Monday, January 29, 2007

သူငယ်ချင်း ... ကောင်းရာသုဂတိလားပါစေ

သြော် ... သေခြင်းဆိုတာ .. ကြီးငယ်မရွေး ..အိုပျိုမလွတ် ပါလား။ သူငယ်ချင်းရေ .... မင်းအတွက်အခုတော့ ငါစိတ်မေကောင်းဖြစ်နေရပြီကွာ။ ၀မ်းနည်းမှုတွေ ရင်ထဲမှာမဆံ့တော့လို့ ဒီမှာရေးချလိုက်တယ်။ မင်းကွာ သွေးတိုးရောဂါရှိလျက်သားနဲ့ ဒညင်းသီးကို ခုံမင်ရသလား။ ငါသလောက်ကိုအသဲစွဲရလေသလား။ သေခြင်းတရာကို ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။ ဒါပေမယ့် အသက်ကို ဥာဏ်စောင့်တယ်ဆိုတာ မင်းများမေ့သွားခဲ့သလားကွာ??? အခုတော့ ငါတို့တတွေ ဟိုအရင်ကလို မပျော်နိုင်တော့ဘူး။ ငါးလည်းမင်းကြောင့် ပိုပြီးရင့်ကျက်သွားသလို ခံစားရတယ်ကွ။ ပြီးတော့ မင်းအသက်နဲ့ရင်းပြီးပေးလိုက်တဲ့ သင်ခန်းစာ။ မင်းအိမ်က ဖုန်းဆက်ဆက်ချင်း ဆေးရုံကို ငါသုတ်ခြေတင်ခဲ့ပါတယ်။ ဟိုရောက်တော့ ၀မ်းနည်းစရာတွေက တဖေးတမကြီးကို စတော့တာပါပဲ။ “ဦးဏှောက်သွေးကြော ပြတ်သွားတာ”တဲ့။ သူငယ်ချင်းရယ်ဖြစ်ရလေ။ မင်းနဲ့ငါတို့ ကြိုးစားစရာတွေ အများကြီး ကျန်သေးတယ်လေ။ မင်းဒီအတိုင်းပဲ ထားသွားပြီလား??? ရှိုက်ကြီးတငင်ငိုနေတဲ့ မင်းမိသားစုတွေကိုကြည့်ရင်း ငါ့မျက်ရည်တွေ ဘာနဲ့ဘယ်လိုတားဆီးနိုင်မှာလဲကွာ။ “အနာဂါတ်ဆိုတာကြိုးစားရင် တောက်ပြောင်လာမှာပါ”ဆိုတဲ့ မင်းရဲ့စကား ခုထိနားထဲကမထွက်သေးဘူး။ ကောင်းတူဆိုးတူ ပျော်ပါးခဲ့ကြတဲ့ ငါတို့ရင်ထဲကမှတ်တမ်းကို ဘယ်လိုလုပ်ပြီး ၀မ်းနည်းမှုမပါဘဲ တွေးလို့မရမှာလဲနော်....??? “ညနေစာစားပြီးတော့ ခဏပဲ မူးတယ်၊ မူးတယ်ဆိုပြီး လဲကျသွားတာ”မင်းအမေရဲ့ရှင်းပြချက်။ သူ့ခများငါ့ကို ရင်ထဲကအဲ့ဒီစကားလုံးတွေထွက်ဖို့ မနည်းအားတင်းပြီး ပြောရရှာတာ။ “ညနေစာက သူသိပ်ကြိုက်တဲ့ ဒညင်းသီးပြုတ်ပါတယ် .... မနေ့ကလည်းသူ ငါသလောက်စားချင်တယ်ဆိုလို့ ချက်ကျွေးမိတယ်” သူငယ်ချင်း လူဆိုတာ ကိုယ်နဲ့တည့်တာပဲကောင်းပါတယ်ကွာ။ မတည့်တာတွေတွေးပြီး မင်းစိတ်အလိုလိုက်ခဲ့လို့ အခုလိုမျိုး ၀မ်းနည်းစရာတွေနဲ့ ကြုံတာပေါ့။ “သူများလည်းစားနေတာပဲကွာ၊ ငါလည်းစားချင်တာပေါ့” မင်းပြောတဲ့စကား လူလူချင်းတူရင်တောင် အသက်ရှူချင်းမတူဘူးကွ။ ပြီးတော့ အကျိုးတရားဆိုတာ အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတာ။ အခန့်မသင့်ရင် ကိုယ်မတွေးမိတဲ့အရာတွေ ဖြစ်လာတတ်တယ်ဆိုတာ မင်းလည်းနာလည်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အဲ့ဒီအရာတွေကို ခုံမင်ရသလဲ??? မင်းအတွက် အဲ့ဒီအရာတွေဟာ အားဖြစ်စေသလား ??? ဗီတာမင်ဓါတ်တွေ အများကြီးပံ့ပိုးပေးသလား??? မင်းရဲ့ လုပ်ရည်ကိုင်ရည်တွေ တိုးတက်လာသလား??? အခုတော့ငါဟာ မင်းရဲ့အသုဘနဲ့ ငါတို့ပျော်ရွင်ခဲ့တဲ့အတိတ်ကို နှိုင်းယှဉ်ပြီးခံစားနေရပြီ။ မင်းလုပ်ရက်တယ်ကွာ။ သူငယ်ချင်း .... ငါ့မှာဆက်ရေးနိုင်စွမ်းမရှိတော့ဘူးဟာ.. ကောင်းရာသုဂတိလားပါစေ။ မင်းကောင်ကံတာတစ်ခုက စနစ်ဆိုးကြီးအောက်ကနေ မင်းလွတ်မြောက်သွားပြီးပေါ့။ မင်းငြိမ်းချမ်းသွားပါပြီ .....

0 comments: