Thursday, April 19, 2007

သင်္ကြန် + ဗေဒင် နဲ့ ကျွန်တော် (စ+ဆုံး)

ဘာလိုလိုနဲ့ မြန်မာ့နှစ်ကူး သင်္ကြန်ပွဲတော်ဟာ နောက်ဆုံးရက်ကိုရောက်ခဲ့ပါပြီ။ သင်္ကြန်ရက်တွေမှာ ဘယ်မှမသွားဖြစ်ဘဲ ကျွန်တော့်ကြီးကြီးအိမ်မှာ အိမ်တွင်းပုန်း လုပ်နေခဲ့တယ်။ ကြီးကြီးအိမ်မှာ လူမရှိလို့ အိမ်စောင့်ဖို့ ခေါ်ထားလို့ပါ။ ရေခမ်းနေတာလည်းပါတာပေါ့။ နက်ဖြန် နှစ်ဆန်းတစ်ရက်နေ့ ဘုရားလေး ဘာလေးသွားရအောင် သူငယ်ချင်းနဲ့လှမ်းချိတ်ဖို့ သတိရလိုက်တယ်။ ဘုရားအတူတွဲသွားဖို့ ရည်စားလေး တစ်ယောက်တောင် မရှိတဲ့ကျွန်တော့်ဘ၀ကို ကျွန်တော် သနားမိလေရဲ့ ... :D။ ဖုန်းဝင်သွားတော့ သူ့အမေနဲ့တွေ့တယ် . . .
“အန်တီ ... ကျွန်တော် မောင်ဦးပါ ... စောမြအိမ်မှာ မရှိဘူးလား ?”
“သြော်... အေး .. မောင်ဦး .. သားလေး .. မင်းသူငယ်ချင်း ပြန်မရောက်သေးပါဘူးကွယ် .. ဒီကောင်လေး ဘယ်တွေ လျှောက်သွားနေလဲမသိဘူး ... သူ့ကို အိမ်က ပေးမလယ်ဘူးလေ .. နောက်ဆုံးနေ့ကျတော့ အန်တီလည်း မတားချင်တာနဲ့လွတ်လိုက်တာ .. ခုတော့ ပေါ်ကိုမလာတော့ဘူး။ တစ်ခြား သူငယ်ချင်း တွေဆီကိုလည်း ဖုန်းဆက်ကြည့်ပါဦး မောင်ဦးရယ် ... နော် .. တွေ့ရင် အန်တီ့ဆီ ဖုန်းဆက်ပါလို့ ပြောပေးဦး ... ”

“ဟုတ်ကဲ့ပါ .. အန်တီ .. ကျွန်တော် ပြောလိုက်ပါ့မယ် ... ဒါနဲ့ အန်တီ သူဘယ်သူတွေနဲ့ သွားလည်တာလဲမယ်လို့ ပြောသွားလဲ .. ”
“အောင်းသန်းတို့နဲ့လို့ပြောတာပဲ ... ဒါနဲ့ သားလေးကော သွားမလည်ဘူးလား ???”
“ ... အဟဲ .. မသွားပါဘူးအန်တီ ... ကျွန်တော် ကြီးကြီးအိမ်ကို ရောက်နေတာ .... အိမ်မှာပဲကွေးနေတာ ... အိမ်မှာ ဘယ်သူမှမရှိဘူး .. အမေနဲ့ ကြီးကြီးတို့က တရားစခန်းဝင်ကြတယ်လေ .. အိမ်စောင့်နေတာ .. နက်ဖြန်ကျရင် ဘုရားသွားမလို့ စောမြကို လှမ်းချိန်းတာပါ .. အန်တီ ... အကယ်၍ သူအိမ်ရောက်ရင်လည်း ပြောပြပေးပါဦး”
“သြော် .. အေး အေး .. ကောင်းတယ် .. ကောင်းတယ် ... သူပြန်လာရင်ပြောလိုက်မယ်လေနော်...”
“ဟုတ်ကဲ့.. အန်တီ .. ကျေးဇူပါပဲ .. ကျွန်တော် ဖုန်းချလိုက်တော့မယ်နော် ..”
“အေးကွယ် . ရပါတယ် .. အေးအေး ...”
ဒါဆိုငါ .. အောင်သန်းအိမ်ကို ဖုန်းဆက်ကြည့်ဦးမယ် .... နာရီကို လှမ်းကြည့်လိုက်တော့ 7:30။ ဒီကောင် ဘယ်ရောက်နေပါလိမ့်။ .......
“ဟဲလို ... ဟုတ်ကဲ့ .. ကျွန်တော် အောင်သန်းနဲ့ စကားပြောချင်လို့ပါ ..... ”
“ဟဲလို့ ... ကျွန်တော် အောင်သန်းပါ ...”
“ဟာ .. ဟေ့ကောင် ... အောင်သန်း .. ငါပါ .. မောင်ဦး ... စောမြ မင်းဆီမှာလား ??? ”
“ခုလေးတင်ကားနဲ့ပြန်သွားတယ် .... ငါတို့လည်တဲ့ကားနဲ့လေ .. ဘာဖြစ်လို့လဲ ?”
“အေး .. ငါသူ့အိမ်ကို ဖုန်းဆက်ကြည့်တော့ မရောက်သေးလို့ကွ ... သူ့အမေလည်း စိတ်ပူနေတယ် ... ”
“အေး .. ဟေ့ကောင် ဒါနဲ့ မင်းဘယ်က ဆက်နေတာလဲ .. နေ့လည်က မင်းအိမ်ကို ၀င်ခေါ်သေးတယ် .... မင်းဦးလေးနဲ့တွေ့တယ် ... မင်းကြီးကြီးအိမ် သွားတယ်ဆို ?”
