Tuesday, January 30, 2007

Free Space များများနဲ့ Web-Based Email အသစ်တစ်ခု

Web-Based Email တစ်ခုကို အမှတ်မထင်တွေ့လိုက်တယ်။ 30 GB space ပေးတယ်ဆိုပဲ။ ဟုတ်မဟုတ်တော့မသိဘူး။ စမ်းကြည့်ချင်တာနဲ့ လိပ်စာလေးရိုက်ထည့်လိုက်တယ်။
http://www.30gigs.com/.
အောင်မြတ်လေး .. မြင်နေကျ Page လေးတစ်ခုပေါ်လာတယ်။
Access has been denied တဲ့ဗျာ။
စိမ်မကောင်းစရာပဲ .. ဘန်းထားပြန်ပြီ ပုဂံနက်။
အသစ်ဆိုတော့ စမ်းကြည့်ချင်တာနဲ့ Freedom နဲ့ ၀င်လိုက်တယ်။
ပြီးတော့ File Attachment နဲ့စမ်းပြီးပို့ကြည့်တာ မဆိုးဘူဗျာ။ Freedom နဲ့တောင်မြန်တယ်။
ဘာပဲပြောပြောဗျာ ... မြန်မာနိုင်ငံမှာသုံးလို့မရပေမယ့် နိုင်ငံရပ်ခြားရောက်နေတဲ့သူငယ်ချင်းတွေ အသုံးဝင်ချင်ဝင်လိမ့်မယ်ဆိုပြီး ဒီတော့ပစ်လေးတင်လိုက်တာပါ။
အမှန်တကယ် 30 GB Free Space ပေးတယ်ဆိုရင်။ တစ်နည်းတစ်ဖုံ အသုံးဝင်မယ်ထင်တာပဲ။
မြန်မာနိုင်ငံမှသူငယ်ချင်းများ အမြည်းသဘောဖြင့် အောက်မှာ သူ့ရဲ့ GUI လေးကို တင်ပေးလိုက်တယ်။




Read More...

Monday, January 29, 2007

သူငယ်ချင်း ... ကောင်းရာသုဂတိလားပါစေ

သြော် ... သေခြင်းဆိုတာ .. ကြီးငယ်မရွေး ..အိုပျိုမလွတ် ပါလား။ သူငယ်ချင်းရေ .... မင်းအတွက်အခုတော့ ငါစိတ်မေကောင်းဖြစ်နေရပြီကွာ။ ၀မ်းနည်းမှုတွေ ရင်ထဲမှာမဆံ့တော့လို့ ဒီမှာရေးချလိုက်တယ်။ မင်းကွာ သွေးတိုးရောဂါရှိလျက်သားနဲ့ ဒညင်းသီးကို ခုံမင်ရသလား။ ငါသလောက်ကိုအသဲစွဲရလေသလား။ သေခြင်းတရာကို ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။ ဒါပေမယ့် အသက်ကို ဥာဏ်စောင့်တယ်ဆိုတာ မင်းများမေ့သွားခဲ့သလားကွာ??? အခုတော့ ငါတို့တတွေ ဟိုအရင်ကလို မပျော်နိုင်တော့ဘူး။ ငါးလည်းမင်းကြောင့် ပိုပြီးရင့်ကျက်သွားသလို ခံစားရတယ်ကွ။ ပြီးတော့ မင်းအသက်နဲ့ရင်းပြီးပေးလိုက်တဲ့ သင်ခန်းစာ။ မင်းအိမ်က ဖုန်းဆက်ဆက်ချင်း ဆေးရုံကို ငါသုတ်ခြေတင်ခဲ့ပါတယ်။ ဟိုရောက်တော့ ၀မ်းနည်းစရာတွေက တဖေးတမကြီးကို စတော့တာပါပဲ။ “ဦးဏှောက်သွေးကြော ပြတ်သွားတာ”တဲ့။ သူငယ်ချင်းရယ်ဖြစ်ရလေ။ မင်းနဲ့ငါတို့ ကြိုးစားစရာတွေ အများကြီး ကျန်သေးတယ်လေ။ မင်းဒီအတိုင်းပဲ ထားသွားပြီလား??? ရှိုက်ကြီးတငင်ငိုနေတဲ့ မင်းမိသားစုတွေကိုကြည့်ရင်း ငါ့မျက်ရည်တွေ ဘာနဲ့ဘယ်လိုတားဆီးနိုင်မှာလဲကွာ။ “အနာဂါတ်ဆိုတာကြိုးစားရင် တောက်ပြောင်လာမှာပါ”ဆိုတဲ့ မင်းရဲ့စကား ခုထိနားထဲကမထွက်သေးဘူး။ ကောင်းတူဆိုးတူ ပျော်ပါးခဲ့ကြတဲ့ ငါတို့ရင်ထဲကမှတ်တမ်းကို ဘယ်လိုလုပ်ပြီး ၀မ်းနည်းမှုမပါဘဲ တွေးလို့မရမှာလဲနော်....??? “ညနေစာစားပြီးတော့ ခဏပဲ မူးတယ်၊ မူးတယ်ဆိုပြီး လဲကျသွားတာ”မင်းအမေရဲ့ရှင်းပြချက်။ သူ့ခများငါ့ကို ရင်ထဲကအဲ့ဒီစကားလုံးတွေထွက်ဖို့ မနည်းအားတင်းပြီး ပြောရရှာတာ။ “ညနေစာက သူသိပ်ကြိုက်တဲ့ ဒညင်းသီးပြုတ်ပါတယ် .... မနေ့ကလည်းသူ ငါသလောက်စားချင်တယ်ဆိုလို့ ချက်ကျွေးမိတယ်” သူငယ်ချင်း လူဆိုတာ ကိုယ်နဲ့တည့်တာပဲကောင်းပါတယ်ကွာ။ မတည့်တာတွေတွေးပြီး မင်းစိတ်အလိုလိုက်ခဲ့လို့ အခုလိုမျိုး ၀မ်းနည်းစရာတွေနဲ့ ကြုံတာပေါ့။ “သူများလည်းစားနေတာပဲကွာ၊ ငါလည်းစားချင်တာပေါ့” မင်းပြောတဲ့စကား လူလူချင်းတူရင်တောင် အသက်ရှူချင်းမတူဘူးကွ။ ပြီးတော့ အကျိုးတရားဆိုတာ အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတာ။ အခန့်မသင့်ရင် ကိုယ်မတွေးမိတဲ့အရာတွေ ဖြစ်လာတတ်တယ်ဆိုတာ မင်းလည်းနာလည်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အဲ့ဒီအရာတွေကို ခုံမင်ရသလဲ??? မင်းအတွက် အဲ့ဒီအရာတွေဟာ အားဖြစ်စေသလား ??? ဗီတာမင်ဓါတ်တွေ အများကြီးပံ့ပိုးပေးသလား??? မင်းရဲ့ လုပ်ရည်ကိုင်ရည်တွေ တိုးတက်လာသလား??? အခုတော့ငါဟာ မင်းရဲ့အသုဘနဲ့ ငါတို့ပျော်ရွင်ခဲ့တဲ့အတိတ်ကို နှိုင်းယှဉ်ပြီးခံစားနေရပြီ။ မင်းလုပ်ရက်တယ်ကွာ။ သူငယ်ချင်း .... ငါ့မှာဆက်ရေးနိုင်စွမ်းမရှိတော့ဘူးဟာ.. ကောင်းရာသုဂတိလားပါစေ။ မင်းကောင်ကံတာတစ်ခုက စနစ်ဆိုးကြီးအောက်ကနေ မင်းလွတ်မြောက်သွားပြီးပေါ့။ မင်းငြိမ်းချမ်းသွားပါပြီ .....

