့ ဆရာဖေမြင့် ဘာသာပြန်တဲ့ နှလုံးသားအဟာရထဲက “ထိုအပြုံး” ၀တ္တုတိုလေး တစ်ပုဒ်တင်ပြပေးချင်ပါတယ်။


ထိုအပြုံး


ပြင်သစ်စာရေးဆရာ အန်တွိုင်း ဆန်တက်ဇူပေရီ၏ ``မင်းသားလေး´´ (The Little Prince) ၀တ္တုကို စာသမား အတော်များများ သိကြပါသည်။ ကလေးများအတွက် နှစ်ခြိုက်ဖွယ် ပုံပြင်တစ်ပုဒ် ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသော စာတစ်အုပ်လည်းဖြစ်ကြောင်း ဖတ်မိသူတို့ လေးစားသိမှတ်ခဲ့ကြပါသည်။
``မင်းသားလေး´´ကို သိသော်လည်း ဆန်းတက်ဇူပေးရီ၏ အခြား ၀တ္တုတို-ရှည်များကိုကား သိသူ နည်းလှပါသည်။
ဆန်တက် ဇူပေရီသည် တိုက်လေယာဉ်မှူးတစ်ယောက် ဖြစ်၍ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့နှင့် တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီကလည်း သူသည် စပိန် ပြည်တွင်းစစ်တွင် ဖက်ဆစ်များအား ဆန့်ကျင်သည့်ဘက်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲကာလ သူ့အတွေ့အကြုံတစ်ရပ်ကို မူတည်၍ ``ထိုအပြုံး´´ (The Smile) အမည်ရှိ ၀တ္တုတစ်ပုဒ် ရေးခဲ့သည်။ ၄င်းဝတ္တုလေးအကြောင်း ကျွန်တော် ယခုပြောလိုပါသည်။ ``ထိုအပြုံး´´ကို သူသည် ကိုယ့်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့် ရေးသည်လား၊ ၀တ္တုတစ်ပုဒ် အဖြစ် ဖန်တီးခဲ့ခြင်းလား ကျွန်တော်မခွဲခြားတတ်ပါ။ သို့သော် ဖြစ်ရပ်မှန် ဟူ၍ပဲ ကျွန်တော် ယူခဲ့ပါသည်။
၎င်းစာ၌ ဆန်တက်ဆူပေရီက...
သူ့အား ရန်သူတို့ ဖမ်းမိသွားပြီး အချုပ်ခန်းတစ်ခုထဲ ထည့်ထားလိုက်ကြောင်း၊ ဖမ်းဆီးချုပ်နှောင် သူတို့၏ စက်ဆုပ်မုန်းတီးပုံရသောအကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပုံများအရ နောက်နေ့မှာတော့ သူ့အားသတ်မှာမုချဟု သူယူဆကြောင်း ရေးပါသည်။
သည့်နောက် သူဆက်လက်ရေးသားပုံကို ကျွန်တော်မှတ်မိသလို ပြန်ပြေပြပါမည်။
***
``ငါ့ကို သတ်ကြတော့မှာ မုချဟု ကျွန်တော်သိနေပြီ၊ လူကအကြီးအကျယ် တုန်လှုပ်ချောက်ချားကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာသည်။ အိတ်တွေထဲ လျှောက်နှိုက်ကာ စီးကရက် တစ်လိပ်တစ်လေများ သူတို့ရှာတုးက မတွေ့ဘဲ ကျန်ရစ်လေမည်လားဟု စမ်းကြည့်မိသည်။ ကံအးလျှော်စွာ တစ်လိပ်ရသည်။ သို့သော် လက်တွေ အကြီးအကျယ်တုန်နေသဖြင့် စီးကရက်ကို နှုတ်ခမ်းမှာပင် ကောင်းစွာ တပ်၍ မရချင်။ ဆေးလိပ်ရပြန်တော့ မီးခြစ်ကလိုလာပြန်သည်။ မီးခြစ်လည်းသူတို့ ယူသွားသဖြင့် မရှိတော့။