“အေး ဟုတ်တယ်ကွ ... ငါခုတစ်လော ရေလည်းခမ်း.. ကံကလည်း သိပ်မကောင်းလို့ကွ .. ငါမလည်ပဲ .. အိမ်မှာ နှပ်နေတာ .. ဟဲဟဲ .. ”
“သြော် ... မင်းက ကလိုလား .... မင်းကလည်းကွာ .. ငါတို့ဆီဖုန်းဆက်လိုက်ပြီးရော .. အချင်းချင်းတွေပဲကွာ .. အတူတူပျော်ကြတာပေါ့ ....”
“အေးကွာ ... ငါလည်ချင်စိတ်လည်း သိပ်မရှိလို့ပါကွာ .. ဟီး...”
“ဟားဟား .. လာမူမနေနဲ့ .... ဒါနဲ့ မင်း စောမြဆီ ဖုန်းဆက်တာ ဘာကိစ္စလည်းကွ .. ? ”
“အေး .. ပြောမယ် . နားထောင် .. မင်းလို့ကောင်တွေ သင်္ကြန်မှာလည်း အားရပါးရကဲပြီးပြီ ... နက်ဖြတ်ကြရင် နှစ်ဆန်းတစ်ရက်နေ့ .. ကောင်းမှုကုသိုလ်လေး ဘာလေးလုပ်ရအောင် .. ဘုရားလိုက်ခဲ့ကွာ .. ငါနက်ဖြန် ဘုရားသွားမလို့ .. အဲ့ဒါ လှမ်းခေါ်တာ ... လိုက်မှာလား ???”
“အား .. ကျွတ် .. ကျွတ် ... ငါ့ခေါင်းတွေမူးပြီး .. ပေါင်တွေ တောင့်နေတာပဲ .. ”
“မသာ .. ခုနကအကောင်းကြီး ... ဘုရားသွားမယ်ဆိုမှ .. မင်းကထဖြစ်နေတယ် .. မင်းကတော့ သေရင် ငရဲရောက်မယ့်ကောင် .. ”
“ဟီး .. စတာပါကွာ .. မင်းကလည်း စိတ်ချည်းပဲ ... လိုက်မှာပေါ့ကွ .. ဘယ်ဘုရားလဲ .. ဘယ်အချိန်လဲ .. ”
“ ... ရွှေတိဂုံသွားမယ်ကွာ .. လူကတော့များမှာပဲ ... မနက်စောစောသွားမယ် .. 5:00 လောက် အိမ်ကနေထွက်ခဲ့ကွာ ... ဒါမှာ 5:30 လောက်ဆုံမှာ ”
“ဘယ်မှာ ဆုံမှာလဲ ... ? ”
“စောမြအိမ်မှာဆုံမယ်.... သူ့အိမ်နဲ့က နီးနီးလေး ”
“အေး ... ကောင်းတယ် .. ငါလာခဲ့မယ် .... မင်းဘယ်ကလာမှာလဲ ... ဒီနေ့အိမ်ပြန်မှာလား ... မင်းကြီးကြီးအိမ်မှာပဲ အိပ်မှာလား ?”
“.. မပြန်တော့ပါတော့ဘူး .. နောက်ကျနေပြီ ... ငါကြီးကြီးပြန်မရောက်သေးဘူးကွ ... ဒီမှာပဲ အိပ်တော့မယ် ....ဒါပဲကွာ .... ဖုန်းချက်ပြီ ”
“အေး ..သူငယ်ချင်း .. နက်ဖြန်မနက်ဆုံကြတာပေါ့”
အင်း .. ငါ စောမြဆီကို ဖုန်းဆက်ကြည့်ဦးမှ ... ဖုန်းနံပတ်လေးနှိပ်ပြီး စောမြဆီကို ဖုန်းပြန်ခေါ်လိုက်တယ်။
“ဟဲလို ... အန်တီလား .. သြော် .. အန်တီ စောမြန်ပြန်ရောက်ပြီလား .... သြော်ဟုတ်ကဲ့ ... ကျွန်တော် ကိုင်ထားပါ့မယ်”
“ဟဲလို .. စောမြပါ ... ဘယ်သူလဲမသိဘူး ..”
“ဟေ့ကောင် .. ငါပါကွ .. မောင်ဦး ... မင်းအခုမှပြန်ရောက်တာလာား ?”
“သြော် .. သယ်ချင်း .. အေးဟုတ်တယ်ကွ ... ငါအမေမင်းဖုန်းဆက်တဲ့အကြောင်း ပြောထားတယ် ... နက်ဖြန်လိုက်မယ် . ဘယ်ကို လာခဲ့ရမှာလဲ ... ကျော်သူဟန်တို့လည်း အိမ်မှာရောက်နေတယ် .. ဂိမ်းဆော့နေတယ် ... ပြောဦးမလာ ?”
“နက်ဖြန်မင်းအိမ်မှာပဲဆုံမယ်ကွာ .. ငါနဲ့ ကျော်သန်းမင်းဆီလာခဲ့မယ် .... ဟိုကောင်မင်းအိမ်မှာအိပ်မှာလား ? သူ့ကိုပါခေါ်လိုက်ကွာ ..”
“ငါ့အိမ်မှာ .. ဟီး .. ကောင်းလိုက်တာ .. ငါဘယ်မှသွားစရာမလိုတော့ဘူး .. မင်းတို့လာမှ ထမယ် .. ဟီး .. သိဘူး .. ကျော်သူအိပ်မှာလား မသိဘူ ..နေဦး မေးလိုက်ဦးမယ် .. ဟေ့ကောင်ကျော်သူ .. မင်းငါ့အိမ်မှာ အိပ်မှာလား ?”
ဖုန်းထဲမှာ ပြန်အော်ပြေသံကြားလိုက်ရသည်။
“အေး . .. အိပ်မယ်ကွာ .. ငါမပြန်တော့ဘူး ..မိုးချုပ်နေပြီကွ ..”
“အေး .. ဒီမှာ မောင်ဦးဖုန်းဆက်တယ် .. နက်ဖြန်ဘုရားသွားမလို့ .. ဒါဆို .. မင်းပါလိုက်ခဲ့ ..”
“အေးအေး .. လိုက်ခဲ့မယ် ....ဟာ .. သွားပြီကွာ .. မင်းနဲ့စကားပြောတာ ဒီမှာ တစ်ဂိုလ်းအသွင်းခံလိုက်ရပြီ .. ကျွတ်”
“ခွေးကောင် အရေးထဲမှာ .. ဒီကောင်ဘောလုံးကန်နေတာလား ?” ဟု ကျွန်တော်ကမေးလိုက်သည်။
“ဟုတ်တယ် ... ဒီကောင် ဒါပဲတတ်တာ .. လိုက်မယ်တဲ့ .. ဒါဆို ငါအိမ်မှာစောင့်နေမယ် ... အဲ့ .. ဟေ့ ကောင် မင်းဘယ်က ဆက်နေတာလဲ ? မင်းအိမ်မှာ မရှိဘူးမဟုတ်လား ..?”
“အေးဟုတ်တယ် . ငါ့ကြီးကြီးအိမ်ကဆက်နေတာ .. ငါဒီကပဲလာမျာ ... ဒါပဲဟေ့ကောင် ... နက်ဖြန်မှဆုံမယ် ...တာ့တာ”
“အေး... စီးယူတူမောလိုး ..”
“အား .. အရေးထဲ ဘိုရှူးကတစ်မှောက် .. ”ဆိုပြီး ကျွန်တော် ဖုန်းချလိုက်တယ်။
ဒီအချိန်မှာ ကြီးကြီးအိမ်ကကြောင်ကြီး မဲလုံက အုတ်နံရံပေါ်မှာ အိမ်မြှောင်တွေ့လို့ ခုန်ဖမ်းလိုက်တာ ပြန်အကျမှာ ဖုန်းကြီးပေါ်ကျရော ....
“ .. ခွမ်း .. ဂွမ်း ....” “ဟေ့ကောင် .. မဲလုံး .. နာချင်ပြီ . ဟုတ်လာ ... သွား ..”
အဲ့ဒီအချိန်မှာ ကျွန်တော်သတိမထားမိလိုက်တဲ့ အချက်လေးတစ်ခုဟာ ကျွန်တော်ရဲ့ နောက်တစ်နေ့အတွက် ကြီးမားတဲ့ စိတ်အနှောက်အယှက်တစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်တော် မသိခဲ့ဘူး။ အဲ့ဒါဟာ ဘာလဲဆိုတော့ ဖုန်းကြိုး ဖုန်းအိမ်ကနေ ပြုတ်ထွက်နေတာကို သတိမထားမိလိုက်ဘူး။ ဒီလိုနဲ့ပဲ ကျွန်တော် အိပ်ရာစောစော ၀င်ခဲ့တယ်။ မနက်စောစော ထရမယ်မဟုတ်လား။ နှိုးစက်ပေးပြီး အိပ်ရာဝင်ခဲ့ပေမယ့် တော်တော်နဲ့ အိပ်မရဘူး .. တောင်တွေး မြောက်တွေး .. အရှေ့တွေး .. အနောက်တွေးနဲ့ ....။ ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင် မသိလိုက်ဘူး ...။ “တီ .တီ.တီ.တီ. .......တီ.တီ.တီ.တီ ..တီ” ...“ဟာ ... ၄း၀၀ နာရီ ခွဲပြီ ...” ဟိုကောင်တွေနဲ့သွားဖို့အတွက် စပြင်ဆင်လိုက်တယ်။ မိနစ် ၂၀ လောက်ကျတော့ ပြီးသွားရော .. ဒါနဲ့ အိမ်ပေါ်ကနေဆင်းလားခဲ့တယ်။ အိမ်ပြင်ရောက်တော့ ကောင်းကင်ကမှောင်နေသေးတယ်။ စောသေးတာကိုး။ Taxi ငှားဖို့အတွက် လမ်းပေါ်မှာစောင့်နေမိတယ်။ ကားတစ်စီးမှ မရှိ။ ဟ ... အရမ်းစောနေသေးလို့လား .. ခါတိုင်းဒီအချိန်ဆို ကားရှိပါတယ်။ ဒီအချိန်မှာပဲ လမ်းကြားတစ်ခုထဲကနေ Taxi တစ်စီးထွက်လာတယ်။ ကျွန်တော်လှမ်းတားလိုက်တယ်။
“ဘယ်လဲညီလေး ...”
“စမ်းချောင်းအကို .. ကျွန်းတောလမ်းကို ဘယ်လောက်လဲ ..”
..“၁၅၀၀ ပဲပေးပါ .. ဈေးဦးပေါက်”
“ရတယ်အကို .. သွားမယ်”
စောမြအိမ်ရောက်တော့ သူ့အခန်းမှာ မီးလင်းနေတာတွေ့ရတယ်။ ခေါင်းလောင်းကြိုးလှမ်းဆွဲလိုက်တော့ ... ကျော်သန်းထွက်လာတာတွေ့လိုက်ရတယ်။
“ဟကောင် .. မောင်ဦး နောက်ကျလှချည်လား ..?”
“မင်းကြီးတော်နောက်ကျပါလား ... အခုမှ ၅ နာရီ ၂၀ ပဲရှိသေးတာ .. ဟိုကောင်ကော .. .. စောမြ .. စောမြ”
“အေး .. ခုမှထတာ ..ရော့ .. လှေခါးသော့..”ဆိုပြီး သော့ပစ်ချပေးတယ်။
သူ့တို့ အခန်းက ဒုတိယထပ်မှာ ... အခန်းတံခါးဝရောက်တော့ ကျော်သန်း တံခါးလာဖွင့်ပေးတယ်
“ ... ဟေ့ကောင် ... ကျော်သန်း မင်းစောလှချည်လား ... ?”
“ဟီး ..စောမှာပေါ့ .... ငါညက ဒီကောင့်ဆီလာအိပ်တာလေ ..”
“သြော် .. ဒါကြောင့်ကိုး .... ဒါမှသိရင် ငါလည်းလာပါတယ်ကွာ .. ငါ့မှာ လာရတာအဝေးကြီး”
“အေး .. မင်းဆီဖုန်းပြန်ဆက်သေးတယ် .. အစကေတော့ ဖုန်းမအားတော့ နောက်တော့ ဆက်မရတော့ဘူးကွ .. ဘယ်လိုဖြစ်တာလဲမသိဘူး .. ၉ နာရီလောက် ငါတို့တွေ ဖုန်းဆက်သေးတယ် .. မရဘူးကွ ..”
“အမ် .. ဟုတ်လား ..... ဘယ်လိုဖြစ် ... ဟာ .. ဟုတ်ပြီ .. ညက ငါစောမြစီ ဖုန်းဆက်ဆက်ပြီးချင်း ကြောင် ..လေ .. အိမ်ကကြောင် အိမ်မြှောင်ခုန်ဖမ်းတာ .. ဖုန်းပေါ်ပြန်ပြုတ်ကျတာ ... ဖုန်းကြိုး ပြုတ်သွားတယ်နဲ့တူတယ်ကွ ... ငါသတိမထားမိလိုက်ဘူး ... အဲ့ဒါပဲဖြစ်မယ်..”
“ .. ဟုတ်လား ... ”
“အေး ... ဟိုကောင်တွေကော ..စောမြနဲ့ ... ကျော်သူ ..”
“ရေချိုးခန်းထဲမှာ .....”
“ဟီး ဒီနှစ်ကောင် ရေအတူတူ ချိုးကြတာလား ...”
“ဟား .. မဟုတ်ပါဘူးကွ ..ဟီး .. တစ်ယောက်က မီးဖိုချောင်ထဲမှာ ငိုက်နေတာ ..”
“ဟီး .. ငါသွားစလိုက်ဦးမယ်”
မီးဖိုခန်းထဲကို ရောက်တော့ မီးဖိုခန်းထဲမှာ အလုပ်တွေရှုပ်နေတဲ့ စောမြအမေနဲ့ ငိုက်နေတဲ့ စောမြကိုတွေ့လိုက်တယ်။ ကျွန်တော်လည်း ဘာမပြောညာမပြော စောမြကို နပန်တစ်ချက်ကျွေးလိုက်တယ် .. “ဖုတ် .... ”
“ဟာ .. ဟေ့ကောင် ဘယ်တုန်းကရောက်နေတာလဲ ..”
“သြော် .. သားလေး .. မောင်ဦးရောက်နေပြီကိုး ..”
“ဟုတ်ကဲ့ ... အန်တီ .. အန်တီ ဘာတွေ အလုပ်ရှုပ်နေတာလဲ ..”
“အေး .. မင်းတို့စားဖို့လုပ်နေတာ .. အစောကြီး ပိုက်ဆာနေမှာစိုးလို့ ... မနက်စားသွားဦး”
“ဟာ .... အန်တီကလည်း .. အားနာစရာကြီး ရပါတယ် .... ခုမရသေးဘူးလား ...?”
“ဟား ဟား .... မောင်ဦးကတော့ လုပ်ပြီ .. ရတော့မယ် .. ဒီမှာ ထမင်းကြော်နေတာ .. ပြီးတော့မယ် ...”
“အန်တီ .. မောင်ဦးက ဒီလိုပဲ .. မျက်နှာလို မျက်နှာရအရမ်းလုပ်တယ် .. ကျွန်တော်လည်း ဆာနေပြီ” အောင်သန်းက ၀င်ပြီးမွေသည်။
“အောင်မာ ..သူကျ မဟုတ်သလိုနဲ့” ဟု စောမြက ၀င်ထောက်ခံသည်။
ဒီအချိန်မှာ ရေချိုးခန်းတံခါးပွင့်ပြီး.... ကျော်သူထွက်လာတယ် ..
“ဟာ .. မောင်ဦးရောက်နေပြီ ...”
“အေး .. သယ်ချင်းရောက်ပြီကွ ... ဟိုကောင် စောမြ မြန်မြန်ချိုး .. မင်းပြီးရင် မိတ်ကပ်တွေ သနပ်ခါးတွေ လိမ်းဦးမှာ ... တော်တော်ကြာတဲ့ကောင်”
“ဟာ ... ပေါက်တတ်ကရတွေ .. မင်းလိုမှတ်နေလား ”
“အေးလေ .. ငါက မလိမ်းလို့ .. မင်းများလိမ်းမလားလို့ .. ဟီး”
“တော်ပြီ .. ရေချိုးတော့မယ် ... ဟီး .. ကျော်သူ .. အေးလားဟင် ..”
“ဟင် .. ဟီး မအေးဘူး .. နွေးနေတာပဲ ..”
“တော်သေးတာပေါ့ ... သွားပြီ”
အဲ့ဒီလို ကျွန်တော်တို့ သူငယ်ချင်းတွေတစ်စု ပျော်ပျော်ပါးပါး စတတ်နောက်တတ်ကြတယ်။ အိမ်က မိသားစုတွေနဲ့လည်း ရင်းနှီးမှု ရှိလေတော့ ကိုယ့်အိမ်လိုပဲ သဘောထားပြီးနေတတ်တဲ့ သူငယ်ချင်းတစ်စုပေါ့။ ကျွန်တော်နဲ့ သူတို့ သုံးယောက်ကို အရှေ့ပိုင်းတက္ကသိုလ် အဝေးသင် ပထမနှစ်မှာ စတွေ့ပြီး ခင်မင်သွားကြတာပါ။ ကျွန်တော်က နယ်ကစပြောင်းပြောင်းလာချင်း သူငယ်ချင်းဆိုလို့ သူတို့နဲ့စခင်မိတာပဲ။ သူတို့ သုံးယောက်ကတော့ အလယ်တန်းကျောင်းကတည်းက ခင်မင်ခဲ့ကြတာ။ ကျွန်တော်က နောက်ကျတယ်။ ဒါပေမယ့်လည်း အချိန်ကာလက ၆ နှစ်တာ ကြာခဲ့ပြီပဲ။ ဘာပဲပြောပြော ရန်ကုန်ကသူငယ်ချင်းတွေထဲမှာတော့ ဒီ ၃ ကောင်နဲ့ ပိုတွဲဖြစ်တယ်။ ဟိုတစ်လောက နယ်ကသူငယ်ချင်းတွေ ရန်ကုန်ရောက်ပြီး အလုပ်လုပ်နေကြတယ်လို့ပြောတယ်။ ငယ်သူငယ်ချင်းတွေပေါ့ ... သူတို့နဲ့လည်း မတွေ့ဖြစ်တာ နှစ်ပေါင်းမနည်းတော့ဘူး ... သွားတွေ့မယ်လို့ စိတ်ကူးထားတယ်။
“ အား ........” ရေချိုးခန်းထဲက အော်သံကြားလိုက်တယ် ...
