Friday, August 31, 2007

Happy Blog Day ....

ချစ်ခင်လေးစားရပါသော Blogger အပေါင်းတို့ Happy Blog Day ပါ ......

မြန်မာဘလော့လောက ရေရှည်တည်တံ့ ခိုင်မြဲပါစေလို့ ဆုတောင်းလိုက်ပါတယ် .....

Rest of your post

Read More...

Tuesday, August 21, 2007

သူတောင်မနေနိုင်ဘူး

ဟိုးလွန်လေပြီးသောအခါက အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လူတစ်ယောက်ရှိတယ်။ သူဟာအရမ်းကို ရီရတယ်။ သူမျက်နှာကိုမြင်ရင်တောင် လူတွေဟာ ရီချင်လာတယ်။ အဲ့ဒီလောက်ကို ဟာသအစွမ်းရှိတာ။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်ပတ်က ကားခတွေ တက်ပြီးကတည်းက သူ့မျက်နှာလည်း ဒီလိုဖြစ်နေတယ် .... ကြည့်ကြပါဦး


Read More...

လမ်းလျှောက်သူများအား လေးစားပါသည်


လမ်းလျှောက်သူများအား လေးစားပါသည်။



Read More...

Friday, August 17, 2007

ရန်ကုန်က လိုင်းကားခတွေ ဒီလိုသတ်မှတ်လိုက်ပြီ

အားလုံးသိထားကြပြီထင်တယ် ... ၁၅.၈.၀၇ တုန်းက CNG ဈေးတက်တာကို ကျွန်တော် ပြီးခဲ့တဲ့ပိုစ့်မှာ ပြောပြပြီးသားပါ .. အခုတော့ လိုင်းကားတွေဟာ ယဉ်စီးခတွေကို သတ်မှတ်လိုက်ပါပြီ။ ကားပေါ်တက်ရင် စပယ်ယာတွေက “အားလုံးပဲနော် .... ပြောရတာမောတယ် .. ဈေးနှုန်းစာရွက်လေးတွေ ကပ်ထားတယ် ... ဖတ်ကြည့်ကြပါ”လို့အောင်ပါလေရော။ သတ်မှတ်ပုံက အရင် ၄၀/၆၀/၈၀/၁၀၀ ခရီးစဉ်ကို အခု ၁၀၀/၁၅၀/၂၀၀ ဖြစ်သွားပါပြီ။ ဒါပေမယ့် ပါရမီကားတွေဟာ အနီးအနားကို ၅၀ကျပ်ပဲ ယူနေတုန်းပါပဲ။ သူလည်း ဘယ်လိုဆက်ဖြစ်မလဲ မသိသေးဘူး။ ရွှေဧည့်သည် သီးသန့်ယဉ်ကလည်း ၁၅ ရက်နေ့နဲ့ ၁၆ ရက်တွေမှာ လူတွေကို မတ်တပ်ပါတင်ခဲ့တယ် .. ကားခတော့မတက်ဘူး။ ခုတော့ ရွှေဧည့်သည်လည်း ပုံသေ ယဉ်စီးခ ၃၀၀ ကျပ်ဖြစ်သွားပါပြီ။ အောက်ဆိုဒ်ကားတွေကတော့ ၂၀၀ တောင်းပါတယ်။ ညမိုးချုပ်ရင် တစ်ယောက်ကို ၅၀၀ ကျပ်အထိ တောင်းကြပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

Read More...