``ကျွန်တော့်အား စောင့်ကြည့်နေသူကို သံတိုင်ကြားမှနေ၍ ကြည့်မိသည်။ သူက ကျွန်တော်နှင့်မျက်လုံးချင်းမဆိုင်။ သေလူတစ်ယောက်နှင့် ဘယ်သူမျက်လုံးဆိုင်ချင်မည်လဲ။ ``မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ´´ ကျွန်တော်လှမ်း၍ ပြောလိုက်သည်။ သူကျွန်တော့်ကို လှမ်းကြည့်ပြီး ပခုံးတစ်ချက်တွန့်ကာ စီးကရက်မီးညှိပေးနေစဉ် အမှတ်မထင် သူနှင့်ကျွန်တော် မျက်လုံးချင်းဆိုင်မိသည်။ အဲသည်အခိုက် ကျွန်တော် ပြုံးပြလိုက်သည်။ ဘာကြောင့် ပြုံးပြမိသလဲ ကျွန်တော့်ဘာသာမသိ။ ကျွန်တော် စိတ်ဂနာမငြိမ် ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် လူတစ်ယောက်နှင့်တစ်ယောက် အဲသည်လောက် နီးကပ်နေသည့်အခါမျိုးမှာ ပြုံးမပြ၍ မနေနိုင်တာလား မပြောတတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြုံးပြလိုက်မိသည်။ အဲ့သည့်အခိုက်အတန့်မှာ သူ့နှလုံးသားနှင့် ကျွန်တော့်နှလုံးသားကြား တစ်နည်းပြောရသော် ကျွန်တော်တို့ လူသားဝိညာဉ်နှစ်ခုအကြား လျှပ်စစ်ဝါယာနှစ်ခု ပူးမိသည့်အခါမှာ ဖြစ်သလို မီးပွားတစ်ခု ခုန်ကူးသွားသည်ဟု ထင်လိုက်ရသည်။ သူ့မှာ နဂိုမူလက ကျွန်တော့်အား ပြန်လည်ပြုံးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော်သိသည်။ သို့သော် ကျွန်တော့်အပြုံးက သံတိုင်းများကြားမှနေ၍ သူထံခုန်ကူးသွားပြီး သည့်နောက်တွင် သူ့နှုတ်ခမ်းပေါ်၌လည်း အပြုံးတစ်ခု ပေါ်လာသည်။ သူက ကျွန်တော့်စီးကရပ်ကို မီးညှိပေးပြီးနောက် အနားမှမခွာသေးဘဲ ကျွန်တော့်မျက်လုံးများကို စူးစိုက်စွာပင်ကြည့်ကာ ပြုံး၍နေသည်။
``ကျွန်တော်လည်း သူ့ကို ဆက်၍ ပြုံးကြည့်နေသည်။ သူသည် အချုပ်ထောင်စောင့် တစ်ယေက်မဟုတ်တော့၊ သူ့ကို လူတစ်ယောက်အဖြစ် ကျွန်တော်မြင်နေပြီ၊ ကျွန်တော့်ကို သူကြည့်ရှုပုံကလည်း အဓိပ္ပါယ်သစ်တွေ ပါလာပြီ၊ ``ခင်ဗျားမှာ သားသမီးရှိလား´´သူက မေးသည်။
``ရှိပါတယ်ခင်ဗျား၊ ဟောဒီမှာ ဟောဒီမှာ ကျွန်တော် ပျာပျာသလဲ ပိုက်ဆံအိတ်ကို ဖွင့်ကာ ကျွန်တော့်မိသားစု ဓါတ်ပုံကို ထုတ်ယူပြီး သူ့အားပြသည်။ သူသည်လည်း သူ့ကလေးများ ဓါတ်ပုံတွေ ထုတ်လာကာ သည်ကလေးတွေနှင့်ပတ်သက်သည့် သူ့အစီအစဉ်များ၊ စိတ်ကူးများ၊ သူတို့အတွက် မျှော်မှန်းထားသည့်သည်များကို ပြေပြနေသည်။ တဖြည်းဖြည်း ကျွန်တော့်မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်လာသည်။ ကျွန်တော့်မိသားစုကို ကျွန်တော်မတွေ့ရတော့မှာ စိးရိမ်ထိန့်လန့်လှကြောင်း၊ သည်ကလေးတွေ ကြီးပြင်းအောင် စောင့်ရှောက်နိုင်ခွင့် မရှိတော့မှာ ပူပန်နေသည့် အကြောင်းများ ကျွန်တော်ပြောမိသည်။ ကျွန်တော့်စကားတွေ နားထောင်ရင်း သူ့မျက်လုံးများမှာလည်း မျက်ရည်တွေ ရစ်ဝဲလာသည်။
``သည့်နောက်မူ ဘာစကား တစ်ခွန်းမျှ မပြောဘဲသူက ရုတ်တရက် ကျွန်တော့်အချုပ်ခန်းတံခါးသော့ကို ဖွင့်ကာ ကျွန်တော့်ကိုအပြင်ထုတ်သည်။ အချုပ်ထောင်ပြင် ရောက်လာပြီးနောက် လမ်းကြိုလမ်းကြားများအကြား တိတ်ဆိတ်စွာပင် ဖြတ်သန်းခေါ်ဆောင်လာပြီး မြို့စွန်းနား ရောက်သည့်အခါ ကျွန်တော့်ကို လွှတ်ပေးလိုက်သည်။ ထို့နောက်း နှုတ်ဆက်စကားတွေ ဘာတွေလည်း ပြောမနေတော့ဘဲ မြို့ဘက်ဆီ သူလှည့်ပြန်သွားသည်။