“ဟား .. ဟေ့ကောင် .. အထဲမှာ ဘာဖြစ်နေတာလဲ ..... ” အပြင်မှ ကျွန်တော်တို့ လှုပ်လှုပ်ရွရွဖြစ်သွားတယ် ..
“သား .. ဘာဖြစ်တာလဲ” .. သူ့အမေက လှမ်းမေးတယ် ..
“ဟီး .. ဘာမှမဖြစ်ဘူး .. ရေကအေးလို့ ... ဟိုကောင် ကျော်သူက နွေးနွေးလေးဆို .... မင်းငါထွက်လာရင် သိမယ် ..”
“အောင်မြတ်လေးကွာ .... ဒါများ ... ကျော်သူ မင်းအိမ်ရှေ့သွားပြီး ရေခဲသေတ္တာထဲက ရေခဲဘူးသွားယူခဲ့ .. ဒီကောင့်မြန်မြန်မချိုးရင် ဒီလေ၀င်ပေါက်ကနေ လှမ်းပက်ရမယ် ... ဟေ့ကောင် .. မြန်မြန်ချိုးကွ .. နောက်ကျတော့မယ် ...”
“ဟီး .. လုပ်ပါနဲ့ကွာ .. ငါမြန်မြန်ချိုးပါ့မယ်ဟ ..” ရေချိုးခန်းထဲမှ ပြန်ဖြေသည်။
“အေး .. ဒါမှပေါ့ကွာ ...”
အဲ့ဒီတော့အန်တီက “နေပလေ့စေ .. သူနောက်ကျရင် မနက်စာ ငတ်ပေါ့ ... ကဲသားတို့ စားလို့ရပြီ ... ၀အောင်စား အဲ့ဒီကောင်အတွက် ချန်မထားနဲ့ ..” ဟု လှမ်းနောက်သည်။
“ဟီး ... လုပ်ပါနဲ့ဆို ... ဒီမှာမြန်မြန်ချိုးနေပြီ ....”
“ဟား .. ဟား ..ဟား ..ဟား ..” အပြင်မှ တစ်အုပ်စုလုံး ၀ိုင်းရီကြလေသည်။ ပြီးတော့ အန်တီချပေးသော ထမင်းကြော်နှင့် ကော်ဖီပူပူလေးကို စတင်သုံးဆောင်လေတော့သည်။
နောက် ၁ မိနစ်လောက်လည်းကြာရော ... ကိုယ်တော်ချောက ရေချိုးခန်းထဲက စပ်ဖြီးဖြီးနဲ့ ထွက်လာတယ် ..
“ဟဲ ..ဟဲ .. ပြီးပြီး ... အမေ့ .. သားအတွက် ကျန်သေးလား ” ဟုလှမ်းမေးလေသည်။
“ဟာ .. သွားအင်္ကျီမြန်မြန်သွားဝတ်ချေ .... အရေးထဲမှာ .. ငတ်ကြီးကျနေသေးတယ်..”
“သားက ငတ်ကြီးကျတာမဟုတ်ဘူး .. သားဒီကောင်တွေ အကြောင်း ကောင်းကောင်းသတိတယ် ...” ပြောဆိုရင် သူအိပ်ခန်းထဲကို ၀င်သွားတယ်။
“ဟားဟား ... အေး .. ငါတို့ အကုန်လုံးကို စားပစ်မှာ ... အပြောခံရပြီးပြီ .. မထူးတော့ပါဘူး ..” တအောင့်နေတော့ ထွက်လာတယ် ... ပြီးတော့ ကျွန်တော်တို့နဲ့ မနက်စာအတူစားတယ်။ စားပြီးသွားတော့ ကျွန်တော်တို့ ဘုရားကို သွားဖို့ ပြင်ဆင်ကြတယ်။
“ဟေ့ကောင်တွေ ကားငှားသွားမှာလား ... လိုင်းကားနဲ့သွားမျာလား ... ”
“ကားငှားသွားပါကွာ ... လိုင်းကာက အရမ်းကြပ်မှာကွ...” ဟု ကျော်သူကပြောသည်။
“ဒါဆို .. မင်းကားခဆိုက် .. ဟီး .. မင်းကအကြံပေးတာ ..”ဟု စောမြက ပြန်ပြောသည်။
ဒီတော့ ကျော်သူက “အေးပါကွ ... ငါကုသိုလ်ပြုပါမယ် .... နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်ပြုတာကောင်းပါတယ် ... မင်းတို့လည်း အသက်ကြီးပြီဆိုတော့ မသွားနိုင်မလာနိုင်တော့ဘူးမဟုတ်လား ...”
“@#$$%^&%$$^*&&**&%$$$#@!#$” တီးတိုး ဆဲသံများ အုပ်စုအတွင်း ညံသွားသလို .... ကျော်သူ့ခေါင်းပေါ်၊ ဂုတ်ပေါ်၊ ကျော်ပေါ်ကိုလည်း လက်တွေ မိုးရွာချသွားသည်။
“ဖြောင်း .. ဖုန်း ... ဘုတ် ..” “အား .. ဟေ့ကောင်တွေ တော်ပြီ .. သွားကြမယ် ..”