Thursday, August 16, 2007

ရန်ကုန်မှာ ဒီလို ဒီလို

တနေ့ညက ခေါင်းတွေကိုက်ပြီး မျက်ရည်ပူတွေကျနေလို့ မနေ့က ရုံးခွင့်ယူပြီး မျက်စိဆရာဝန်သွားပြရတယ်။ မနက် ၁၀ နာရီလောက် အိမ်ကနေထွက်ပြီး ရွှေဘုံသာလမ်းကိုသွားဖို့ ကားဂိတ်ကိုထွက်လာခဲ့တယ်။ ဒီအချိန်ဆိုအတော်ပဲ ကားသိပ်မကျပ်တော့ဘူး။ ၁၅ မိနစ်လောက် ကားစောင့်လိုက်ရတယ်။ ခါတိုင်းဆို ကားပေါမှပေါ။ ဒီနေ့ ဘယ်လိုဖြစ်တာပါလိမ့်။ ကားတွေ Gas မရပြန်ဘူးထင်တယ် လို့တွေးမိတယ်။ ဒါက ဖြစ်လေ့ဖြစ်ထတစ်ခုမို့ လူတိုင်းသိနေတယ်လေ။ တစ်ခါတစ်လေ ကားတွေကို Gas ဆိုင်က ထည့်မပေးနိုင်လို့ ကားတွေမထွက်ရဘူး ညလုံးပေါက် တန်းစီပြီး စောင့်ရတယ်။ အဲ့ဒီလိုနေ့တွေ မှာဆိုရင် ကားတွေရှားတယ်။ Gas ရှိတဲ့ကားတွေလောက်ပဲ ထွက်တယ်။ ဒီနေ့လည်း ဒီလိုပဲထင်တယ်လို့ ..... တွေးမိတယ်။ တွေးနေရင်း ကားရောက်လာပြီ .. “ဆူးလေ .. ဆူးလေ ... လာလာချောင်တယ် ... ကားတွေမထွက်ဘူးနော် ... ကားရှားတယ် .. မစောင့်နဲ့ .. စောင့်ရင်းနဲ့မှတ်တိုင်နဲ့ ညှားသွားဦးမယ်” .. စပယ်ရာတွေက အဲ့လို ..ပေါက်ကရတွေ ... ငါထင်တာ မှန်နေပြီလို့မှတ်လိုက်တယ်။ ကားတွေ မထွက်ဘူးတဲ့ ..... ကားပေါ်ရောက်တော့ ထုံးစံအတိုင်း မြို့ထဲဆိုတော့ ၁၀၀ ပေါ့။ ၂၀၀ တန်ပေးလိုက်တယ် .... “အကို ဘယ်လဲ ... ” “အေး ... လမ်း ၃၀ ကို” .... “အကို .... တစ်ယောက် ၂၀၀ နော်”တဲ့ ... ကျွန်တော်အံ့သြသွားတယ်။ “အောက်ဆိုဒ်ကားလား၊ လိုင်းကားမဟုတ်ဘူးလား” လို့မေးတော့ အကိုမသိဘူးထင်တယ် ... ညက CNG ထည့်ရတဲ့ ဈေးတက်လို့ ကားခတွေလည်း နှစ်ဆ တက်ကုန်ပြီ” .. “အမ် .. ဟုတ်လား .... ဘယ်လောက်တောင် တက်သွာလို့လဲ .. ”လို့မေးတော့ “၅ ဆ .. အကို .. ၅ ဆ ... အရင်က အိုး ၁၀လုံး ၅၀၀၀ ပေးရတယ် ... အခု ၃၀၀၀၀ ပေးရတယ် ... စဉ်းစားတာကြည့်ပေတော့ဗျာ” “ဒါတင်မဟုတ်ဘူးအကို ဓါတ်ဆီဆိုရင် အရင်ဆိုင်ထည့်ဈေး ၁၂၀၀ ... အခု ၃၀၀၀ ဖြစ်သွားပြီ၊ ညစ်တယ်ဗျာ ကျွန်တော်တို့ကော ခရီးသည်တွေပါ ဒုက္ခရောက်ကုန်တာပေါ့” “အဲ့ဒါကြောင့် မနေ့ညက ဒုက္ခတွေရောက်လိုက်ကြတာ ပြောမနေနဲ့ တန်းစီထားတဲ့တချို့ကား တော်တော်များများတွေဆို အုံနာအိမ်ကို ပြန်မောင်းသွားကြတယ်။ CNG မထည့်တော့ဘူး၊ ဒါကြောင့်ဒီနေ့ ကားရှားနေတာပေါ့။ ယာဉ်ကြီးတွေ တော်တော်များများ မထွက်ကြဘူး၊ အိမ်မှာ ဒီအတိုင်းထိုးထားပြီး အခြေအနေစောင့်ကြည့်နေကြတာ၊ ကျွန်တော့်ကားတောင် လက်ကျန်လေးရှိနေလို့ ထွက်ဖြစ်တာ”လို့ ကျွန်တော့်ကို ပြောပြတယ်။ သူ့မျက်နှာမှာလည်း မကျေနပ်တဲ့အရိပ်အရောင်တွေ သန်းနေတယ်တာ ကျွန်တော်တွေ့လိုက်တယ်။ မြန်မာနိုင်ငံက ပြည်သူလူထုတွေဟာ အဲ့ဒီအရိပ်ကြီးစိုးမိုးနေတာ ကြာပါပြီ။ ထမင်းတနပ်စားရဖို့အရေး ရုန်းကန်နေရတဲ့ဘ၀မှာ ဒီလိုပဲ အောင့်အီးပြီး အစိုးမိုးခံနေကြတယ်။ .... ကျွန်တော်တော်တော် တုန်လှုပ်သွားတယ် .. ဘာတွေဖြစ်ကုန်ပြီလဲ ..... မြန်မာနိုင်ငံမှာ ပေါများလှတဲ့ သဘာဝဓါတ်ငွေ့တွေ ဈေးတက်ကုန်ပြီတဲ့ ... ဖြစ်နိုင်သလား .. ဖြစ်နိုင်ပါတယ် .. ဘာလို့မဖြစ်နိုင်ရမှာလဲ ... CNG တွေကို အစိုးရက နိုင်ငံခြားကို ရောင်းစားနေတော့ ပြည်သူတွေ ငတ်ပြီပေါ့။ ဒီလိုအဖြစ်မျိုးတွေ အများကြီးပါပဲ .... မြန်မာနိုင်ငံမှာ သဘာဝ ရေမြေဓါတ်ခံကောင်းတော့ စိုက်ပျိုးရေး၊ မွေးမြူရေး/ရေလုပ်ငန်းတွေ အောင်မြင်ထွန်းကားတာ လူတိုင်း အသိပါပဲ အခုဆိုရင် ... ကောင်းပေ့ဆိုတဲ့ ပုဇွန်တွေ၊ ငါးတွေ၊ စပါးတွေ၊ သာမက .. ကြက်သွန်နီကိုတောင် နိုင်ငံခြားကို တင်ပို့ပြီးရောင်းနေကြပြီဆိုတော့ ဘယ်မှာလဲ ပြည်သူတွေစားဖို့။ လုပ်ငန်းရှင်တွေကလည်း နိုင်ငံခြားပဲပို့တော့မှာပေါ့ ပြည်တွင်းမှာ ဘယ်ရောင်းတော့မှာလဲ။ မြန်မာနိုင်ငံက ပြည်သူတွေ ငတ်ပြီပေါ့။ အဲ့ဒီလို အငတ်ခံလို့ အကျိုးကျေးဇူးခံစားရရင် မပြောလိုပါဘူး။ အခုဟာက ဘာမှကိုဖြစ်မလာတာ။ အခုချိန် အိမ်ရှင်မတွေ “ဈေးသွားရင် ရှူဆေးတွေယူသွား၊ နှလုံးရောဂါသည်တွေကို ဈေးမသွားခိုင်းပါနဲ့” ဆိုတဲ့ သတိပေးချက်တွေကို ရုပ်မြင်သံကြားတွေမှာ အသိပေးသင့်နေပြီ။ ဈေးထဲသွားရင် ဘုရားတနေရတယ်။ အေးပေါ့လေ .... လိမ္မော်ခြံပိုင်ရှင်က လိမ္မော်သီးအကောင်း မစားရဘူးဆိုတဲ့ စကားလို့ဖြစ်နေပြီ။ ဘယ်စားရမလဲ .. အကုန်ရောင်းစားတာကိုး။ ဒါပေမယ့် ဒီအချက်တွေကြောင့် မြန်မာနိုင်ငံဟာ သူများထက်မနှိမ့်ဘူးဆိုပြီးတော့ ကိုယ်ကိုကိုယ်ဖြေသိမ့်မိတယ်ဗျာ ... ငယ်ငယ်တုန်းက အဖိုးပြောလို့ ကြားဖူးတဲ့ ဟာသ ပုံပြင်လေးတစ်ပုဒ်ကြောင့်ပါ .. ပုံပြင်လေးက ဒီလို ..