``ကျွန်တော့်အသက်ကို အပြုံးတစ်ခုက ကယ်ဆယ်လိုက်ခြင်းပေတည်း´´
မှန်သည်။ ဟန်ဆောင်မှု ကင်းသော ကြိုတင်ကြံရွယ်ချက်မပါသော ပင်ကို သဘာဝအပြုံး၊ သို့မဟုတ် လူနှစ်ဦးအကြား အရိုးသားအပွင့်လင်းဆုံး ပေါင်းကူးဆက်သွယ်မှု။
***
ဆန်တက်ဆူပေရီ၏ သည်ဝတ္တုလေးကို အလုပ်ခွင်မှာ ကျွန်တော်ပြောပြလေ့ရှိသည်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တတွေမှာ ဂုဏ်သိက္ခာတွေ၊ ဘွဲ့ထူး ဂုဏ်ထူး ရာထူးအဆင့်အတန်းတွေ၊ ကိုယ့်ကိုအများက ဘယ်လိုမြင်စေချင်သည်ဟူသော ကိုယ်ပိုင်သတ်မှတ်ချက်တွေ အလွှာလွှာ အထပ်ထပ်ဖုံးကာ ကိုယ်ကိုယ်ကိုကွယ်ကာထားကြသည်။ သို့သော် ဘာတွေ ဘယ်လိုဖုံးဖုံး အောက်ဆုံးမှာတော့ တကယ့် လူပုဂ္ဂိုလ်အစစ်အမှန်က ရှိနေသည်ဆိုတာ သိကြမြင်ကြစေလို၍ပဲဖြစ်သည်။
အဲ့သည် အတွင်းပိုင်း အနက်အရှိုင်းထဲက အရာကို ၀ိညာဉ်ဟုပဲ ကျွန်တော်ဆိုလိုလိုက်မည်။ ကျွန်တော်ကိုယ်တွင်းက အဲ့သည်ဝိညာဉ်ဟု ကျွန်တော်အမည်ပေးလိုက်သော အစိတ်အပိုင်းနှင့် သင့်ကိုယ်တွင်းက အလားတူအစိတ်အပိုင်းတို့ အပြန်အလန် သိကျွမ်းသွား ကြပြီဆိုလျှင် ကျွန်တော်ဘယ်နည်းနှင့်မျှ ရန်သူတွေမဖြစ်နိုင်ကြတော့။ တစ်ယောက်ကို တစ်ယောက် မမုန်းတီးနိုင်၊ မနာလိုဝန်တိုမဖြစ်နိုင်၊ ကြောက်ရွံ့ထိတ်လန့်ခြင်းလည်း မရှိနိုင်တော့။
ယခုတော့ ကျွန်တော်တို့ တစ်သက်လုံးကြိုးစား တည်ဆောက်ထားကြသည့် အလွှာအထပ်တွေ ရစ်ပတ် ဖုံးကွယ်နေသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အစစ်အမှန် မတွေ့ဆုံနိုင်ကြဘဲ ရှိနေသည်။ ဆန်တက်ဆူပေရီ၏ ၀တ္တုက ၀ိညာဉ်နှစ်ခုအပြန်အလှန် တွေ့ထိ သိမြင်သွားကြသည့် ထူးခြားသော အခိုက်အတန့်လေးအကြောင်း ရေးဖွဲ့ထားခြင်း ဖြစ်သည်။
ကျွန်တော်ကိုယ်တိုင်လည်း အဲသည်လို အခိုက်အတန့်တချို့တော့ ကြုံဖူးပါသည်။ ဥပမာ တစ်ခုပြောရလျှင် တစ်စုံတစ်ယောက်ကို ရုတ်တရက် ချစ်ကျွမ်းဝင်သွားမိခြင်းမျိုး ဆိုပါစို့။
နို့စို့အရွယ် ကလေးငယ်များနှင့်တွေ့ရသည့်အခါမျိုးမှာလည်း အလားတူဖြစ်မိတတ်သည်။ သည်လိုကလေးငယ်မျိုးကို တွေ့ရသည့်အခါ ကျွန်တော်တို့ ဘာကြောင့်ပြုံးမိတတ်ကြသလဲ။
အပေါ်ယံလွှာ တစ်ခုမျှ ကွယ်ကာထားခြင်းမရှိသူ တစ်ဦးကိုတွေ့မြင်လိုက်ရ၍လား။ သူ၏ အပြုံးမှာ ဟန်ဆောင်မှု အကင်းဆုံးအပြုံး၊ အစစ်မှန်ဆုံး အပြုံးဖြစ်ကြောင်း ကျွန်တော်တို့ သိနေကြ၍လား။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ထဲရှိ ငယ်ဝိညာဉ်က ရွယ်တူချင်းချင်း သိကျွမ်းခင်မင်ကာ နှစ်လိုအားရစွာ ပြုံးလိုက်မိခြင်းလား။