Read More...

Saturday, January 27, 2007

မင်းမမေ့နဲ့ မင်းဟာ မြန်မာ

စက်ဝိုင်းအပြင်ကို မထွက်လိုက်ပါနဲ့ကွယ်
တစ်ကယ်ဆို.. မင်းနဲ့ ဒို့ဟာ တသားထဲသာရယ်
အသားအရောင်အတူတူ.. အတွေးအခေါ်အတူတူရယ်
ဘယ်ပဲရောက်ရောက် မမေ့စေချင်တယ်
မင်းဟာ မြန်မာကွယ်။

မြန်မာမင်းရဲ့သွေး နီရဲသန့်စင်
အမိမြေကိုလည်း သတိရစေချင်
ကြင်နာမှုဟာ မြန်မာရဲ့ ရင်ခွင်
စေတနာဆိုတာ မြန်မာ့နတ်ရေစင်။

ဖူးစာဆိုတာ မမြင်နိုင်တယ်
အချစ်ဆိုတာ တစ်ကယ်ပဲဆန်းကြယ်
ဘယ်အသားအရောင်မဆို မင်းရွေးချယ်နိုင်
တစ်ခုလေးပဲ သတိပြုစေချင်
မင်းနှလုံးသားထဲမှာ မြန်မာ့သွေးစီးဝင်
ဒို့စာ ဒို့စကား ဒို့များချစ်ခင်
တစ်ခါတစ်လေ ပြောကြားစေချင်
မင်္ဂလာပါ နှုတ်ဆက်စေချင်
နိဗ္ဗန်ဈေးလည်း လာစားခေါ်ချင်
သင်္ကြန်အခါ လာကစေချင်
သားများကြီးရင် ရှင်ပြုစေချင်
အသက်ကြီးရင် ဥပုသ်စောင့်စေချင်။

မင်းလဲမြန်မာ.. ဒို့ မြန်မာနော်
မြန်မာ့ဓလေ့.. ချစ်ခင်စေသောဝ်
အဝေးရပ်မှာနေ ဒို့တတွေကံကြမာခေပေမဲ့
ဒို့တစ်တွေဟာမြန်မာ...အမြဲသတိရနေပါ။ ။

သဒ္ဓါ
အဝေးရောက် မြန်မာနိုင်ငံသားများအတွက် လက်ဆောင်မွန် ... မသဒ္ဓါ၏ ခွင့်ပြုချက်ဖြင့် ကူးချထားခြင်းဖြစ်သည်။

Read More...

စိတ်ကလေး

စိတ်ကြီးဝင်ကြဆိုလို့ မျက်နှာထား တင်းပြီးတော့ ဟိုလူငေါက်ချ ၊ ဒီလူငေါက်ချ လုပ်တယ်။ တချို့
ပိုက်ဆံပေးလို့ အာဏာရှိလို့ အဖက်မလုပ်ရင်လဲ စိတ်ကြီးဝင်တယ်လို့ ပြောကြတယ်။
အဲဒါစိတ်ကြီးဝင်တာ မဟုတ်ဘူး၊ ဘ၀သံသရာ အောက်ကျဖို့ စိတ်ကလေးဝင်လာတာ၊ အဲဒီစိတ်က
လေးမျိုး မ၀င်အောင် သတိထားပြီး နေကြဖို့ပါ။
အရှင်ကောဝိဒ

Read More...

မြန်မာနိုင်ငံက Programmer အဆင့်က သန့်ရှင်းရေးသမားလောက်တောင် အဆင့်မရှိဘူးလားဗျာ….

ကိုစေတန်ဆီကပိုစ့်ပါခင်ဗျား .... ကျွန်တော်ဒီနေ့တင်တဲ့ ပိုစ့်နဲ့ နည်းနည်းတိုက်ဆိုင်နေလို့ တင်လိုက်တယ်။ ကိုစေတန်ရေ ကျေးဇူးကမ္ဘာ ...

ကျွန်တော်ပြောချင်နေတာ တော်တော်လေးကြာပြီဗျာ….ဘာလဲဗျာ….Computer ဘွဲ့က သုံးစားမရဘူးလားဗျာ….သုံးစားမရရင်နေ…..ဘွဲ့ရဲ့ သိက္ခာလေးကို တော့ ထောက်အုံးပေါ့ဗျာ… ဘွဲ့က အလကားနေရင်းရလာတ မဟုတ်ဘူးဗျ…၃ နှစ်အချိန်ကုန် ပြီးရလာတာဗျ…