“ဟိုး ... လွန်လေပြီးသောအခါက .. ရွာတစ်ရွာမှာ သူဠေးသား မောင်သာဆိုတာရှိသတဲ့။ သူဟာ နာမည်နဲ့လိုက်အောင်ကို အစစအရာရာ သူများထက်သာချင်တာ။ သူနဲ့အနီးအနားက ရွာသူဌေးသားတွေ ကိုလည်း လိုက်ပြိုင်၊ ရွာက လူတွေကိုလည်းလိုက်ပြိုင် .. ပြိုင်စရာမရှိရင်တောင်မှ ငါအိမ့်က သူများအိမ်တွေထက် မြင့်တယ်လို့ ၊ ငါ့အိမ်ကခွေးက အမြီးပိုဖြောင့်တယ်လို့ ကြံဖန်ဂုဏ်ယူတတ်တဲ့လူမျိုး။ တစ်နေ့တော့ .... သူတို့ရွာမှာ ၀မ်းရောဂါကပ်ဆိုက်ပါလေရော .. တစ်ရွာလုံး ၀မ်းလျှောတာ ...။ သမားတော်က အဲ့ဒီရွာမှာ တစ်ယောက်တည်းရှိတာ။ အဲ့ဒီတော့သမားတော်လည်း လက်မလည်ဘူးပေါ့။ ဒီလိုအချိန်တွေမှာ လူတိုင်းဟာ ဒီရောဂါ .. ကုတော့လည်း ဒီဆရာ .. သောက်ရတော့လည်း ဒီဆေးဆိုတော့ မောင်သာတစ်ယောက် သူများထက်မသာတော့ဘူးပေါ့။ လူတွေကလည်း ပြောကြတယ် “မောင်သာတစ်ယောက်တော့ ဒီတစ်ခါ မသာနိုင်တော့ပါဘူးကွာ”ဆိုပြီးတော့လေ။ အဲ့ဒီအချိန်မှာ မောင်သာဟာ အကြံအိုက်သွားတယ် .. “မဖြစ်ချေပြီး ငါကာလရှည်ကြာ ထိန်းသိမ်းခဲ့တာ ဂုဏ်ပုဒ်ပျက်ဆီးသွားလို့ မဖြစ်ဘူး ... တစ်ခုခု ကြံဦးမှ”ဆိုပြီးတော့တွေးတော့ .... ခဏကြာတော့ မောင်သာတစ်ယောက်ထပြီး ဆေးမြီးတိုဆိုင်ကိုသွားတယ် .. “ကျွန်တော့်ကို ၀မ်းလျှော ဆေးလေးရောင်းပေါးပါ”လို့ပြောတယ် .. ဆိုင်ရှင်က တအံ့တသြနဲ့ “အလိုမောင်သာ .. ဘာလိုပ်ဖို့တုန်း .. အခုချိန်မှာ တစ်ရွာလုံး ၀မ်းရောဂါ ကပ်ဆိုးဖြစ်နေချိန်မှာ ၀မ်းလျှောဆေးက ဘာလုပ်ဖို့တုန်း” .. “ရောင်းမှသာ ရောင်းစမ်းပါ ... လုပ်စရာရှိလို့ပေါ့ဗျာ ....” လို့ပြောတော့ ဆိုင်ရှင်က ရောင်းပေးလိုက်တယ်။ “အင်း .. မောင်သာကတော့ ဘာတွေ အဆန်းတကြယ် လုပ်ဦးမလဲမသိဘူး”လို့တွေးရင်းနဲ့ ကျန်ခဲ့တယ်။ နောက်နေ့ကျတော့ ရွာထဲမှာ ထူးထူးဆန်းဆန်း သတင်းကြားလိုက်ရတယ်။ “မောင်သာ သူများထက် သာသွားပြန်ပြီ”တဲ့ .. “ဘာတွေသာသွားပြန်တာတုန်း လုပ်စမ်းပါဦး”လို့ မသိတဲ့လူတွေမေးကြတော့ သိတဲ့လူက “ဒီလိုဗျာ မိတ်ဆွေတို့ရဲ့ ... မောင်သာလေ .. မောင်သာ .. ကြံကြံဖန်ဖန်ဗျာ .. ကျုပ်တို့ရွာကပ်ဆိုက်တာ ကလေးကအစ ဘယ်သူမှ မလွတ်တာ အကုန်အသိပဲလေ ..” “ဟုတ်တယ်လေ .. အဲဒါဘာဖြစ်လို့တုန်း .. မိတ်ဆွေရ” .. “သိပ်ဖြစ်တာပေါ့ဗျာ .. အဲ့ဒီလိုဖြစ်တော့ မောင်သာတစ်ယောက် သူများထက် မသာနိုင်တော့ဘူးလေ .. ဒီရောဂါ ၊ ဒီဆရာ ၊ ဒီဆေးပဲမဟုတ်လား .. အဲ့ဒီတော့ သူက သူ့ဂုဏ်ပုဒ်မပျက်အောင်ဆိုပြီးတော့ ၀မ်းနှုတ်ဆေးတွေသွားဝယ်တယ် .. ပြီးတော့ အိမ်က သူ့ခွေးကိုဝမ်းနှုတ်ဆေးတွေကျွေးတယ် .. သူကိုယ်တိုင်လည်းသောက်တယ် .. ဒါကြောင့် မနေ့က တစ်ညလုံး ၀မ်းလျှောတာ သမားတော်တောင် ခုချိန်ထိမအိပ်ရဘဲ ကုနေတုန်းဗျာ့ .. သူ့အိမ်က ခွေးကိုရောပေါ့ဗျာ .... လူကမထနိုင် အားအင်ချို့နေတာတောင်မှ သူ့ကိုသွားသတင်းမေးတဲ့သူတွေကို ပြောလိုက်သေးတယ် .. “အခုတော့ ငါသာသွားပါပြီ”တဲ့ဗျာ .. ” ... “ဟိုက် .. သေစမ်း .......”
ပုံပြင်လေးကတော့ ဒါပါပဲကွယ် အကြောင်းတိုက်ဆိုင်လို့ပြောပြတာပါ .. အခုတော့ ငါတို့ ရန်ကုန်မှာလည်း အထွေထွေကုန်ဈေးနှုန်းတွေ၊ ကားခတွေမြင့်တက်နေတဲ့အတွက် သူများနိုင်ငံနှင့်မခြား သာနေပါတော့သည်လို့ မှတ်ချက်ချရင်း စာကိုအဆုံးသတ်လိုက်ပါတယ်။ စိတ်အခန့်မသင့်တာလေးတွေပါ ခွင့်လွတ်ကြပါကုန် ........ စကားစပ် ကျွန်တော် အပြန်ကျတော့ ရွှေဧည့်သည်အခြေအနေသိရအောင်လို့ အောက်လမ်းမှာ သွားစောင့်စီးတာ ... ဟီး ရွှေဧည့်သည်လည်း ဘယ်ခံနိုင်မတုန်းဗျာ ... ကားခတော့မတက်ဘူးတဲ့ .. ဒါပေမယ့် ... မတ်တပ်တွေရောအကုန်လက်ခံတယ်တဲ့ .. ဒါဆို ရိုးရိုးလိုင်းကားနဲ့မခြားဖြစ်သွားပြီပေါ့ဗျာ ......