[မူရင်း ။ Hanoch MaCarty ၏ The Smile]
ဘာသာပြန် ။ ဖေမြင့်

Read More...

Friday, August 31, 2007

Happy Blog Day ....

ချစ်ခင်လေးစားရပါသော Blogger အပေါင်းတို့ Happy Blog Day ပါ ......

မြန်မာဘလော့လောက ရေရှည်တည်တံ့ ခိုင်မြဲပါစေလို့ ဆုတောင်းလိုက်ပါတယ် .....

Rest of your post

Read More...

Tuesday, August 21, 2007

သူတောင်မနေနိုင်ဘူး

ဟိုးလွန်လေပြီးသောအခါက အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လူတစ်ယောက်ရှိတယ်။ သူဟာအရမ်းကို ရီရတယ်။ သူမျက်နှာကိုမြင်ရင်တောင် လူတွေဟာ ရီချင်လာတယ်။ အဲ့ဒီလောက်ကို ဟာသအစွမ်းရှိတာ။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်ပတ်က ကားခတွေ တက်ပြီးကတည်းက သူ့မျက်နှာလည်း ဒီလိုဖြစ်နေတယ် .... ကြည့်ကြပါဦး


Read More...

လမ်းလျှောက်သူများအား လေးစားပါသည်


လမ်းလျှောက်သူများအား လေးစားပါသည်။



Read More...

Friday, August 17, 2007

ရန်ကုန်က လိုင်းကားခတွေ ဒီလိုသတ်မှတ်လိုက်ပြီ

အားလုံးသိထားကြပြီထင်တယ် ... ၁၅.၈.၀၇ တုန်းက CNG ဈေးတက်တာကို ကျွန်တော် ပြီးခဲ့တဲ့ပိုစ့်မှာ ပြောပြပြီးသားပါ .. အခုတော့ လိုင်းကားတွေဟာ ယဉ်စီးခတွေကို သတ်မှတ်လိုက်ပါပြီ။ ကားပေါ်တက်ရင် စပယ်ယာတွေက “အားလုံးပဲနော် .... ပြောရတာမောတယ် .. ဈေးနှုန်းစာရွက်လေးတွေ ကပ်ထားတယ် ... ဖတ်ကြည့်ကြပါ”လို့အောင်ပါလေရော။ သတ်မှတ်ပုံက အရင် ၄၀/၆၀/၈၀/၁၀၀ ခရီးစဉ်ကို အခု ၁၀၀/၁၅၀/၂၀၀ ဖြစ်သွားပါပြီ။ ဒါပေမယ့် ပါရမီကားတွေဟာ အနီးအနားကို ၅၀ကျပ်ပဲ ယူနေတုန်းပါပဲ။ သူလည်း ဘယ်လိုဆက်ဖြစ်မလဲ မသိသေးဘူး။ ရွှေဧည့်သည် သီးသန့်ယဉ်ကလည်း ၁၅ ရက်နေ့နဲ့ ၁၆ ရက်တွေမှာ လူတွေကို မတ်တပ်ပါတင်ခဲ့တယ် .. ကားခတော့မတက်ဘူး။ ခုတော့ ရွှေဧည့်သည်လည်း ပုံသေ ယဉ်စီးခ ၃၀၀ ကျပ်ဖြစ်သွားပါပြီ။ အောက်ဆိုဒ်ကားတွေကတော့ ၂၀၀ တောင်းပါတယ်။ ညမိုးချုပ်ရင် တစ်ယောက်ကို ၅၀၀ ကျပ်အထိ တောင်းကြပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