အပြင်ရောက်တော့ အလိုက်တင့်စွာ တက်စီတစ်စီးလာနေသည်။ ကျွန်တော်တို့တစ်တွေ လှမ်းတားလိုက်ကြတယ် ....
“ရွှေတိဂုံဘုရားကို .. ဘယ်လောက်လဲ ..”
“တစ်ထောင်ပဲပေး ....”
“သွားမယ် .. တက်ကြ ...” ဒီလိုနဲ့ ဘုရားကိုစတင်ချီတက်ခဲ့ကြတယ်။
မြေနီကုန်းရောက်တော့ ... ဒဂုံစင်တာရှေ့မှာ ဘုရားသို့သွားမည့်ကားများနှင့် ခရီးသည်များ ပြည့်နှက်နေသည်ကို တွေ့ရသည်။ လက်ထဲက နာရီကြည့်လိုက်တော့ ၆ နာရီ ခွဲ။
“တွေ့လာ .. ငါမပြောဘူးလား .. ကားဒီလောက်ကြပ်တာ ... ကားထိုင်စောင့်နေတာနဲ့တင် အချိန်တော်တော်ကုန်မှာ” .. ကျော်သူက သူ့အမြင်မှန်ကန်ကြောင်း ပြောဆို အသိအမှတ်ပြုသည်။
“အေးကွာ .. သာဓု .. သာဓု ..” အောင်သန်းက စလေသည်။
“ဟေ့ကောင် .. ဘာလို့ သာဓုကို နှစ်ခါပဲ ခေါ်တာလဲကွ ... ” ဟုကျော်သန်းက အတွန့်တက်သည်။
“အေး .. တမင်ချန်ထားတာ .. ဘုရားရောက်မှ ခေါ်မှာ ...”
“မင်းက တော်တော် ကပ်စေးနှဲတဲ့ကောင်ပဲ ...”
“အေးကွ ... နည်းတင့်တဲ့နေရာ နည်းရတယ် ... ကပ်စေးနဲတာမဟုတ်ဘူး .. စေ့စပ်တာ ..ဟီး ..”
“ဟား .. မင်းတို့ကောင်တွေလည်း တော်ပါတော့ကွာ .... ကားဆရာ .. မြောက်ဘက်မုခ်ကို သွားမယ်နော် ...” ဟု ကျွန်တော်က ဆင်းမည့်နေရာကို လှမ်းပြောသည်။
“ဟုတ်ကဲ့ ... ဟုတ်ကဲ့”
မြောက်ဘက်မုခ်ရှေ့မရောက်မီတွင် လိုင်းကားများ၊ ဘုရားဖူးပြည်သူများဖြင့် ပြည့်ကျပ်နေသဖြင့် ကားသမားအား အနီးအနားလွတ်သည့်နေရာတွင် ရပ်ခိုင်း၍ ကျွန်တော်တို့တွေ တတိုက်ဆင်းပြီး လမ်းလျှောက်ချီတက်ကြလေသည်။ နံနက် ၇ နာရီမထိုးသေးသော်လည်း လူစည်ကားလှလေသည်။ မုခ်ဦးဝတွင် ကျွတ်ကျွတ်အိတ်၊ ဘုရားပန်း၊ အမွှေးတိုင် လိုက်လံရောက်းချနေသော ကလေး၊ လူကြီး များလည်း တစ်ပြုံတစ်ပင်။
“ဟာ ... ရန်ကုန်မြို့က လူတွေ အကုန်ဘုရားပေါ်ရောက်နေပြီထင်တယ် ... ” ဟု စောမြကပြောလေသည်။
ကျော်သူက “ဘယ်ကမလဲဟ .... ရန်ကုန်မြို့ အနီးအနားရွာ၊ မြို့က လူတွေလည်း လာကြတယ်ကွ”
“မင်းကြီးတော် ပါလို့လား ?” စောမြက လှမ်းစသည်။
“ဟေ့အေး .. ပါဘူး .. မင်းညီမကို ငါ သုံးခွပို့ထားတာ .... ဒီနေ့လာမယ်ဆိုလို့ ... ဟီး ..”
“ဘုရားပေါ်ရောက်နေပြီဟ .. ငါ့ကိုဆဲအောင်လုပ်နေပြန်ပြီ” .... ဟု စောမြက စိတ်ဆိုးသလိုဖြင့် ပြောသည်။ ဒီလိုပဲ ဒီကောင်က သူ့ညီမ(၀မ်းကွဲ) ကို ဆပ်ဆပ်ထိမခံ။ သူ့ညီမကလည်း တော်တော်လေးကို ချောတာကိုး။ ကျွန်တော်တို့အဖွဲ့နဲ့လည်းကောင်းကောင်းခင်တယ်လေ။ ဒါကို ကျော်သူက အခွင့်ကောင်းယူ၍ စသည်လား အတည်နောက်သည်လား မပြောတတ် . . . သြော် ... သူ့မှာလည်း နှလုံးသားနဲ့ပါလေ ....
ကျွန်တော်တို့တတွေ ဘုရားစောင်းတန်းတလျှောက် ဟိုငေး၊ ဒီငေးဖြင့် ဘုရားပေါ်သို့ တက်ကြလေသည်။ လူများပြည့်ကြပ်နေသဖြင့် ဟိုတိုက်လိုက် .. ဒီတိုက်လိုက်ဖြင့် ခရီးက သိပ်မတွင်ချင်။
ကျွန်တော်က “ဟိုကောင် .. စောမြ .. အောင်သန်းကို လက်တွဲထား .. အဲ့ဒီကောင်ပျောက်သွားမယ် .... ဘာတွေငေးနေမှန်းမသိဘူး .... ဒီကလေးကတော့ ဘုရားရောက်ရင် အပျိုလိုချင်တယ်ဟုတ်လား ... ခေါင်းကြီးလည်း လှည့်ရလွန်းလို့ စောင်းသွားဦးမယ်”
“အေး ဟုတ်ပါ့ ... လာကလေးလာ .. လိမ်လိမ်မာမာနေ .. ဘုရားပေါ်က ဆင်းလာရင် ၀ယ်ပေးမယ် ... လာလာ ..”