Read More...

Saturday, August 11, 2007

Blogger ပေါ် ပိုစ့်တွေကို Mail နဲ့ပို့ကြမယ်

ကျွန်တော်တို့ ပြည်တွင်းမှာ အင်တာနက် ကွန်နက်ရှင်အခြေအနေ တော်တော်လေးကို အခြေအနေ ဆိုးရွားလှပါတယ်။ မကောင်းတဲ့အခါက များပါတယ်။ အဲ့ဒီလိုအချိန်တွေမှာ ပြည်တွင်းဘလော့ဂါတွေအဖို့ အတော် စိတ်ညစ်ဖို့ကောင်းလှပါတယ်။ ပိုစ့်လည်းတင်လို့မရ။ ဘလော့ကြီးက ကြာလေ ဟောင်းလေဖြစ်လာပါရော။ အဲ့ဒါနဲ့ တစ်ခြားနည်းလမ်းနဲ့တင်လို့ရတဲ့နည်းလေးတစ်ခုကို စဉ်းစားမိတယ်။ အရင်ကတည်းက သိနေတဲ့ဟာကို သတိမထားမိလိုက်ဘူး။ ဒီလိုပါ .. ဘလော့ကို ကျွန်တော်တို့ Signin မ၀င်ပဲနဲ့ Mail နဲ့လှမ်းပို့တဲ့နည်းပါ။ ဒါဆိုရင် ဘလော့ဝင်လို့မရမှာ စိတ်ပူစရာမလိုတော့ပါဘူး။ မေးလ်ကနေလှမ်းပို့လိုက်ရင် Blogger က ပိုစ့်အနေနဲ့ တင်ပေးပါလိမ့်မယ်။ ဒါဆို အဆင်မပြေဘူးလား .... လုပ်ပုံလုပ်နည်းကတော့ ရိုးရိုးလေးပါပဲ ...

အရင်ဆုံး Blogger ကို အရင်ဝင် ပြီးရင်
Setting > Email ကိုသွားပါ .. အဲ့ဒီမှာ BlogSend Address နဲ့ Mail-to-Blogger Address ဆိုပြီးတွေ့လိမ့်မယ်
BlogSend Address မှာ ကိုယ့် post တွေပို့မယ် မေးလ်လိပ်စာကိုထည့်မယ် ...
အောက်က Mail-to-Blogger Address နေရာမှာ ကိုယ်ရဲ့ပိုစ်တွေကို လက်ခံမယ့် လိပ်စာသတ်မှတ်ပေးရမယ် ... အရှေ့ကတော့ ကိုယ့် Account name ပါတယ် .. ကျွန်တော့်အကောင့်ဆို၇င် Shwemoetain.######.blogspot.com ပေါ့ ... ###### နေရာမှာ ကိုယ့်စိတ်ကြိုက်ထည့်လို့ရတယ် .... ပြီးတော့ မှတ်ထားရမှာပေါ့ .. ကိုယ်ပိုစ့်တွေပို့ရင် အဲ့ဒီလိပ်စာကိုပို့ရမှာ။ သတိထားရမှာက အဲ့ဒီလိပ်စာကို တစ်ခြားလူမသိစေနဲ့ နည်းအမျိုးမျိုးနဲ့ မေးလ်ပို့လိုက်ရင် ကိုယ့်ဘလော့မှ ပိုစ့်တက်သွားနိုင်တယ် .. ဒါကြောင့်ပါ ... ပြီးရင် Publish ဆိုတဲ့ Check box ကို Check လုပ် .. ပြီးရင် Save Settings နှိပ်.. ပြီးပါပြီ ... ပြီးသွားရင် စမ်းပို့ကြည့်လို့ရပါပြီ ...



Read More...

Win RAR ကို အလှဆင်ကြမယ်

ကျွန်တော်တို့ ကွန်ပျူတာသမားတွေဟာ OS ပဲဖြစ်ဖြစ် Application ပဲဖြစ်ဖြစ် GUI အသစ်အဆန်းတွေကို စိတ်ဝင်စားကြတယ်။ မရိုးအောင်လို့လည်း အမျိုးမျိုးပြောင်းသုံးကြတယ်။ Wallpaper တို့ Themes တို့ကိုလည်း အဲ့ဒီအတိုင်းပဲ .... တစ်ပတ်ကို တစ်ခါလောက်ပြောင်းသုံးတယ်။ ကိုယ်နှစ်သက်တဲ့ GUI ဆိုရင် ကိုယ့်စိတ်ကို ကြည်လင်စေနိုင်တယ်လေ .... အလုပ်လုပ်ရတာလည်း လန်းလန်းဆန်းဆန်းဖြစ်စေတယ်။ အလုပ်စလုပ်ဖို့ စက်စဖွင့်ဖွင့်ချင်းဆိုရင် ကိုယ့်စိတ်ကြိုက်ပြုပြင်ထားတဲ့ Desktop Wallpaper ကိုမြင်လိုက်ရင် ကျေနပ်သွားတယ်။ အလုပ်လုပ်ဖို့အတွက် အားအင်ကိုရစေနိုင်တယ်။ မယုံရင် window 95 GUI တင်ထားတဲ့စက်နဲ့ Window Vista တင်ထားတဲ့စက်ကို စမ်းသပ်သုံးကြည့်ပါလား။ ဒါတွေကိုသိလို့လဲ Micro$oft နဲ့ Apple က GUI ကို အပြတ်အသတ်လုပ်ကြတာပေါ့။ "Don't be a wimp" တဲ့ ... တိုးတက်နေတဲ့ခေတ်ကြီးမှာ Window 95 GUI နဲ့ဆိုရင် အလုပ်လုပ်ရတာ ကြည်လင်လန်းဆန်းမှု ရှိနိုင်ပါ့မလား။ Dos command အမဲပြင်ကြီးနဲ့ဆို ပိုပြီးဆိုးတာပေါ့။ အခုကျွန်တော်အားလုံးကို ဖိုင်တွေကို Compress လုပ်ရာမှာ နာမည်ကြီး လူသုံးများတဲ့ WinRAR ရဲ့ Themes တွေကို Share ချင်လို့ပါ။ File Size က 3 MB နီးနီးရှိတယ်။ ဒေါင်းလုပ်ချပြီး အဲ့ဒီဖိုင်ကို Double Click နှိပ်ရုံပဲ .... "Do you wish to install WinRAR interface Themes ... "လို့မေးရင် OK လို့ပေးလိုက်ပါ။ ပြီးသွားရင် WinRAR ကို Load လုပ်ပြီး Option > Themes > the themes u install ကို ရွေးပေးလိုက်ရုံပါပဲ။ သူက Files Icon ကိုပါ ပြောင်းလဲသွားစေပါတယ်။ မူလ Themes ပြန်လိုချင်ရင် Default ကိုပြန်ရွေးရင်ရပါတယ်။ စမ်းကြည့်ပါ .. အသစ်အဆန်းပေါ့ ....

Read More...