ဘွဲ့ရပြီး အလုပ်ဝင်တော့မယ်ဆိုရင် လောကကြီးကစတင် စိတ်ညစ်ဖို့ကောင်းလာမှာ အမှန်ပဲ…ကျောင်းတုန်းကနဲ့ မတူတော့ဘူးဗျ….Computer ကဘွဲ့ရပြီးလို့ programmer လေးဝင်လုပ်ရင် ဘယ်လောက်ရမယ်ထင်နေလဲ…. Singapore ကလို လခကောင်းမယ်ထင်နေလား…. ထင်မိရင်တော့ အဲဒီ အတွေးကို မြောင်းထဲပစ်လိုက်တော့…. ဒါက ရန်ကုန်… Singapore မဟုတ်ဘူး…. စ၀င်ခါစ ဆိုရင်တော့ လူငယ်တွေက ပညာသင်ချင်တာရယ် အတွေ့အကြုံရချင်လို့ရယ်…..ဒါကြောင့် အလုပ်လုပ်နေရတာ…. အဲဒါကို လုပ်ငန်းရှင်တွေက သိတော့ သန့်ရှင်းရေးသမားလောက်တောင် လခမပေးဘူးဗျ…. ရေးခိုင်းတာကလည်း အသေအကြေ… ပညာနဲ့ အတွေ့အကြုံအတွက် ကိုယ့်ဘ၀ ၂ နှစ် ၃နှစ်လောက်ကို အငတ်ခံပြီး ရင်းနေရတာဖြစ်နေပြီဗျ….စရတဲ့ လခက တစ်သောင်းခွဲ….စ၀င်ခါစ အဲလောက်ပဲပေးတယ်ထားတော့…. ရေးခိုင်းတာကတော့ အသေအကြေပဲ…ပြီးရင် သူတို့တွေက သိန်း၂၀လောက်နဲ့ပြန်ရောင်း….၁နှစ်ကို ထိန်းသိမ်းဆောင်ရွက်ပေးခ ၁သိန်းလောက်ယူ….ရေးပေးတဲ့ လူငယ်တွေကိုလည်း လခ တိုးပေးမယ် မစဉ်းစား…. ၂ နှစ်လောက်ကြာမှ ရာထူးလေးတိုး…. ဒါတောင် ၂ သောင်းလောက်ပဲရတာ….သန့်ရှင်းရေးသမား လောက်တောင်မရဘူးဗျ…. ကားစပယ်ရာ နဲ့တော့သွားမယှဉ်နဲ့…သူတို့က သန့်ရှင်းသမားတွေထက်စာရင် အများကြီး လခကောင်းတယ်…. ဒါကြောင့် ပညာနဲ့ အတွေ့အကြုံယူ…၂ နှစ်လောက်နေရင် နိုင်ငံခြားထွက်ပြီး ပညာသင်..ကျောင်းပြီးရင် ဟိုမှာပဲနေ အလုပ်လုပ်….အဲဒီလိုဖြစ်တော့ လူကြီးတွေက ပြောတာက ဘာလဲ….ဦးနှောက် ယိုဆင်းမှုဖြစ်တယ် ဆိုပြီးအော်ကြပြန်ကော….နောက်ပြီး တစ်ခါက ဧရာဝတီ ညများ ရုပ်ရှင် ကားမှာ ပါတဲ့စာက… တိုင်းပြည် အတွက် ကိုယ်က ဘာလုပ်ပေးနိုင်မလဲ ဆိုတဲ့ မျိုးဆက်နဲ့….တိုင်းပြည်က ကိုယ့်ကို ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ မျိုးဆက်….ဆိုတဲ့ စကားကိုကြည့်ရင် လူကြီးတွေက တော်တော်လေး နားလည်မှုလွဲနေတယ်ဗျာ…. တခြားမကြည့်နဲ့ Computer သမားတွေ ငတ်နေကြတာ သူတို့ မသိဘူးလားဗျာ… ငတ်ပြီး သေကုန်ရင် တိုင့်းပြည် အတွက် ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး… တခြားနိုင်ငံမှာ အလုပ်လုပ်နေရင်တော့ မချမ်းသာလာရင်နေမယ်…ဒါပေမယ့် ငတ်ပြီး မသေနိုင်တာတော့ အမှန်ပဲ… ငတ်မသေမှ တိုင်းပြည်အတွက် လုပ်ပေးလို့ရမှာပေါ့ဗျာ…ဘယ်သူမှ ကိုယ့်နိုင်ငံကိုယ် မမေ့ပါဘူးဗျာ…တတ်နိုင်ရင် တိုင်းပြည်အတွက်ပဲ လုပ်ပေးမှာပေါ့….လုပ်ပေးဖို့အတွက် ငတ်မသေဖို့က အရေးကြီးတယ်… ဒီမှာက ဘွဲ့ရ ပညာတတ် Computer ဘွဲ့က ဘာပညာမှ မတတ်တဲ့ စပယ်ရာ မပြောနဲ့…သန့်ရှင်းရေးသမားကိုတောင် မယှဉ်နိုင်တာ… ဦးနှောက်ယိုဆင်းမှု ဖြစ်တာနည်းနေသေးတယ်…. အခုလည်း လုပ်နေပြန်ပြီ….ရတနာပုံ စီလီကွန်တဲ့….ဘယ်လို လာအုံးမလဲမသိဘူး…. Computer သမားတွေ အတွက် အခွင့်အလမ်းလား…ဒါမှ မဟုတ် ဈေးပေါပေါနဲ့ပို ခိုင်းစားဖို့ကောင်းလာမယ့် နေရာလားဆိုတာ မပြောနိုင်သေးတာတော့ အမှန်ပဲ…

ဒါကြောင့် အခုချိန်မှာ ကျွန်တော် ကျောင်းတက်နေတာ….ကျောင်းမတက်ပဲ အလုပ်လုပ်မလို့ အလုပ်လုပ်နေတဲ့ သူတွေ ငြီးလိုက်တာနဲ့ ကျောင်းပဲတက်ဖြစ်သွားတာ…. Computer သမားတွေ ဘယ်တော့ မှ လုပ်တဲ့ အလုပ်နဲ့ တန်တဲ့ လခ ရမှာလဲဗျာ….သင်တန်းမှာ ဆရာသွားလုပ်ရင်တော့ Programmer ထက်တော့ လခရလောက်သေးတယ်….. ကျွန်တော်တို့ရဲ့ အနာဂတ်ကဘယ်မှာလဲဗျာ….ဝိုးတိုးဝါးတားနဲ့ပဲ ရှေ့ကို မျှော်လင့်ချက်လေး တစ်ခုကို ဆုတ်ကိုင်ပြီး မရဲတရဲလေး ချီတက်နေရတဲ့ ဘဝလားဗျာ…..
SaturnGod

Read More...

အပြောမဟုတ် လက်တွေ့လေးပါလုပ်ပြထားတယ်

မနေ့က အလုပ်လုပ်ရတာ အကုန်လုံးအဆင်ကိုချောနေတာပဲ။ ဘာပြဿနာမှကို မရှိဘူး။ အိမ်ပြန်တော့လည်း လိုင်းကားသိပ်စောင့်စရာမလိုဘူး ... အောက်ဆိုက်ကားရောက်လာလို့ လိုက်သွားလိုက်တယ်။ ကားခတော့ ပိုပေးရတာပေါ့။ နိုင်ငံတော် အကြီးအကဲတွေ လမ်းညွှန်မှုနဲ့ ခေတ်မီတိုးတက်နေတဲ့ မြန်မာနိုင်ငံကြီးမှာ လိုင်းကား ချောင်ချောင်စီးချင်ရင် အောက်ဆိုက်ကားကို စောင့်စီးရတာပါပဲ။ ကျေးဇူးပါပဲ နိုင်ငံတော်အကြီးအကဲများ။ ဒီလိုကောင်းလွန်းတဲ့ လမ်းညွှန်မှု အစီအမံတွေကြောင့် အောက်ဆိုက်ကားတွေ စီးခွင့်ရတယ်။ အိမ်မရောက်ခင် လမ်းထိပ်ရောက်ကတည်းက အိမ်မှာ မီးလာမှန်းသိသွားပြီ။ လမ်းထိပ်က အိမ်တွေနဲ့တလိုင်းတည်းကို။ ဒါလဲကျေးဇူးတင်စရာပါပဲ။ ရေ၀ယ်သုံးနေရတာ ၁ ပတ်လောက်ရှိသွားပါပြီ။ ကျေးဇူး ပါပဲ။ လျှပ်စစ်မီးလာတော့ အိမ်သာတယ်လေ သိတယ်မလား။ သီချင်းလေးနားထောင်ပြီး ရေမိုးချိုး အနားယူလိုက်တယ်။ ကိုးရီးယားကားတောင် ဇိမ်ပြေနပြေထိုင်ကြည့်လိုက်သေးတယ်။ သြော် .. ဒါတွေငါနဲ့ကင်းကွာနေတာ တော်တော်ကြာပ။ ကိုရီးယားကားလည်းပြီးရော မြန်မာနိုင်ငံမှာ လူတွေစိတ်အ၀င်စားဆုံးကဏ္ဍတစ်ခု ထပ်လာတယ်။ တခြားမဟုတ်ပါဘူး မြန်မာနိုင်ငံရဲ့ပြည်တွင်းသတင်းပါပဲ။ ထမင်းစားဖို့အဆင်သင့် ဖြစ်နေတာမို့ TV ကိုမပိတ်မိခဲ့ဘူး။ ဒီလိုနဲ့ထမင်းစားနေရင်း သတင်းကြေငြာသူရဲ့ကြေငြာချက်ကို အမှတ်မထင် နာဆွံမိလိုက်တယ်။ အဲ့ဒါကတော့ “မြန်မာနိုင်ငံအား ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမှ အမှာစကားပြောကြားသည်မှာ - မြန်မာနိုင်ငံတွင် ကျေးလက်ဒေသမှ၍ မြို့ကြီးများအထိ ပညာရေးတိုးတက်မှုရှိစေရန် အရှိန်အဟုန်နဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဆိုတာ လူမျိုးတစ်မျိုး၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန်အတွက်အဓိက သော့ချက်ဖြစ်ကြောင်း။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးလုပ်ဆောင်ချက်များကို အလေးပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုများ၊ လုပ်ဆောင်မှုများနှင့်အတူ မြန်မာနိုင်ငံ၏ ပညာရေးတိုးတက်မှုမှာ အားရဖွယ်ရှိကြောင်း၊ ဆက်လက်၍ ပညာရေးလမ်းစဉ်များကိုအလေးပေး ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြေားကြားသွားပါတယ်” ဆိုတာပါပဲ။ ကျေးဇူးအရမ်းတင်ပါတယ် ဗိုလ်ချုပ်မှူးကြီးခင်ဗျား ဗိုလ်ချုပ်မှူးကြီးရဲ့ကြိုးပမ်းမှုကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပညာရေးတွေတိုးတက်လွန်းအားကြီးခဲ့ပါတယ်။ ဤသို့လုပ်ဆောင်ချက်များကြောင့် ကျောင်းသား/သူတွေဆိုရင်လည်း ပညာတတ်လိုစိတ်ပျင်းပြစွာဖြစ်ပေါ်လာသဖြင့် နိုင်ငံခြားသို့ ပညာသွားရောက် သင်ကြားရန်အတွက် နိုင်ငံခြားသို့ရောက်ရှိနေကြာသည်မျာ မနည်းတော့ဘူး။ ကျေးဇူးပါပဲ။
အပြောနဲ့လက်တွေ့ တစ်ထပ်တည်းဖြစ်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါပဲဗျာ။ ဒါနဲ့ပဲ ညအိပ်မပျော်ခဲ့ပါဘူးဗျာ။ ၀မ်းသာလွန်းအားကြီးလို့တော့မဟုတ်။