“တကယ်လား .... မင်းညီမကို ၀ယ်ပေးနော်....ဟီး . . . ”အောင်သန်းကလည်း မခံ ....
“လုပ်ပြန်ပြီ ... နောက်တစ်ကောင် .. တွေ့မယ် .. မင်းလို့ကောင်တွေ ဘုရားပေါ်က ဆင်းမှ ....”
“ဟေ့ကောင်တွေ ဘုရားပေါ်ရောက်တော့မယ် .. ညာဘက်ကနေစပတ်မယ် .. ကိုယ်နေ့နံ ကိုယ်ကန်တော့ကျ” ဟု ကျွန်တော်က သတိပေးလိုက်သည်။ ကျွန်တော်တို့လေးယောက် နေ့နံက လေးခု ... တစ်ယောက်မှ မတူကြပေ။ ဘုရားပေါ်ရောက်တော့ ဘုရားဖူးတွေနှင့်ပြည့်ကြပ်နေသည်။ တိုး၍ပင်မပေါက်ချင်။ ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကိုယ့်နေ့နံရောက်တော့ ကိုယ်ဝင်ရှိခိုးကန်တော့ကြတယ်။ ပြီးတော့ ရွှေတိဂုံဘုရား အောင်မြပရ၀ုဏ်အတွင်းမှနေ၍ ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ကန်တော့ကြတယ်။
“တို့ ရွှေတိဂုံစေတီတော်ကြီးက အရမ်းသပ္ပာယ်တာပဲ၊ ခံ့ညားထယ်ဝါပြီး ၀င်းလက်တောက်ပြောင်နေတာပဲ၊ တို့မြန်မာနိုင်ငံရဲ့ ဂုဏ်ယူစရာ ပြယုတ်တစ်ခုပေါ့”
“အေးကွ ... သမိုင်းကြောင်းကိုပြန်ကြည့်ရင်လည်း အရမ်းထူးဆန်းတယ်”
“ဟေ့ကောင်တွေ .... ငါတို့ အနောက်ဘက်တန်းတွေ သွားကြည့်ရအောင်”
“အေး .. ကောင်းတယ်”
ဒီလိုနဲ့ ဘုရားတန်စောင်းအနောက်ဘက်ကိုသွားခဲ့ကြတယ်။ ဘုရားဖူးတွေအပြည့် .... ထိုင်စရာနေရာတောင်မရှိ။ “ငါတို့ ထိုင်စရာနေရာလေးရှာပြီး ခဏထိုင်ဦးမှထင်တယ်။ ဒီအချိန်မှာ ပုတီးလည်းစိတ်ဖို့၊ တရားထိုင်ဖို့ နေရာလည်းမရှိဘူးဟ”
“အေး .... ကောင်းတာပေါ့ ...” ဒီလိုနဲ့ဆက်သွားနေရင်း ရှေ့မှာ လူတစ်အုပ်တိုးဝှေ့နေတာတွေ့လိုက်ရတယ်။ ရုတ်ရုတ်သဲသဲနဲ့။
“ဟာ ... ဟေ့ကောင်တွေ ဟိုမှာ ဘာတွေဖြစ်နေလဲမသိဘူးကွ ... သွးကြည့်ရအောင်” အောင်သန်းက ပြော၍ ရှေ့မှဦးဆောင်သွားလေသည်။ ရှေ့ကိုရောက်ဖို့ တော်တော်နဲ့တိုးမရ ... ပြန်ပြန်ထွက်လာတဲ့ လူတွေကိုကြည့်လိုက်တော့ လက်ထဲမှာ အထုပ်လေးတွေနဲ့။ သေသေချာချာထပ်ကြည့်လိုက်တော့ ကောက်ညင်းပေါင်းထုပ်။ “ဟိုက် .... စတုဒီတာဟ .... ကောက်ညှင်းပေါင်း ဝေနေတာ ..ဟေ့ကောင် အောင်သန်း ... ငါတို့အတွက်ပါ တိုးပြီးယူခဲ့ကွာ ...”ဟုကျွန်တော်က လှမ်းပြောလိုက်သည်။ အောင်သန်းက ခြေတွက်သည်။ ဘယ်အချိန်အတွင်းသို့ ရောက်သွားမှန်းမသိ။ ပြန်ထွက်လာတော့ လက်ထဲမှာ ကောက်ညှင်းပေါင်း လေးထုပ် ....။ “ဟီးရော့ .. ဟေ့ကောင်တွေ ... တစ်ယောက်တစ်ထုပ် ...ဟူးမောလိုက်တာ ...”