Read More...

Thursday, August 16, 2007

ရန်ကုန်မှာ ဒီလို ဒီလို

တနေ့ညက ခေါင်းတွေကိုက်ပြီး မျက်ရည်ပူတွေကျနေလို့ မနေ့က ရုံးခွင့်ယူပြီး မျက်စိဆရာဝန်သွားပြရတယ်။ မနက် ၁၀ နာရီလောက် အိမ်ကနေထွက်ပြီး ရွှေဘုံသာလမ်းကိုသွားဖို့ ကားဂိတ်ကိုထွက်လာခဲ့တယ်။ ဒီအချိန်ဆိုအတော်ပဲ ကားသိပ်မကျပ်တော့ဘူး။ ၁၅ မိနစ်လောက် ကားစောင့်လိုက်ရတယ်။ ခါတိုင်းဆို ကားပေါမှပေါ။ ဒီနေ့ ဘယ်လိုဖြစ်တာပါလိမ့်။ ကားတွေ Gas မရပြန်ဘူးထင်တယ် လို့တွေးမိတယ်။ ဒါက ဖြစ်လေ့ဖြစ်ထတစ်ခုမို့ လူတိုင်းသိနေတယ်လေ။ တစ်ခါတစ်လေ ကားတွေကို Gas ဆိုင်က ထည့်မပေးနိုင်လို့ ကားတွေမထွက်ရဘူး ညလုံးပေါက် တန်းစီပြီး စောင့်ရတယ်။ အဲ့ဒီလိုနေ့တွေ မှာဆိုရင် ကားတွေရှားတယ်။ Gas ရှိတဲ့ကားတွေလောက်ပဲ ထွက်တယ်။ ဒီနေ့လည်း ဒီလိုပဲထင်တယ်လို့ ..... တွေးမိတယ်။ တွေးနေရင်း ကားရောက်လာပြီ .. “ဆူးလေ .. ဆူးလေ ... လာလာချောင်တယ် ... ကားတွေမထွက်ဘူးနော် ... ကားရှားတယ် .. မစောင့်နဲ့ .. စောင့်ရင်းနဲ့မှတ်တိုင်နဲ့ ညှားသွားဦးမယ်” .. စပယ်ရာတွေက အဲ့လို ..ပေါက်ကရတွေ ... ငါထင်တာ မှန်နေပြီလို့မှတ်လိုက်တယ်။ ကားတွေ မထွက်ဘူးတဲ့ ..... ကားပေါ်ရောက်တော့ ထုံးစံအတိုင်း မြို့ထဲဆိုတော့ ၁၀၀ ပေါ့။ ၂၀၀ တန်ပေးလိုက်တယ် .... “အကို ဘယ်လဲ ... ” “အေး ... လမ်း ၃၀ ကို” .... “အကို .... တစ်ယောက် ၂၀၀ နော်”တဲ့ ... ကျွန်တော်အံ့သြသွားတယ်။ “အောက်ဆိုဒ်ကားလား၊ လိုင်းကားမဟုတ်ဘူးလား” လို့မေးတော့ အကိုမသိဘူးထင်တယ် ... ညက CNG ထည့်ရတဲ့ ဈေးတက်လို့ ကားခတွေလည်း နှစ်ဆ တက်ကုန်ပြီ” .. “အမ် .. ဟုတ်လား .... ဘယ်လောက်တောင် တက်သွာလို့လဲ .. ”လို့မေးတော့ “၅ ဆ .. အကို .. ၅ ဆ ... အရင်က အိုး ၁၀လုံး ၅၀၀၀ ပေးရတယ် ... အခု ၃၀၀၀၀ ပေးရတယ် ... စဉ်းစားတာကြည့်ပေတော့ဗျာ” “ဒါတင်မဟုတ်ဘူးအကို ဓါတ်ဆီဆိုရင် အရင်ဆိုင်ထည့်ဈေး ၁၂၀၀ ... အခု ၃၀၀၀ ဖြစ်သွားပြီ၊ ညစ်တယ်ဗျာ ကျွန်တော်တို့ကော ခရီးသည်တွေပါ ဒုက္ခရောက်ကုန်တာပေါ့” “အဲ့ဒါကြောင့် မနေ့ညက ဒုက္ခတွေရောက်လိုက်ကြတာ ပြောမနေနဲ့ တန်းစီထားတဲ့တချို့ကား တော်တော်များများတွေဆို အုံနာအိမ်ကို ပြန်မောင်းသွားကြတယ်။ CNG မထည့်တော့ဘူး၊ ဒါကြောင့်ဒီနေ့ ကားရှားနေတာပေါ့။ ယာဉ်ကြီးတွေ တော်တော်များများ မထွက်ကြဘူး၊ အိမ်မှာ ဒီအတိုင်းထိုးထားပြီး အခြေအနေစောင့်ကြည့်နေကြတာ၊ ကျွန်တော့်ကားတောင် လက်ကျန်လေးရှိနေလို့ ထွက်ဖြစ်တာ”လို့ ကျွန်တော့်ကို ပြောပြတယ်။ သူ့မျက်နှာမှာလည်း မကျေနပ်တဲ့အရိပ်အရောင်တွေ သန်းနေတယ်တာ ကျွန်တော်တွေ့လိုက်တယ်။ မြန်မာနိုင်ငံက ပြည်သူလူထုတွေဟာ အဲ့ဒီအရိပ်ကြီးစိုးမိုးနေတာ ကြာပါပြီ။ ထမင်းတနပ်စားရဖို့အရေး ရုန်းကန်နေရတဲ့ဘ၀မှာ ဒီလိုပဲ အောင့်အီးပြီး အစိုးမိုးခံနေကြတယ်။ .... ကျွန်တော်တော်တော် တုန်လှုပ်သွားတယ် .. ဘာတွေဖြစ်ကုန်ပြီလဲ ..... မြန်မာနိုင်ငံမှာ ပေါများလှတဲ့ သဘာဝဓါတ်ငွေ့တွေ ဈေးတက်ကုန်ပြီတဲ့ ... ဖြစ်နိုင်သလား .. ဖြစ်နိုင်ပါတယ် .. ဘာလို့မဖြစ်နိုင်ရမှာလဲ ... CNG တွေကို အစိုးရက နိုင်ငံခြားကို ရောင်းစားနေတော့ ပြည်သူတွေ ငတ်ပြီပေါ့။ ဒီလိုအဖြစ်မျိုးတွေ အများကြီးပါပဲ .... မြန်မာနိုင်ငံမှာ သဘာဝ ရေမြေဓါတ်ခံကောင်းတော့ စိုက်ပျိုးရေး၊ မွေးမြူရေး/ရေလုပ်ငန်းတွေ အောင်မြင်ထွန်းကားတာ လူတိုင်း အသိပါပဲ အခုဆိုရင် ... ကောင်းပေ့ဆိုတဲ့ ပုဇွန်တွေ၊ ငါးတွေ၊ စပါးတွေ၊ သာမက .. ကြက်သွန်နီကိုတောင် နိုင်ငံခြားကို တင်ပို့ပြီးရောင်းနေကြပြီဆိုတော့ ဘယ်မှာလဲ ပြည်သူတွေစားဖို့။ လုပ်ငန်းရှင်တွေကလည်း နိုင်ငံခြားပဲပို့တော့မှာပေါ့ ပြည်တွင်းမှာ ဘယ်ရောင်းတော့မှာလဲ။ မြန်မာနိုင်ငံက ပြည်သူတွေ ငတ်ပြီပေါ့။ အဲ့ဒီလို အငတ်ခံလို့ အကျိုးကျေးဇူးခံစားရရင် မပြောလိုပါဘူး။ အခုဟာက ဘာမှကိုဖြစ်မလာတာ။ အခုချိန် အိမ်ရှင်မတွေ “ဈေးသွားရင် ရှူဆေးတွေယူသွား၊ နှလုံးရောဂါသည်တွေကို ဈေးမသွားခိုင်းပါနဲ့” ဆိုတဲ့ သတိပေးချက်တွေကို ရုပ်မြင်သံကြားတွေမှာ အသိပေးသင့်နေပြီ။ ဈေးထဲသွားရင် ဘုရားတနေရတယ်။ အေးပေါ့လေ .... လိမ္မော်ခြံပိုင်ရှင်က လိမ္မော်သီးအကောင်း မစားရဘူးဆိုတဲ့ စကားလို့ဖြစ်နေပြီ။ ဘယ်စားရမလဲ .. အကုန်ရောင်းစားတာကိုး။ ဒါပေမယ့် ဒီအချက်တွေကြောင့် မြန်မာနိုင်ငံဟာ သူများထက်မနှိမ့်ဘူးဆိုပြီးတော့ ကိုယ်ကိုကိုယ်ဖြေသိမ့်မိတယ်ဗျာ ... ငယ်ငယ်တုန်းက အဖိုးပြောလို့ ကြားဖူးတဲ့ ဟာသ ပုံပြင်လေးတစ်ပုဒ်ကြောင့်ပါ .. ပုံပြင်လေးက ဒီလို ..
“ဟိုး ... လွန်လေပြီးသောအခါက .. ရွာတစ်ရွာမှာ သူဠေးသား မောင်သာဆိုတာရှိသတဲ့။ သူဟာ နာမည်နဲ့လိုက်အောင်ကို အစစအရာရာ သူများထက်သာချင်တာ။ သူနဲ့အနီးအနားက ရွာသူဌေးသားတွေ ကိုလည်း လိုက်ပြိုင်၊ ရွာက လူတွေကိုလည်းလိုက်ပြိုင် .. ပြိုင်စရာမရှိရင်တောင်မှ ငါအိမ့်က သူများအိမ်တွေထက် မြင့်တယ်လို့ ၊ ငါ့အိမ်ကခွေးက အမြီးပိုဖြောင့်တယ်လို့ ကြံဖန်ဂုဏ်ယူတတ်တဲ့လူမျိုး။ တစ်နေ့တော့ .... သူတို့ရွာမှာ ၀မ်းရောဂါကပ်ဆိုက်ပါလေရော .. တစ်ရွာလုံး ၀မ်းလျှောတာ ...။ သမားတော်က အဲ့ဒီရွာမှာ တစ်ယောက်တည်းရှိတာ။ အဲ့ဒီတော့သမားတော်လည်း လက်မလည်ဘူးပေါ့။ ဒီလိုအချိန်တွေမှာ လူတိုင်းဟာ ဒီရောဂါ .. ကုတော့လည်း ဒီဆရာ .. သောက်ရတော့လည်း ဒီဆေးဆိုတော့ မောင်သာတစ်ယောက် သူများထက်မသာတော့ဘူးပေါ့။ လူတွေကလည်း ပြောကြတယ် “မောင်သာတစ်ယောက်တော့ ဒီတစ်ခါ မသာနိုင်တော့ပါဘူးကွာ”ဆိုပြီးတော့လေ။ အဲ့ဒီအချိန်မှာ မောင်သာဟာ အကြံအိုက်သွားတယ် .. “မဖြစ်ချေပြီး ငါကာလရှည်ကြာ ထိန်းသိမ်းခဲ့တာ ဂုဏ်ပုဒ်ပျက်ဆီးသွားလို့ မဖြစ်ဘူး ... တစ်ခုခု ကြံဦးမှ”ဆိုပြီးတော့တွေးတော့ .... ခဏကြာတော့ မောင်သာတစ်ယောက်ထပြီး ဆေးမြီးတိုဆိုင်ကိုသွားတယ် .. “ကျွန်တော့်ကို ၀မ်းလျှော ဆေးလေးရောင်းပေါးပါ”လို့ပြောတယ် .. ဆိုင်ရှင်က တအံ့တသြနဲ့ “အလိုမောင်သာ .. ဘာလိုပ်ဖို့တုန်း .. အခုချိန်မှာ တစ်ရွာလုံး ၀မ်းရောဂါ ကပ်ဆိုးဖြစ်နေချိန်မှာ ၀မ်းလျှောဆေးက ဘာလုပ်ဖို့တုန်း” .. “ရောင်းမှသာ ရောင်းစမ်းပါ ... လုပ်စရာရှိလို့ပေါ့ဗျာ ....” လို့ပြောတော့ ဆိုင်ရှင်က