Read More...

Friday, January 26, 2007

အမှောင်တံခါးဖွင့် မီးတိုင်များ

အသက်ဆိုတဲ့ မှတ်တိုင်
တတိုင်းပြီး တတိုင် စိုက်ထူသွား။
ဆီမီးတိုင် အလင်းတန်းလို
လမ်းပြကာ မြတ်ကောင်းမှု
ပြုနိုင်ရဲ့လား။

မှတ်တိုင်ဟာ မီးတိုင်ဖြစ်ရင်တော့
ချစ်စဖွယ် သက်တမ်းရှည်
လှပလိမ့်မည်။
အတ္တခေါ် လေဆိုးမှုတ်ရင်လ
ဟုတ်ခနဲ ငြိမ်းနိုင်သည်
စိတ်ကြည်ကြည်နဲ့ သတိထား
ဥာဏ်ရည်နဲ့ သတိထား
ဥာဏ်ရည်နဲ့ စောင့်စား။
လေနီနီ မှုန်ရီမှိုင်းရင်လ
အရိုင်းစုံ သူပုန်ထပေလိမ့်
အတ္တခေါ် တကိုယ်ကောင်း
ခေါင်းနှိမ်လို့တား။

မှတ်တိုင်မှ မီးတိုင်
ညှိပြိုင်လို့ မြိုင်စေသား။
တတိုင်ချင်းပေမဲ့
မြိုင်မြိုင်လင်းပေလိမ့်
အကျဉ်းထောင် အမှောင်တံခါး
ပွင့်လိမ့်မယ်ဗျား။

တင်မိုး
၂၀၀၂ခုနှစ် အောက်တိုဘာလ ၂၆ရက်
စနေနံနက်ခင်း
ခေတ္တ-တိုကျို

Read More...

ခွပ်ဒေါင်းအိုးဝေတွန်ပါစေ

မြန်မာ့မြေ၌
ရွှေတိဂုံရောင်၊ မီးတန်ဆောင်တို့
မြူမှောင်ပယ်ခွင်း၊ ဆီမီးဝင်းလျက်
သီတင်းဝါလကျွတ်ချိန်တည်း။

သူ့အိမ်ကိုယ့်အိမ်၊ မီးထိန်ထိန်နှင့်
ဦးနှိမ်ညွတ်ခ၊ ကန်တော့ကြသော
မိဖဆရာ၊ ပူဇော်ရာသည့်
မင်္ဂလာအခါတော်ပေကို။

တရပ်တကျေး၊ ပြည်ရွာဝေး၌
တငေးမျှော်မျှော်၊ တရော်ရမ်းရမ်း
တလွမ်းလွမ်းနှင့်
စိတ်မှန်းဦးချ၊ ကန်တော့ရသည့်
မိဖဆရာ၊ ကျန်းခံ့သာ၍
မာပါစေကြောင်း၊ ဆုပန်တာင်းခဲ့။

ကိုယ့်ရွာကိုယ်မြေ၊ ပြန်နိုင်ပါစေဟု
ဆုချွေပါက၊ ပြည့်လိုလှ၏
မြန်မာ့ပြည်ရွာ၊ သာကြီးသာ၍
အခါတော်ကောင်း၊ ပြည်သူအပေါင်းတို့
ခွပ်ဒေါင်းတွန်မြူးစေသတည်း။

တင်မိုး
၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်
အင်္ဂါနံနက်ခင်း

Read More...

လှပတဲ့ခေတ် ဆီသို့

ကျွန်တော်အရမ်းကြိုက်တဲ့ ဆရာတင်မိုးရဲ့ ကဗျာကို ဦးခိုက်ဂုဏ်ပြုရင်းတင်ပါရစေဗျာ ...
ကျွန်တော်တို့ မြန်မာပြည်သူတွေ အတွက် ရေးပေးသွားတဲ့ ကဗျာလေးပေါ့


လှပတဲ့ခေတ် ဆီသို့

ငယ်ငယ် တုန်းက
ဗုန်းတွေ စက်သေနတ်တွေကြား
ပြေးလွှား ပုန်းအောင်းရင်း
ဂျပန်ကျောင်းမှာ စာသင်
သစ်ပင်ရိပ် စေတီရိပ်မှာ
တထိတ်ထိန် တလန့်လန့်
မိဖရဲ့ မေတ္တာ ရနံ့နဲ့
ကြံ့ကြံ့ခံ ရဲရင့်ခဲ့ရတယ်။

လူပျိုပေါက် အရွယ်မှာ
ရွာလယ်မှာ သူပုန်စီး
ပြည်တွင်းစစ်မီး ကြုံခဲ့တယ်။

လူလတ်ပိုင်း ကျောင်းဆရာဘဝ
အိမ်ထောင်လဲကျလေတောင့်
မဆလ စစ်အာဏာရှင်
စစ်ဘုရင်တွေ ကြီးစိုးတဲ့
ခေတ်ဆိုး စနစ်ဆိုးနဲ့ ရင်ဆိုင်ရ
မလှမပတဲ့ ခေတ်ပြိုင်
အိုမင်းလာတဲ့ ယခုတိုင်
ကလောင်ကိုင် တိုက်ပွဲဝင်ရတယ်။

လှပတဲ့ ခေတ်တခေတ်
ဘယ်တော့များမှ သစ်နိုင်ပါ့။

တင်မိုး
၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်
ဗုဒ္ဓဟူးနံနက်ခင်း

Read More...