Friday, August 10, 2007

ရီစရာအပိုင်အစလေးများ (၂)

ဒီတစ်ခါက လှိုင်းကားပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးပါ .... ကာယကံရှင်ကတော့ ဒေါကန်စရာ ဖြစ်နေပေမယ့် ဘေးကကြည့်နေတဲ့ သူတွေအတွက်တော့ ရီးစရာဖြစ်နေလို့ပါ။ ကာယကံရှင်ကို လောင်ချင်တဲ့စိတ်နဲ့ တင်တာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ ကြုံတွေ့ခဲ့ရတဲ့ ရီစရာလေးကို ပြန်ပြောချင်လို့ပါ။
ကျွန်တော်တို့ကတော့ ထုံးစံအတိုင်း ကုမ္ပဏီဝန်ထမ်းဆိုတော့ ကားစီးပြီးသွားလာရတာပေါ့။ လှိုင်းကားပြောတာနော်။ တစ်ရက် ကျွန်တော် မြို့ထဲကို ကွန်ပျူတာပစ္စည်းဝယ်ဖို့အတွက် Bus ကားနဲ့လိုက်သွားတယ်။ ကားက ရုံးတက် ရုံးဆင်းချိန်မဟုတ်တော့ အတော်လေးကိုချောင်နေတယ်။ ဒီလိုနဲ့ ဆင်မလိုက် အဝေးပြေးမှတ်တိုက်ရောက်တော့ ကားကရပ်ပြီး လူခေါ်ပါလေရော .. သိကြတဲ့အတိုင်း ... ကားတွေက ရပ်လိုက်ရင် တော်ရုံနဲ့မထွက်တော့ဘူး။ ကျွန်တော့်ဘေးနာမှာ အန်တီကြီးတစ်ယောက်က ထိုင်ခုံနေရာရလို့ ထိုင်ပြီးလိုက်လာတယ်။ ၀တ်စားထားတာတွေကို ကြည့်ချင်းအားဖြင့် လူဂုဏ်ထန်ထဲက ဆိုတာ သိနိုင်တယ်။ ဒါပေမယ့် တစ်ကယ်ဟုတ်မဟုတ်တော့ သူပဲသိမှာပေါ့။ အဲ့ဒီအချိန်မှာ အောက်နေပြီး ကောင်လေးခပ်ငယ်ငယ်တစ်ယောက်က “သနားကြပါခင်ဗျား .... ကျွန်တော်ထမင်းမစားရသေးလို့ပါ ... ထမင်းဖိုးလေး သနားကြပါ ”ဆိုပြီးတော့ လှမ်းတောင်းတယ် .. ကျွန်တော်လည်း အိတ်ထဲလှမ်းကြည့်လိုက်တော့ ၅၀ကျပ်တန်ရှိတာနဲ့ လှမ်းပေးလိုက်တယ် .. ကျွန်တော့်လိုပဲ အန်တီကြီးကလည်း သူ့အိတ်ထဲကို နှိုက်ပြီးရှာတယ် .. ပြီးတော့ ၅ ကျပ်တန် နှစ်ရွက်ကို ထုတ်ပြီးပေးလိုက်တယ်။ ကောင်လေးက အဲ့ဒီ ၅ ကျပ်တန်နှစ်ရွက်ကို ယူပြီး အန်တီကြီးကိုတစ်လှည့် ပိုက်ဆံကို တစ်လှည့်ကြည့်တယ် .. ပြီးတော့ “ဒီပိုက်လေးနဲ့ ဘယ်လိုလုပ်ပြီး ထမင်းဝယ်စားလို့ ရမှာ .... လူကျတော့ သူဌေးကျနေတာပဲ .. ပေးတော့ ၅ ကျပ်တန်နှစ်ရွက်”ဆိုပြီး ရှူံ့မဲ့ပြီးပြောတယ် .... ကျွန်တော်ကော .. အန်တီကြီးကော အဲ့ဒီစကားကြားသူအားလုံးပါ အံ့အားတင့်သွားတယ်။ တော်တော်မလွယ်တဲ့ကောင်တွေ .... အန်တီကြီးကလည်း မျက်နှာကြီးနီပြီး .. “ဟဲ့ကောင်လေး .. မယူရင်လည်း ပြန်ပေး .....အဲ့ဒါ မင်းအဘ စပယ်ယာက အမ်းထားတာ ... နှစ်ဆယ်အမ်းရာမှာ တစ်ဆယ်ပဲအမ်းလို့ .. ရှိတဲ့ဟာပေးတာ လူပါးဝလို့ .. ပြန်ပေး”ဆိုပြီးတော့ အော်တယ် .. ကောင်းလေးကလည်း အန်တီကြီးကို လျှာထုတ်ပြပြီး ပြေးပါလေရော .... ဟီး .... အန်တီကြီး ပြောတာကို ကားစပယ်ယာကြားတော့ .. “အစ်မဗျာ .. ကျွန်တော့်ကို အရှက်ခွဲတာလား .. အဲ့ဒီလိုကြီးတော့မပြောပါနဲ့ ... ဟိုကောင်လေး အဘဆိုတော့ ကျွန်တော်ပါ သူတောင်းစားဖြစ်သွားမှာပေါ့ .. ငွေလေးတစ်ဆယ်မအမ်းမိတာ .. သူတောင်းစားဖြစ်ရောဗျာ .. အဲ့ဒီလိုမပြောပါနဲ့ .. ကျွန်တော်က အကြွေမရှိလို့မအမ်းတာပါ ... ရော့ အန်တီ ၁၀၀ တန်ပြန်ယူ ... ညစ်တယ်ဗျာ .. ၁၀ ပြန်ပေး ..”လို့လာပြောတယ် ..... အန်တီကြီးက ခပ်တည်တည်နဲ့ ပိုက်ဆံ ၁၀၀ ကိုပြန်ယူပြီး “တစ်ဆယ်လိုချင်ရင် .. ဟိုကောင်လေးဆီသွားပြန်တောင်း”လို့ပြောပြီးတော့ ကားပေါ်ကဆင်းသွားတယ် ....... ကားပေါ်ကလူတွေ ဘာလုပ်ကြမယ်ထင်လဲ .... ရီကြမှာလား .... မသိချင်ဟန်ဆောင်နေမှာလား ..... ကျွန်တော်ကတော့ ဟန်မဆောင်နိုင်ဘူး .. ဟားဟား ....

Read More...