ရောင်းပေးလိုက်တယ်။ “အင်း .. မောင်သာကတော့ ဘာတွေ အဆန်းတကြယ် လုပ်ဦးမလဲမသိဘူး”လို့တွေးရင်းနဲ့ ကျန်ခဲ့တယ်။ နောက်နေ့ကျတော့ ရွာထဲမှာ ထူးထူးဆန်းဆန်း သတင်းကြားလိုက်ရတယ်။ “မောင်သာ သူများထက် သာသွားပြန်ပြီ”တဲ့ .. “ဘာတွေသာသွားပြန်တာတုန်း လုပ်စမ်းပါဦး”လို့ မသိတဲ့လူတွေမေးကြတော့ သိတဲ့လူက “ဒီလိုဗျာ မိတ်ဆွေတို့ရဲ့ ... မောင်သာလေ .. မောင်သာ .. ကြံကြံဖန်ဖန်ဗျာ .. ကျုပ်တို့ရွာကပ်ဆိုက်တာ ကလေးကအစ ဘယ်သူမှ မလွတ်တာ အကုန်အသိပဲလေ ..” “ဟုတ်တယ်လေ .. အဲဒါဘာဖြစ်လို့တုန်း .. မိတ်ဆွေရ” .. “သိပ်ဖြစ်တာပေါ့ဗျာ .. အဲ့ဒီလိုဖြစ်တော့ မောင်သာတစ်ယောက် သူများထက် မသာနိုင်တော့ဘူးလေ .. ဒီရောဂါ ၊ ဒီဆရာ ၊ ဒီဆေးပဲမဟုတ်လား .. အဲ့ဒီတော့ သူက သူ့ဂုဏ်ပုဒ်မပျက်အောင်ဆိုပြီးတော့ ၀မ်းနှုတ်ဆေးတွေသွားဝယ်တယ် .. ပြီးတော့ အိမ်က သူ့ခွေးကိုဝမ်းနှုတ်ဆေးတွေကျွေးတယ် .. သူကိုယ်တိုင်လည်းသောက်တယ် .. ဒါကြောင့် မနေ့က တစ်ညလုံး ၀မ်းလျှောတာ သမားတော်တောင် ခုချိန်ထိမအိပ်ရဘဲ ကုနေတုန်းဗျာ့ .. သူ့အိမ်က ခွေးကိုရောပေါ့ဗျာ .... လူကမထနိုင် အားအင်ချို့နေတာတောင်မှ သူ့ကိုသွားသတင်းမေးတဲ့သူတွေကို ပြောလိုက်သေးတယ် .. “အခုတော့ ငါသာသွားပါပြီ”တဲ့ဗျာ .. ” ... “ဟိုက် .. သေစမ်း .......”
ပုံပြင်လေးကတော့ ဒါပါပဲကွယ် အကြောင်းတိုက်ဆိုင်လို့ပြောပြတာပါ .. အခုတော့ ငါတို့ ရန်ကုန်မှာလည်း အထွေထွေကုန်ဈေးနှုန်းတွေ၊ ကားခတွေမြင့်တက်နေတဲ့အတွက် သူများနိုင်ငံနှင့်မခြား သာနေပါတော့သည်လို့ မှတ်ချက်ချရင်း စာကိုအဆုံးသတ်လိုက်ပါတယ်။ စိတ်အခန့်မသင့်တာလေးတွေပါ ခွင့်လွတ်ကြပါကုန် ........ စကားစပ် ကျွန်တော် အပြန်ကျတော့ ရွှေဧည့်သည်အခြေအနေသိရအောင်လို့ အောက်လမ်းမှာ သွားစောင့်စီးတာ ... ဟီး ရွှေဧည့်သည်လည်း ဘယ်ခံနိုင်မတုန်းဗျာ ... ကားခတော့မတက်ဘူးတဲ့ .. ဒါပေမယ့် ... မတ်တပ်တွေရောအကုန်လက်ခံတယ်တဲ့ .. ဒါဆို ရိုးရိုးလိုင်းကားနဲ့မခြားဖြစ်သွားပြီပေါ့ဗျာ ......

Read More...