Thursday, January 25, 2007

How to pass blocked web sites

စိတ်ဝင်စားရင် ကိုမျိုးကျော်ထွန်းရဲ့ ဘလော့ကို ဖတ်ကြည့်လိုက်ပါ။ ကျော်ခွပုံနည်းမျိုးစုံ ရေးပေးထားတယ်။ တစ်ချို့ဟာသုံးလို့ရသလို တချို့ဟာတွေမရပါဘူး။ မသိသူကျော်သွား သိသူဖော်စားပေါ့။

Read More...

ဘာမထီ..အာဇာနည်...စာဆိုစစ်သည်

မမသဒ္ဓါ ဆီက ကူးထာတဲ့ အလွမ်းဖွဲ့ဂုဏ်ပြု ကဗျာလေးပါ

ဘာမထီ..အာဇာနည်...စာဆိုစစ်သည်

ငယ်စဉ်ကတည်း ကသူ့ကဗျာများတကြော်ကြော်.
အော်ဆို၇င်းပျော်ခဲ့ကြ..
ခလေးတွေကိုချစ်တဲ့..ဒီစာဆို.. ကဗျာရေးတဲ့…ဘအို

ကိုယ်အရွယ်မေ၇ာက်တေ၇ာက်
သူ့စာပေပွဲတွေကိုေ၇ာက်...
မတောက်တခေါက်ကဗျာဆ၇ာမ
နားမလည်တာတွေလျှောက်မေး.
သူဆွေးနွေးပေးတဲ့ပညာ.
အခုတိုင်.ကိုယ့်နှလုံးသားထည်းမှာ။

ဒီအမျိုးသားနေ့ မှာနောက်ဆုံးတွေ့ခဲ့၇
ဗမာတမျိုးသားလုံးအတွက်..ဘ၀ကိုသူ စတေးပေးဆက်
ထောင်ထွက်ဒီစာဆို…လေးစားရတဲ့..ဘအို

နေအလာ..ကြွေရှာတဲ့နှင်းဖြူစက်..
လေအဖြာ..လွင့်ရှာတဲ့ေ၇ွယော်ရွက်..
ဆေးလိပ်ကလေးလည်း.တို..နေကလည်းညို
ဂုဏ်ပြုဆိုကာ..နှုတ်ဆက်လိုက်ပါရဲ့
ကဗျာစစ်သည်ဘအို..ကောင်းရာသုဂတိလားစေလို။

လေးစားရပါသော..ဆရာကြီးဦးတင်မိုး သို့.
မသဒ္ဓါ

Read More...

ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်သွားခြင်း

ကဗျာဆရာကြီး ဦးတင်မိုး ၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်နေ့ နယးယောက် စံတော်ချိန် ည ၉ နာရီ ၂၁ မိနစ်မှာ လော့စ်အိန်ဂျလိစ်မြို့မှာ ကွယ်လွန်သွားတာပါတယ်။ မြန်မာနိုင်ငံအတွက် အင်မတန်မှ ၀မ်းနည်းစရာကောင်းပြီး အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ အဘရေ ကျွန်တော် ဒီပို့စ်လေးနဲ့ အဘကို ဂုဏ်ပြုကန်တော့လိုက်ပါတယ်ခင်ဗျား။
ဘာတွေလဲ ???? လူလောကဟာ တစ်ကယ်တန်းတွေးကြည့်တော့ မတရားသလိုပဲ။ ဒါပေမယ့်လည်း ဘယ်သူမှ ဖန်တီးလို့မရ လွန်ဆန်လို့ မရတဲ့ အရာပဲမဟုတ်လား ???? ဘာပဲပြောပြော အဘအတွက် ဒီလောကသံသရာက ကင်းလွတ်ကင်းသွားတယ်လို့ပဲ ခံယူရတော့မယ်။
အဘရေ ... အဘရဲ့ ဆေးလိပ်က တစ်ကယ်ကိုတိုသွားပြီလား .. နေညိုချိန် ရောက်လာပြီထင်လို့ အဘလိုက်သွားတာလားဗျာ ......








Read More...

Wednesday, January 24, 2007

Your Freedom ကိုမြန်အောင်လုပ်မယ်

(အသုံးဝင်မယ့်ပို့စ်မို့ ကိုစေတန်ဆီကကူးလိုက်တယ်၊ ရိုက်ရမှာပျင်းလို့။ ဘာပဲဖြစ်ဖြစ် ကိုစေတန်ရေ ကျေးဇူးဗျာ)
Your Freedom ကိုသုံးမယ် ဆိုရင် Account တစ်ခုတော့ လိုတယ်ဗျ…အခုလတ်တလော မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြသနာက port HTTPS နဲ့သုံးတော့ မရဘူးဖြစ်နေတာပေါ့….HTTP ကိုသုံးပါ…ဒါဆိုရင် ရပါတယ်….နောက်ပြီး Address ကို အမြဲပုံသေမထားနဲ့…ပုံသေဆိုရင် connection ကနှေးသွားရော…၁ လ ၁ကြိမ်လောက်ပြောင်းပေး….ဘာကြောင့်လဲဆို freedom server ကိုကပြောင်းနေတော့…ကိုယ်ပါလိုက်ပြောင်းရတာပေါ့…..

ဘယ်လိုပြောင်းရမလဲဆိုရင်…..Freedom ကိုဖွင့်…Configure ကိုဝင်…အောက်မှာ User Wizard ဆိုတာပါတယ်… Next တွေလုပ်သွား….Server ရှာနေတဲ့အချိန် ခဏလောက်စောင့်လိုက်…ပြီးရင် sever တွေက ရွေးတဲ့အခါမှာ HTTP တစ်ခုတည်း support လုပ်တဲ့ဟာပါရင် ရွေးလိုက်…မပါရင် HTTP support လုပ်တာကိုရွေးလိုက်….ပြီးရင် Protocol ကို HTTP ပြောင်းလိုက်…Save And Exit လုပ်….ပြီးရင် Start Connection လုပ်…ပိုမြန်တာကိုတွေ့လိမ့်မယ်….

Read More...

ကိုယ်အသုံးပြုချင်တဲ့ ဆော့ဖ်ဝဲလ်ကို Freedom ဖြင့် Configure ပြုလုပ်နည်း

ကိုယ်အသုံးပြုချင်တဲ့ Application ကို Your-freedom Proxy နဲ့ Configure လုပ်ရပါ့မယ်။

ဥပမာ - Firefox Browser နဲ့ Configure လုပ်မယ်ဆိုပါစို့


Tool > Option > Advanced Tap > Network > Setting ထဲကိုသွားရပါမယ်။
ပြီးရင် Dialog Box မှာ Manual Proxy Configuration ဆိုတာကိုရွေး
Proxy Address မှာ ပုံပါအတိုင်း 127.0.0.1 port 8080 ကိုထည့်ပေးရပါမယ်။
ပြီးရင် OK နှိပ် ထွက်။ ဒါဆိုရင် ကိုယ်ကြည့်ချင်ရာကို အတားအဆီးမရှိ ကြည့်နိုင်ပါပြီ။
တစ်ခုသိထားရမှာက Your-Freedom Account ကို Free Service ယူထားတယ်ဆိုရင်တော့ သူသတ်မှတ်ထားတဲ့ Connection Speed ပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Pay Account ၀ယ်နိုင်ရင်တော့ ပိုပြီးမြန်ပါတယ်။
ဒီလိုပဲ ဘယ် Software ကိုသုံးသုံး .. Freedom နဲ့ သုံးချင်တယ်ဆိုရင် Connection Setting မှာ Proxy Address ကို 127.0.0.1 or localhost port 8080: or 1080 အသုံးပြုရပါမယ်။

Read More...