ဝယ်သတိ၊ စားသတိ

ကုန်ဈေးနှုန်းတွေ အရမ်းမြင့်မားနေတဲ့ လက်ရှိအခြေအနေမျိုးမှာ ပစ္စည်းတစ်မျိုးမျိုးကို ဈေးပေါးပေါးနဲ့ ရတယ်ဆိုပြီး မ၀ယ်မိစေနဲ့။ သေသေချာချာ စုံစမ်း စစ်ဆေးပြီးမှ ၀ယ်သင့်တယ်။ တစ်ချို့အရာတွေဟာ လူတွေရဲ့ ပိုက်ဆံကိုပဲ ညှာယူပေမယ့် တစ်ချို့အရာတွေဟာ လူတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် စားသောက်ကုန် တွေမှာတွေ့မြင်နေရပါတယ်။ အခုဆိုးရွားနေတာကတော့ Expire ဖြစ်သွားတဲ့ ဆေးဝါးနဲ့စားသုံးကုန် ပစ္စည်းတွေကို တစ်ဖက်လှည့်နဲ့ စားသုံးသူပြည်သူတွေဆီ ရောက်အောင် ပြုလုပ်နေကြတာပါပဲ။ လုံးဝမဖြစ်သင့်တဲ့ ကိစ္စမျိုးတွေပါ။ ကိုယ့်ရဲ့ကိုယ်ကျိုးစီပွားကိုသာကြည့်ပြီး လူတွေ ဒုက္ခရောက်အောင် ပြုလုပ်နေကြတာပဲ။ ဒီကိစ္စဟာ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကုမရတဲ့ရောဂါမျိုးကို လည်းဖြစ်ပွားသွားစေနိုင်ပါတယ်။ ကျွန်တော်တို့တတွေ သတိပြုဆင်ခြင်သင့်တယ်။ သက်ဆိုင်ရာ ကနေပြီးတော့လည်း ပြင်းထန်စွာစစ်ဆေး တားမြစ်ဖို့လိုအပ်တယ်။ အဲ့ဒီ စားသုံးကုန်ပစ္စည်းတွေကြောင့် လူတွေဟာ အဆိပ်သင့်ရပါတယ်၊ ၀မ်းရောဂါတွေဖြစ်ပေါ်စေပါတယ်၊ နောက်ဆုံး အဆိုးဝါးဆုံးရောဂါ ကင်ဆာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ချို့ တစ်ချို့သော Supermarket တွေမှာ Expire ဖြစ်နေတဲ့ စားသုံးကုန် ပစ္စည်းတွေကို ပြန်လည်ပြီး တံဆိပ်ရိုက်ရောင်းချနေတယ်လို့လည်း ဟိုတလောက သတင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ကျွန်တော့်ကိုယ်တွေ့ကတော့ဒီလိုပါ .. ကျွန်တော်ရဲ့ ၈နှစ်အရွယ် တူလေးတစ်ယောက်ဟာ ကျောင်းကနေအပြန် အပြင်မုန့်ဆိုင်တွေက ဈေးပေါတဲ့ လမုန်တွေကို ၀ယ်လာတာပါပဲ။ အိမ်ပြန်ရောက်တော့ ကျွန်တော့်ကိုလာပြီးကျွေးတယ် .. ကျွန်တော်က “မင်းဘယ်က ပိုက်ဆံတွေ အများကြီးရလို့ ၀ယ်လာတာလဲ”လို့မေးတော့ “ကျောင်းမှာရောင်းတာလေ ဦးရဲ့ တစ်ခုကို ၅၀ တဲ့ ၁၀၀ ဖိုးကို ၃ ခုပေးတယ် ...” ၏သား အိမ်မှာစားမလို့ ၀ယ်လာတာ”တဲ့ ... လမုန့်တစ်ခုဟာ အပြင်မှာ ၂၀၀ လောက်ပေးဝယ်ရပါတယ်။ ကျွန်တော်က ဟုတ်လှချည်လားဆိုပြီးတော့ သူ့ဆီက တစ်ခုယူတယ်။ မုန့်က သေသေချာချာကို ဆီစိမ်စက္ကူနဲ့ ထုတ်ထားတာ။ ကျွန်တော်စက္ကူတွေကို ဖယ်လိုက်တော့လည်း မုန့်က အကောင်းကြီးလိုပဲ .. ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဒီလောက်ဈေးပေါပေါနဲ့ ရောင်းပေးနိုင်ပါလိမ့်လို့လည်း တွေးမိတယ်။ မုန့်ကိုနှစ်ပိုင်းချိုးပြီး အတွင်းကို ကြည့်လိုက်တော့မှ .. အားလားလား .. မှိုတွေ တစ်ပြင်လုံးကို မှိုတွေတက်နေတာ။ ချက်ခြင်းပဲ ကျွန်တော့်တူလေးကို ကျောင်းမှာစားမိသေးလားလို့မေးတော့ ကျောင်းမှာလည်း တစ်ခုမှမစားမိသေးဘူးလို့ပြော တာပဲ ..... သေတော့မသေချာဘူး ...။ နောက်တစ်ခုက တစ်နေ့ကတင် ကျွန်တော်ခေါင်းကိုက်လို့ paracetamol တစ်ကဒ်သွားဝယ်လိုက်တာ ... သောက်ခါနီးမှ သတိရလို့ကြည့်လိုက်တာ Expire ဖြစ်နေပါတယ်။ အဲ့ဒါပါပဲ ..... Expire ဖြစ်တဲ့ ပစ္စည်းတွေကို တဖက်လှည့်နဲ့ မသိနားမလည်တဲ့ သူတွေလက်ထဲရောက်အောင်လုပ်တာ။ ဒါဟာ လုပ်ငန်းရှင်ရဲ့အပြစ်လည်း မကင်းဘူးလေ။ သူတို့က အဲ့ဒီပစ္စည်းတွေကို ဖျက်ဆီးပစ်ရမှာ။ တစ်ချို့ စားသောက်ကုန်ပစ္စည်းတွေဆိုရင် .. Expire လွန်ရင် ပြန်လဲပေးတာမျိုးတွေရှိတယ်။ ကျွန်တော် စဉ်းစားလို့မရတာက .. တစ်လ တစ်လ များပြားလှတဲ့ အဲ့ဒီ Expire ဖြစ်သွားတဲ့ စားသုံးကုန်တွေကို ဘာလုပ်ပစ်လိုက်သလဲ ... ဘယ်တွေရောက်ကုန်သလဲ .... ဒါဟာ တွေးစရာပါပဲ။ တစ်ချို့ပေါင်မုန့်ရုံတွေဆိုရင် မှိုတက်နေတဲ့ .. Expire ဖြစ်သွားတဲ့ မုန့်တွေကို ပြန်လည်မီးကင်အပူပေးပြီးတော့ တစ်မျိုးတစ်မည်အဖြစ် ပြန်လည်ရောင်းချနေကြတယ်။ ဒါကိုမသိတဲ့သူတွေက ဈေးပေါတယ် .. စားကောင်းတယ် ဆိုပြီး ၀ယ်ယူစားသောက်နေကြတာ။ တစ်ချို့ရုံတွေကြတော့လည်း Expire ဖြစ်သွားတဲ့ စားသုံးကုန်တွေကို ၀န်ထမ်းတွေကိုပြန်ဝေငှတယ်။ တစ်ချို့ကြတော့လည်း ၀န်ထမ်းတွေနဲ့ညှိပြီး ဆင်ခြေဖုံးတွေမှာ ဈေးလျော့ ရောင်းခိုင်းတယ်။ ဒါတွေဟာ ကျွန်တော်စိတ်ထင်လို့ပြောနေတာမဟုတ်ပါဘူး။ တစ်ကယ်ဖြစ်နေတာပါ။ ဒါကြောင့် ကိုယ့်နဲ့ဆက်နွယ်မှုရှိတဲ့ကလေးတွေ၊ နားမလည်တဲ့သူတွေရှိရင် သေချာရှင်းပြပြီး စားသောက်ကုန်နဲ့ ဆေးဝါးတွေကို ဈေးပေါတိုင်း ၀ယ်မစား/သုံးကြဖို့ အသိပေးကြပါ။ ကိုယ်ကျိုးကိုသာ ကြည့်တဲ့ စီးပွားရေးသမားတွေ ရဲ့သားကောင် မဖြစ်သွားပါစေနဲ့လို့ အားလုံးကို “၀ယ်သတိ၊ စားသတိ”လို့ သတိပေးလိုက်ကြပါဦး ......