All about to configure Your-freedom Software

ကုန်ပါပြီဗျာ..... (ဒီပိုစ့်ရိုက်နေတုန်း မီးပြတ်သွားလို့ ရိုက်ထားသမျှ ကုန်ရော... :'( )
ကျွန်တော် နိုင်ငံရေးအကြောင်းတွေပြောတာတော်တော်တောင်များသွားပြီ။ ကျွန်တာ့်ကို နိုင်ငံရေးသမားထင်နေမလားမသိဘူး။ ကျွန်တော်နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကျိုးကြောင်း အဆိုးအကောင်းတွေကိုတော့ လျစ်လျူရှူ့မနေနိုင်တာတော့ အမှန်ပဲ။ ဘယ်သူတွေဘာပဲပြောပြော မိုးတိမ်ကတော့ မကျေနပ်တာတွေကို ရေးတယ်။
ကျွန်တော်ကွန်ပျူတာသမားဖြစ်တဲ့အတွက် ကွန်ပျူတာနဲ့ပတ်သက်ပြီးတာ့ နည်းနည်းရေးပါ့မယ်။ ဒါလဲ နိုင်ငံရေးနဲ့ လွတ်ကင်းအောင် ရေးလို့မရနိုင်တာကိုတော့ ၀မ်းနည်းမိတယ်။ အခုခေတ် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူငယ်တော်တော်များများဟာ ကိုယ်ပိုင် E-mail Account တွေသုံးပြီး အချင်းချင်းဆက်သွယ်မှုတွေ ပြုလုပ်နေကြပါတယ်။ အထူးသဖြင့် ရန်ကုန်၊ မန္တလေးနဲ့ အခြား Internet Connection ရတဲ့နေရာတွေမှာပေါ့ဗျာ။ ပြီးတော့ နောက်ပိုင်းမှာ Internet ကနေ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ပြောဆိုဖို့အတွက် Messenger တွေခေတ်စားလာတယ်။ အဲ့ဒီထဲမှာမှ Gtalk က ရေပန်းအစားဆုံးပဲ။ အင်တာနက်ကဖေးတွေကလည်း အဲ့ဒါတွေနဲ့ ၀င်ငွေကောင်းခဲ့ကြတယ်။ လူငယ်တွေဘာကြောင့်အသုံးများသလဲဆိုရင် တစ်ချို့ Messenger တွေဟာဆိုရင် Free VOIP Service တွေရတယ်ဗျ။ ဥပမာ Gtalk, Skype, Yahoo, VZO စသဖြင့်ပေါ့ဗျာ။ တော်တော်များများပါပဲ။ ဒါကြောင့်သူဟာ ကမ္ဘာတစ်ဝှမ်းလုံးကို အင်တာနက် ကွန်နက်ရှင် ရရုံနဲ့ ဆက်သွယ်ပြောဆိုလို့ ရတာပေါ့ဗျာ။ Globalization ဆိုတာ ဒါကိုပြောတာပေါ့။ ကမ္ဘာကြီးဟာ အင်တာနက်ခေတ်ကြီးမှာ ရွာလေးတစ်ရွာလို ဖြစ်သွားတာပေါ့။ ဟိုးတုန်းကလို နိုင်ငံခြားမှာရှိတဲ့ အသိ/ဆွေမျိုး/မိတ်ဆွေ/မိသားစု/ချစ်သူ/ရည်းစား/ဇနီးသည်/လင်ယောကျာ်း စတဲ့သူတွေကို ဖုန်းခေါ်ရင် မတရားကုန်တယ်။ Oversea Call ကအရမ်းဈေးကြီးတာကိုး။ ပြီးတော့ စာတွေဘာတွေပို့ရင်လည်း အရမ်းကြာတာ။ အခုတော့ အဲ့တီ Email တွေ၊ Messenger တွေပေါ်လာတော့ အရမ်းကိုအဆင်ပြောလာတယ်။ အဆင်မပြေတာကတော့ အစိုးရဆက်သွယ်ရေး။ နိုင်ငံခြား ဖုန်းခေါ်ဆိုမှုနည်းသွားတယ်။ ၀င်ငွေနည်းသွားတယ်ပေါ့ဗျာ။ လူတွေက ဘာလို့ဖုန်းဆက်ကြတော့မှာလဲ။ အကုန်ကျသက်တာတဲ့ Messenger နဲ့ပဲ နှစ်ပါးသွားတော့တာပေါ့။ ကျွန်တော်လည်းအပါအ၀င်ပါပဲ။ ဒီလိုနဲ့ အချိန်တွေဟာ တဖြည်းဖြည်းကုန်ဆုံးရင်း မြန်မာ့ဆက်သွယ်ရေးနဲ့ မြန်မာတယ်လီပေါ့တို့ဟာ အဲ့ဒီ ၀န်ဆောင်မှုအားလုံးကို ပိတ်လိုက်ပါတယ်။ သုံးစွဲသူလူငယ်တော်တော် များများ အခက်တွေ့ကုန်တာပေါ့ဗျာ။ ဆိုက်ဘာကဖေးတွေလည်း ၀င်ငွေတွေနည်းလာတယ်။ ၀င်ငွေနည်းလာတော့ ဆိုင်ရဲ့ အင်တာနက် အသုံးပြုစရိတ်ကို တိုးမြှင့်ကောက်ခံကြတယ်လေ။ အခုဆိုရင် ကျွန်တ်ာတို့ ISP (Internet Service Provider) ဖြစ်တဲ့ Myanmar Teleport (တဖြစ်လဲ Bagan Net) နဲ့ MPT (Myanmar Posts & Communication) ဟာဆိုရင် Internet Service တော်တော်များများကို ဘမ်းထားပါတယ်။ တချို့ နည်းပညာဆိုင်ရာတွေကိုပါ ဘမ်းထားတယ်။ အဲ့ဒီတော့ အသုံးပြုတွေကလည်း ထွက်ပေါက်တွေ ရှာကြာတော့တာပေါ့။ ရှိပါတယ်ဗျာ။ ထွက်ပေါက်တွေ။ ကျော်ခွနည်းလမ်းတွေ။ အဲ့ဒီလိုလုပ်လိုက်တဲ့အတွက် မြန်မာနိုင်ငံ ကွန်ပျူတာသုံးစွဲသူအပေါင်းဟာ အင်တာနက်ကို ပိုပြီးနာလည်လာတယ်။ အခုကျွန်တော် Bagan နဲ့ MPT ကိုကျော်ခွဖိုပအတွက်အသုံးပြုတဲ့ Your-freedom Software ကိုမသုံးတတ်သေးသူတွေအတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးချင်ပါတယ်.

Freedom Software ကိုအသုံးပြုနိုင်ဖို့အတွက် Freedom Account ရှိရပါမယ်။

ဦးဆုံးပထမ Your-freedom Software ကို Download အရင်ချပါ။ Download Your Freedom.
Full Latest Version ပါ။ File Size တော့နည်းနည်းကြီးမယ်။ Dial-up User တွေအတွက် အဆင်သိပ်မပြေပါဘူး။ 28 MB လောက်ရှိတယ်။
Download ပြီးရင် Install လုပ်ရပါမယ်။ Install လုပ်ပုံကိုတော့ မတင်ပြတော့ပါဘူး။ အားလုံးလုပ်တတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Install လုပ်ပြီးသွားရင် Program ကို Launch လုပ်လိုက်ပါ။ အောက်ပါပုံအတိုင်းမြင်ရမှာ ဖြစ်ပါတယ်။



ဒုတိယအနေနဲ့ မိမိယူထားတဲ့ Account Info ကိုသွင်းရပါမယ်။ (User name & password etc.)
ဒီနေရာလေးမှာ သွင်းရမှာပါ

ပြီးရင် Proxy Setting Tap ကိုသွားပြီး Proxy Address ထည့်ရပါမယ်။ (မိမိအသုံးပြုနေသော Proxy server ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်)

ကိုယ့်အသုံးပြုနေတဲ့ Proxy Address ကိုမသိရင် အောက်ပါအတိုင်း ကြည့်နိုင်ပါတယ်။
Control panel > Internet Option > Connection Tap > LAN setting (Local Network အသုံးပြုသူများသာ။ Dial-up User များအတွက် Dial-up & Virtual Private Network တွင်ကြည့်နိုင်သည်) > Advanced > Proxy Address

နောက်ဆုံးအနေနဲ့ Sever Selection Tap ကို အောက်ပါအတိုင်း Configure လုပ်နိုင်ပါတယ်။

ပြီးရင် အောက်နားက Save & Exit Button ကိုနှိပ်ပြီးထွက်လိုက်ပါ။
ပြီးသွားရင် Start Connection ဆိုတာ Button လေးကိုနှိပ်ပါ။
Your-freedom Main Window ရဲ့ ညာဘက် အလယ်နားက တံခါးပေါက်လေး ပွင့်သွားရင် သုံးလို့ရပါပြီ။

Read More...

ပညာရေးအဆင့်မြှင့်တင်သောနည်းလမ်းကောင်း

ပညာရေးဝန်ကြီး က ဒေသကောလိပ်တစ်ခုကို လှည့်လည်ကြည့်ရှု့မှာကြားနေတယ်တဲ့။
“ဒီကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်တင်ဖို့ ဘာတွေများလိုအပ်သလဲ”
“ဟုတ်ကဲ့။ ဆိုင်းဘုတ် တစ်ခုပဲလိုပါတယ်”
_____________________________
အမှန်ပါပဲ ... မြန်မာနိုင်ငံမှာ ကောလိပ်တစ်ခုကနေ တက္ကသိုလ်ကို အဆင့်မြှင့်တင်ဖို့အတွက် ဆိုင်းဘုတ်တစ်ခုပဲလိုတာပါ။
ပညာရေးမြှင့်တင်ဖို့မဟုတ်ပါဘူး ကျောင်းကြီးကို အဆင့်မြှင့်တင်ဖို့ပါ။
ဟိုတစ်လောက ရုပ်မြင်သံကြားတွေမှာ ကြော်ငြာပါရဲ့။ နယ်မှရှိတဲ့ ကောလိပ်တွေတော်တော်များမျာဟာ တက္ကသိုလ်သို့ Jan 20th '07မှ စတင်၍ အဆင့်မြှင့်တင်လိုက်ပြီဖြစ်ကြောင်းပါ။ တစ်ကယ်လည်း ကျောင်းရှေ့ကိုဆိုင်းဘုတ်တွေ ပြောင်းသွားပါတယ်။ ဒါပါဘဲ ဘာမှထွေထွေထူးထူးမပြောင်းပါဘူး။ အခုဆို မြန်မာနိုင်ငံမှာကျောင်းတက်ရမှာ ပျော်စရာကြီး။ နည်းတဲ့ တက္ကသိုလ်တွေမဟုတ်ဘူး။ ဗလာပွကြီး။ နိုင်ငံခြားကကျောင်းသာတွေတောင် ကျောင်းလာတက်ဖို့ စိတ်ဝင်စားနေကြပြီလားမသိပါဘူးဗျာ။

Read More...

အဆင့်မြင့်လွန်းရင် ပြတိုက်ထဲရောက်သွားမယ်

(တီးရှော့ပ်က ဟာဒလေးတစ်ပုဒ် ကြိုက်လို့ကူးထည့်ထားတာ)
အချိန် - ၁၉၈၀ ခုနှစ်
နိုင်ငံခြားတိုင်းပြည်တစ်ခုက မြန်မာနိုင်ငံခေတ်မှီရေးအတွက် Super Computer ကြီးတစ်လုံး လက်ဆောင်ပေးဖို့ကမ်းလှမ်းလာပါတယ်။ အရမ်းလည်းခေတ်မှီတဲ့ နောက်ဆုံးပေါ်စက်ကြီးပေါ့။
ဒါနဲ့လူကြီးတွေအားလုံးဝမ်းသာအားရဆွေနွေးကြပါတယ်။ ဒီကွန်ပျူတာကြီးကို ဘယ်ဝန်ကြီးဌာနမှာ ထားရင်ကောင်းမလဲဆိုတဲ့အချက်ကိုပေါ့။ တစ်ယောက်ကဒီဌာနမှာထားဖို့ပြောလိုက်၊ တစ်ယောက်က ဟိုဌာနမှာထားဖို့ပြောလိုက်၊ မထားချင်တဲ့လူကငြင်းလိုက်နဲ့ နောက်ဆုံးတော့အဖြေတစ်ခုကို ဆယ်နှစ်အကြာ ၁၉၉၀ ခုနှစ်မှာ ချမှတ်နိုင်ခဲ့ပါတယ်။ ဒါနဲ့ ကွန်ပျူတာကြီးလည်းရောက်လာရော အားလုံးသဘောတူ ပြတိုက်ထဲပို့လိုက်ကြပါတယ်။

Read More...