Read More...

Monday, August 6, 2007

ရီစရာ အပိုင်းအစလေးများ

လူတိုင်း လူတိုင်းမှာ ကိုယ်တွေ့ကြံတွေ့ဘူးခဲ့တဲ့ ရီစရာအဖြစ်အပျက်လေးတွေ ကိုယ်စီ ရှိကြမှာပဲလေ။ အိမ်မိသားစုထဲမှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ လမ်းသွားရင်းပဲဖြစ်ဖြစ် ကြုံတတ်ကြတယ်။ တစ်ချို့ အဖြစ်အပျက်တွေက မေ့ပျောက်သွားပေမယ့် တစ်ချို့ကျတော့ အမှတ်ရပြီးကျန်နေတတ်တယ်။ အဲ့ဒီလို အမှတ်ရပြီး ကျန်နေခဲ့တဲ့ ကျွန်တော် ကိုယ်တွေ့ရီစရာလေးတွေကို ပြန်ဖောက်သည်ချချင်တယ်။ စာဖတ်သူတွေ ကျွန်တော့်စာကိုဖတ်ပြီး မရီရင်တောင် တစ်ချက်လေး ပြုံးသွားရင် ကျွန်တော် ရေးရကျိုးနပ်ပါပြီ။

တစ်ခါ ကျွန်တော် ရုံးကအပြန် ဘုရင့်နောင်လမ်းဆုံမှ ကြုံတွေ့ခဲ့ရတဲ့ မျက်မမြင်နဲ့ ကလေးငယ်တစ်ဦးတို့ အကြောင်းကို ပြောပြချင်တယ်။ ဒီလိုပါ ... ကျွန်တော် ရုံးဆင်းတော့ ဘုရင့်နောင်လမ်းဆုံကနေ တစ်ဆင့်ပြန်ပြီး ကားစီးရတယ်။ ကျွန်တော်စီးမယ့်ကားကို စောင့်နေတုန်း .. ဟိုဘက်ကားလမ်းမကနေပြီးတော့ ကလေးတစ်ယောက်ဟာ လူကြီးတစ်ယောက်ကိုလက်ဆွဲပြီး ကျွန်တော်ရှိတဲ့ဘက်ကို ကူးလာတယ်။ သေချာကြည့်လိုက်တော့လူကြီးက မျက်မှန်နက်ကြီးတပ်ထားပြီး လက်မှာလည်း တုတ်တစ်ချောင်းနဲ့ လွယ်အိတ်ခပ်ကြီးကြီးတစ်လုံး လွယ်ထားတဲ့ မျက်မမြင်တစ်ယောက်ပါ။ ကားတွေက ရှုပ်နေတော့ဒီဘက်ကိုရောက်ဖို့ တော်တော်စောင့်ပြီး ကူးလိုက်ရတယ်။ ကျွန်တော်ရှိတဲ့ဘက်က ဘလက်ဖောင်းက နည်းနည်းမြင့်နေတယ်။ တစ်ပေနီးပါးလောက်ကို ကားလမ်းထက် မြင့်နေတာ .. ကောင်လေးက ဒီဘက်အခြမ်းရောက်တော့ လူကြီးကိုလက်ဆွဲပြီး ဘလက်ဖောင်းပေါ် တက်လိုက်တယ် .. ထူးဆန်းတာက လူကြီးက အဲ့ဒီနေရာမှာ မြင့်နေတာကိုသိနေသလိုပဲ .. လွယ်လွယ်ပဲ လှမ်းတက်လိုက်တယ် .... ကျွန်တော့်စိတ်ထဲမှာ ကျိတ်ပြီးချီးကျူးမိလိုက်တယ် .... ကျင့်သားများရနေလို့များလားလို့ တွေးမိတယ် .... ဘလက်ဖောင်းပေါ်ရောက်တော့ ကျွန်တော်နဲ့မလှမ်းမကမ်းနားလေးမှာ ရပ်လိုက်တယ် ... ပြီးတော့ ကောင်လေးကို သူလွယ်ထားတဲ့ လွယ်အိတ်ကြီးပေးလိုက်တယ်။ ကောင်လေးကလည်း အလိုက်သင့်ပဲ လွယ်အိတ်ကိုယူပြီးအထဲက ပုဆိုးဟောင်းတစ်ထည်ကိုထုတ်ပြီး ဘလက်ဖောင်းပေါ်ခင်းလိုက်တယ် .. ကျွန်တော် သဘောပေါက်သွားပြီ ... သူတို့နေရာယူပြီး ပိုက်ဆံတောင်းတော့မယ်ဆိုတာ သိလိုက်တယ်။ ကျွန်တော်က သူတို့အနောက်ဘက်နားလေးလောက်မှာ နေပူတော့ ကွမ်းယာဆိုင်က ထီးထဲကို ၀င်နေလိုက်တယ်။ ကောင်းလေးက အခင်းခင်းပြီးတော့ လူကြီးကို ထိုင်ခိုင်းလိုက်တယ်။ ပြီးတော့ သူလွယ်အိတ်ထဲက သုံးထပ်သားနဲ့လုပ်ထားတဲ့ဆိုင်းဘုတ်လေးတစ်ခုကို ထုတ်ပြီး လွယ်အိတ်ကိုရှေ့နားမှာထားပြီး သုံးထပ်သားကို လွယ်အိတ်အမှီလုပ်ပြီးထောင်ထားလိုက်တယ်။ ပြီးတော့ ကောင်းလေးက ဖြတ်သွားသမျှလူတွေကို လက်ဖြန့်ပြီး တောင်းတော့တာပဲ .. စကားတော့တခွန်းမှ မပြောဘူး။ ကျွန်တော်လည်း ဘာရယ်မဟုတ်ဘူး .. ကြည့်နေမိလိုက်တယ်။ သနားစရာကောင်းတဲ့ဘ၀လေးပါလား ... လူကြီးကိုပြောတာမဟုတ်ဘူး ... ကောင်းလေးကိုပြောတာ ... လူကြီးက မျက်စိသာမမြင်တာ .. ခန္ဓာကိုယ်က ကျွန်တော့်ထက်တောင် တောင့်တင်းတယ်။ သန်သန်မာမာကြီး .... သူလိုမဟုတ်ဘဲ .. သူ့ထက်အခြေအနေဆိုးတဲ့သူတွေ အများကြီးကို မျက်မမြင်ကျောင်းမှာတွေ့ဘူးတယ် .. သူတို့တွေဟာ .. ဘ၀ကိုအရှူံးမပေးပဲ ရုန်းကန်ကြတယ်။ မျက်စိမမြင်ပေမယ့် လက်မှုပညာကို ကြိုးစားလေ့လာပြီး သူတို့ဘ၀ရပ်တည်ဖို့အတွက် ကြိုးစားကြတယ်။ တစ်ချို့ဆို မျက်စိမမြင်ရုံတင်မကဘူး .. နားပါမကြားရဘူးတဲ့ .. ဆွံ၊ အ၊ နား မကြားပေါ့။ ဒီလူကြီးအခြေအနေနဲ့ဆို အများကြီးလုပ်နိုင်သေးပါရက်နဲ့ ကလေးကိုအားကိုးပြီးတောင်းရမ်းစားသောက်နေတယ်။ အေးပေါ့လေ .. လူဆိုတာ သူ့အတွေးနဲ့သူပေါ့ ... သူဘာကြောင့်ဒီလိုတောင်းစားသလဲဆိုတာ ကိုယ်လည်းမသိတော့ အပြစ်ဆိုလို့ မရဘူးလေ။ ကလေးငယ်ရဲ့ဘ၀ကတော့ မတွေးဝံ့စရာဘဲ။ လူတွေ ဖြတ်သွားဖြတ်လာတွေက သူတို့ဆိုင်းဘုတ်ကို ကွက်ကြည့် ကွက်ကြည့်လုပ်သွားတယ်။ တစ်ချို့ဆိုရင် ... လက်ညိုထိုးပြီး ဘာတွေ ပြောသွားမှန်းမသိဘူး .... ၇ ယောက် ၈ ယောက်လောက် ဖြတ်ပြီးသွားချိန်မှာ လူကြီးဟာ မသိမသာနဲ့ ရှေ့ကိုတိုးတိုးသွားတယ် ... လွယ်အိတ်နားရောက်သွားတော့ ခေါင်းကို ဘယ်ငဲ့ ညာငဲ့ပြီး လှုပ်နေတယ်။ မျက်စိမြင်တဲ့သူဆိုရင်တော့ ဘယ်ကြည့် ညာကြည့်တဲ့သဘောပေါ့။ မျက်စိမမြင်တော့ ခေါင်းလှုပ်တာပေါ့။ ညောင်းလို့ထင်ပါရဲ့ ..... ပြီးတော့ ခေါင်းကို ဖြေးဖြေးချင်းငုံပြီး သူ့ဆိုင်းဘုတ်ရှိရာကို ခေါင်းစိုက်လိုက်တော့ .. ပြီးတော့ ဖြတ်ခနဲ့ခေါင်းပြန်ထောင်ပြီး အနောက်ကိုဆုတ်လိုက်တယ်။ ချက်ခြင်းဆိုသလိုပဲ .. သူ့ရှေ့မှာ လက်ဖြန်ပြီး ပိုက်ဆံတောင်းနေတဲ့ကောင်လေးကို လှမ်းခေါ်လိုက်တယ် .... ကောင်းလေးသူ့နားရောက်လာတော့ .. ဘေးမှာထိုင်ခိုင်းတယ် .. ပြီးတော့ ခေါင်းတချက်ခေါက်ပြီး .. ပါစပ်က ဘာတွေ ပွစိပွစိပြောလဲမသိပါဘူး ... ကောင်လေးနားနားကပ်ပြီးတော့လည်းပြောတယ် ... ချက်ခြင်းပဲ ကောင်းလေးကထပြီး သူ့ရှေ့က အထပ်သားဆိုင်းဘုတ်လေးကို အပေါ်အောက်လှည့်ပြီး ပြန်ထောင်လိုက်တယ် ... ကျွန်တော်တွေ့လိုက်တာက ဆိုင်းဘုတ်က နဂိုထောင်ထားတာ ပြောင်းပြန်ပြီးဗျာ ... အဲ့ဒါကို ကောင်လေးက အတည့်ပြန်ထောင်လိုက်တာ ... ဟားဟား .. ကျွန်တော်အခြေအနေအားလုံးကို သဘောပေါက်သွားပါပြီ ... လူကြီးက မျက်မမြင်မဟုတ်ဘူးဗျာ .. မျက်စိမြင်တယ် .. လိမ်စားနေတာ ..... ကောင်လေးက စာမတတ်ဘူး ထင်ပါရဲ့ဗျာ .. ဆိုင်းဘုတ်ကို ပြောင်းပြန်ထောင်လိုက်မိတယ် .. ဒါကို လူတွေက ပြောင်းပြန်ဖြစ်နေတော့ ကွက်ကြည့် ကွက်ကြည့်လုပ်သွားတာ ...... လူကြီးက မျက်စိမြင်တော့ လူတွေကြည့်ကြည့်သွားတာကို မသင်ကာလို့ ရှေ့ကိုမသိမသာတိုးပြီး သူဆိုင်းဘုတ်ကို သူပြန်ကြည့်တာ .... ဟီး .. ပြောင်းပြန်ဖြစ်နေတော့ ကောင်းလေးကို ခေါင်းခေါက်ပြီး ပြန်ပြောင်းခိုင်းတာလေ ... သြော် .. ထူးဆန်းပါပေ့ဗျာ .. လောကမှာ ဒီလိုလူတွေရှိသေးသကိုးဗျာ ....... ဘယ်လိုလုပ်ကြမလဲ ... လူကြီးက ကောင်းလေးနားနားကပ်ပြီးဘာပြောမယ်ထင်သလဲ ... “ခွေးကောင် ... ဆိုင်းဘုတ်ပြောင်းပြန်ဖြစ်နေတယ်ကွ .. ပြန်ပြောင်းစမ်း ... အလုပ်ကိုသေချာမလုပ်ဘူး” လို့ ကျွန်တော်က တွေးမိတာပဲ ......

Read More...