ရွေ့ပြောင်းလို့မရတဲ့အရာ

အခုဆိုရင် .... ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ရွှေမြို့တော်အဖြစ်ကနေ အဆင့်ကျဆင်းသွားတာ အချိန်အတိုင်းအတာ တစ်ခုကိုရောက်သွားပါပြီ။ တဖြည်းဖြည်းနဲ့ စိတ်ပျက်ဖို့ကောင်းလာလိုက်တာ ရန်ကုန်မြို့ကြီးဘာတွေ ဆက်ဖြစ်ဦးမှာလဲ ??? သို့လော .. သို့လော နဲ့ခရီးဆက်နေရတယ်လေ။ အခုဆိုရင် အဓိကကျတဲ့ အစိုးရဌာန အားလုံးနီးပါး နေပြည်တော်(ပျဉ်းမနား)ကို ပြောင်းရွေ့သွားပြီလေ။ အဲ့ဒါကြောင့် လုပ်ငန်းတော်တော်များများဟာ ရန်ကုန်မှာတင် ပြီးစီးအောင်ပြုလုပ်ဖို့မဖြစ်နိုင်တော့ဘူး။ ပျဉ်းမနားကို သွားပြီးအပြီးသတ်လုပ်နေရတယ်။ အလုပ်ပိုလာတဲ့အပြင် စရိတ်လည်းပိုပြီးကြီးလာတယ်။ ဒါကြောင့်လုပ်ငန်းနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို အရင်းရှင်တွေက ဈေးကွက်ထဲကို ဈေးတွေတင်ပြီးတော့တင်ပို့နေရတယ်။ ဘာပဲပြောပြော ဒီအပြောင်းအလဲဟာ ကုန်ဈေးနှုန်းတွေကို တက်စေတာတော့ အမှန်ပါပဲ။
ဟိုး ..... လွန်ခဲ့တာ ၆ နှစ်လောက်က ရန်ကုန်ကို နယ်ကနေ စရောက်ရောက်ချင်းဆိုရင် ရန်ကုန်မှာ ၂၄ နာရီပတ်လုံး မီးလာတယ်။ မီးပြတ်ရင်လည်း ခဏပေါ့။ အလွန်ဆုံး နာရီဝက်။ အစစ အရာရာ အဆင်ပြေချောမွေ့လှတယ်။ လိုင်းကားစီးရတာကအစ။ အဲ့ဒီတုန်းကဆို လိုင်းကာခက တစ်ယောက်မှ ၁၀ ဂိတ်ပတ်ပြီး စီးလို့ရတယ်။ အခုကျတော့ကော ???? နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ ထိန်းသိမ်တဲ့အနေနဲ့ ဒီဇယ်တွေအစား သဘာဝဓါတ်ငွေ့တွေကိုအသုံးပြုဖို့အတွက် စီမံချက်တွေချထားပြီးဆောင်ရွက်ခဲ့တယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာကတော့ ပိုပြီးတက်လာပါရဲ့။ ဒါပေမယ့် အဲ့ဒီတက်လာတဲ့ ဘဏ္ဍာတွေကို မှန်ကန်တဲ့ နေရာတွေမှာ အသုံးပြုခဲ့ကြသလား??? နောက်ပြီး လိုင်းကားခတွေ ဈေးတက်လာတာပဲအဖက်တင်တယ်။ ပြီးတော့ သဘာဝဓါတ်ငွေ့တွေကိုလည်း လိုင်းကာတွေဆီအပြည့်အ၀ ပံ့ပိုးမှုတွေမပေးနိုင်လို့ ဓါတ်ငွေ့ဆိုင်ရှေ့မှ ကားတွေ တစ်ပုံတစ်ပင်ကြီးပိတ်နေတာ အားလုံးအသိပဲ။ အဲ့ဒါတွေကြောင့် အိမ်ပြန်နောက်ကျပေါင်းလည်း မနည်းတော့ဘူး။ ဘာပဲစီမံချက်??? ပြည်သူတွေအတွက်လား ??? စဉ်းစားကြပါဦး ??? နောက်ဆုံးမှာ နစ်နာစရာတွေကို ပြည်သူတွေကပဲ ပေးဆပ်နေရတယ်။ ဘယ်သူတွေ ကောင်စားသွားကြသလဲ ???
အခုဆိုရင် ရန်ကုန်မြို့မှာ လျှပ်စစ်မီးကိစ္စဟာ တော်တော်လေးကို ဆိုးဝါးနေပြီ။ တစ်ရက်ကို မီး ၁၈နာရီ ပေးမယ်လို့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေဟာ အလကားသက်သက် ကလေးတွေအပျော်တမ်း ကဗျာရေးတာလောက်တောင် တန်ဖိုးမရှိဘူး။ လာချိန်တန်လည်းမလာ လာပြန်တော့လည်း ပျက်မှာစိုးရတာ ရင်တထိထ်ထိတ်။ ပြန်ချိန်တန်ရင်တော့ မပူနဲ့ ပျက်ကိုပျက်တယ်။ သစ္စာတော်တော်ရှိတဲ့ လူတွေ။ မီးတာခတွေ ကျတော့ တိုးပြီးကောက်တယ် မီးကျတော့မပေးချင်ဘူး။ ဒါလဲပဲ နိုင်ငံတော် ဘဏ္ဍာထိန်းသိမ်းတဲ့ ကောက်ကျစ်တဲ့ လမ်းစဉ်တွေပဲထင်တယ်။ ဟိုး .... နေပြည်တော်ဆိုတဲ့နေရာမှာကျတော့ ၂၄ နာရီလင်းထိန်လို့ဆိုပဲဗျာ။ မနာလို လို့ပြောတာမဟုတ်ပါဘူး။ နောက်ဆုံးတော့ ဆရာတော်ကြီးတွေဟောသလို လူပြိန်း ကံပုံချရမှာပေါ့။ ကံပဲပေါ့ဗျာ။
အစိုးရ ၀န်ထမ်းတွေကို လစာတိုးပေးတာ အစကတော့ တော်တော်လေးကို ၀မ်းသာမိတယ်လေ။ ဘာကြောင့်လဲဆိုတော့ “သြော် .. သူတို့တတွေ မစားလောက်တဲ့လစာတွေကြောင့် လာဘ်ပေးလာဘ်ယူတွေ လုပ်နေကြတယ်။ အခုတော့ ဒီအရာတွေ ပျောက်သွားလိမ့်မယ်ထင်တယ်”လို့ တွေးမိလို့ပါ။ ဒါပေမယ့် ပျောက်မသွားတဲ့အပြင် ပြောင်တောင်းနေကြပြီ။ နောက်ဆုံးတော့ ၀န်ထမ်းတွေလစာတိုးတာနဲ့ လိုက်ပြီး တိုးတက်သွားတဲ့ ကုန်ဈေးနှုန်းကို ပြည်သူတွေ ရင်နာခံပြီး စားသုံးနေရာတာပဲ။ ဘယ်နေရာမှာမှ ပြည်သူတွေအတွက် အကျိုးမဖြစ်ထွန်းခဲ့ဘူး။ အခုတော့ ရန်ကုန်ရွှေမြို့တော်ကြီးလည်း လွမ်းစရာတွေနဲ့ ပြည့်နှက်ခဲ့ပြီ။ ဘယ်သူတွေ ဘာတွေပဲပြောင်းပြောင်း၊ ဘာတွေပဲချမှတ်ချမှတ်၊ ဘာတွေပဲမိန့်ဆိုမိန့်ဆို ကိုယ့်စိတ်ကတော့ မပြောင်းပါဘူးဗျာ ....... သူတို့တွေ မရွှေ့ပြောင်းနိုင်တဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကိုတော့ ကြံ့ကြံ့ခံထားရမယ်။ ကိုယ်က ဒါပဲတတ်နိုင်တော့တာကိုး .....
(ဘယ်သူ့ကိုမှ မတိုက်ခိုက်ပါ....မကျေနပ်ချက်များရေးခြင်းဖြစ်သည်)

Read More...

Tuesday, January 23, 2007

Cbox ရသွားပြီ

လုပ်ရင်း .. လုပ်ရင်းနဲ့တော့ နည်းနည်းအဆင်ပြေလာပြီ
အလုပ်ကတော့ တကယ်ပျက်တယ်
ကွန်နက်ရှင်မကောင်းတာကတစ်မျိုး

Read More...

စမ်းသပ်ဆဲကာလ

ကျွန်တော့်ဘလော့ကိုစမ်းသပ်နေတုန်းပါပဲ .. Cbox တင်ရတာ အဆင်မပြေဘူးဗျာ။ နေရာလွှဲနေတယ်။
ပြီးတာ့ တစ်ခြားတစ်ခြားဟာလေးတွေကော ကြိုးစားနေဆဲ။

Read More...

Monday, January 22, 2007

စမ်းသပ်ခြင်း

ဘလော့ဂျာကို စတင်သုံးစွဲတဲ့နေမို့ စမ်းသပ်လိုက်တာပါ ...

Read More...