“ဟား .. တော်လိုက်တာကွာ ...... အားပေးရမှာပေါ့ .... ပေးပေး ”
ဒီလို ကျွန်တော်တို့ မြန်မာပြည်ကလူတွေရဲ့ ချစ်စရာ့ဓလေ့လေးတွေ။ ကောက်ညှင်းပေါင်းတစ်ယောက်တစ်ထုပ် လှမ်းလျှေက်ရင်း အားပေးလိုက်ကြသည်။ စောစောကစားထားသည့် ထမင်းကြော်ရှိသော်လည်း လမ်းလျှောက်လိုက်၍လားမသိ ... ခုမရှိတော့သလို။ ခု ကောက်ညှင်းပေါင်းစားလိုက်မှ အနေတော်ဖြစ်သွားသည်။ ကျွန်တော်တို့တတွေ အနောက်ဘက်မုခ်ကျော်ကျော်နားလေးမှာ မျက်ခင်းပင်များတွေ့၍ သူငယ်ချင်းတွေ တစ်စု ၀င်ထိုင်လိုက်ကြသည်။
“ဟား .. လူတိုးရတာ ချွေးတောင်ပြန်လာပြီ .... ဟူး .. ”
“အေးကွ ... လူတော်တော်များတာပဲ ... စောင်းတန်းကဆိုင်တွေ တော်တော်ရောင်းရမှာပဲကွ၊ ဗေဒင်ဆရာတွေလည်း အလုပ်ဖြစ်မယ်ထင်တယ်”
ဗေဒင်ဆိုလို့ ကျွန်တော် တစ်ခုကို သတိရလိုက်သည်။ တစ်လောက သူငယ်ချင်းတစ်ယောက်နှင့် ဗေဒင်ခန်းလိုက်သွားရာ ကျွန်တော်ပါ ဗေဒင်မေးဖြစ်သွားသည်။ အဲ့ဒီအကြောင်းလေးကို သူငယ်ချင်းတွေကို ပြောပြမိလေသည်။ “အေး ... ဗေဒင်ဆိုလို့ .... ဟိုတလောက ... စမ်းစမ်းအေးနဲ့ ဖူးဖူး ဗေဒင်ခန်းသွားတာ ငါအဖော်လိုက်သွားရင်းနဲ့ ဗေဒင်ကြည့်ခဲ့သေးတယ်။ ဟား .. ဟောချက်ကလည်း ကွတွေချည်းပဲ”
“အမ် .. ဘာလဲကွ ... ဟောချက်ကကွ ... ရှင်းအောင်ပြောကွာ ..”အောင်သန်းက ၀င်ပြောသည်။
ကျွန်တော်က “ဒီလိုကွ .. ဗေဒင်ဆရာကပြောတယ် ....င့ါကို ၀က်သားမစားရဘူးတဲ့ .... ပြီးတော့ တနင်္ဂလာ၊ ဗုဒ္ဒဟူးနဲ့ ပတ်သက်တဲ့ စီးပွားရေးအလုပ်အကိုင်အကျိုးမပေးဘူးတဲ့ကွာ .... အဲ့ဒါကွပဲ .... ငါကအမဲသားမစားဘူး ... ၀က်နဲ့ငါးပဲစားတာ ..... ကြက်ကလည်း ရှောင်ထားတယ် ... ပြီးတော့ ငါလုပ်နေတဲ့အလုပ်ကလည်း ကွန်ပျူတာ အလုပ်ဆိုတော့ တနင်္ဂလာနံကြီးပေါ့ကွာ ... ပြီးတော့ နောက်တစ်ခု .... အားမခံမလုပ်ရဘူးတဲ့ ဘယ်အာမခံမျိုးမှ မလုပ်ရဘူးတဲ့ ...”
“အမ် .... ဟီး ... မင်းကိုဝက်သားမစားနဲ့တဲ့လား ..... မင်းလောက်ဝက်ကြိုက်တာ မင်းပဲရှိတာ .... တို့အခန်းထဲက ဒုတိယ ပွင့်ကိုတော့ မင်းချောင်းနေတာမလား ... ဟီး” စောမြက ၀င်နောက်သည်။ ဒုတိယပွင့်ဆိုသည်မှာ ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းက တစ်ခန်းထဲကျသူ မxxxx အားပြောချင်းဖြစ်သည်။ အလွန်ဝ၍ ပွင့်ထက် နည်းနည်းလေးပဲပိန်မည်ဟု ထင်ပါသည်။ ထို့ကြောင့်သူ့အား 2nd ပွင့် ဟုခေါ်ကြသည်။
“အေး ... အဲ့ဒါကြီးမင်းနဲ့ပေးစားမလို့ ငါချောင်းနေတာဟေ့ ... အရေးထဲမှာ ...”
“မင်းကို အချိန်အတိုင်းအတာမပြောဘူးလား ..... တစ်သက်လုံးမစားနဲ့လို့ ပြေတာလား ....??” ဟု အောင်သန်းကမေးသည်။
“ပြောတယ် ... ငါ့ဒီနှစ်မွေးနေ့ မရောက်ခင်အထိတဲ့ .... ၁၀ လ ပိုင်း အထိ”
“မင်းကို ယတြာလေးဘာလေး မပေးဘူလား .... ? ”
“ပေးတယ်ကွ ... မလုပ်ဖြစ်ဘူး .... ပြီးတော့ သူရေးပေးတဲ့စာရွက်က ကျပျောက်သွားလို့ ငါဘာမှ မမှတ်မိတော့ဘူး ...”
ပြောဆိုနေရင်းပင် .. စောမြတစ်ယောက်ထပြေးသွားသည်။
“ဟာ ... ဟေ့ကောင် .. ဘယ်သွားမလို့လဲဟ ...” ဘာမှပြန်မပြော လက်ကာပြ၍ ဆက်သွားသည်။ သူသွားရာလှမ်းကြည့်လိုက်တော့ ဟိုးရှေ့နားလေးမှာ လူတစ်အုပ် ......။
“ဟီး ..... ဒီကောင် သွားလုတော့မယ် ... ဘာတွေလည်းမသိဘူး ..”
တအောင့်လောက်ကျရော .. ငနဲကြီးက လက်ထဲမှာ ရေသန့်ဗူးအသေးလေး ၄ ဗူး ယူ၍ စပ်ဖြီးဖြီးဖြင့်ပြန်လာသည်။
“ရော့ .. ရေသောက် ... ဟီး ... ရေဝေနေတာ ငါ့အသိဖြစ်နေလို့ ... ငါနှိုက်လာတာ ...”
“မင်းမသိမဟုတ်လည်း .. နှိုက်လာမှာပဲဟာကို ...”
“ဘာဖြစ်ဖြစ်ကွာ ... သောက်ဆိုသောက် ..စကားကိုများတယ် ... ဟီး” ဒီလို ကုသိုလ်ပြုကြသူများလည်း ရှိလေသည်။ ဒီလိုနဲ့သူငယ်ချင်းတစ်စု အာလာပ တလာပ ပြောဆိုကြရင်း အချိန်တော်တော်ကုန်သွားလေသည်။ “ဟေ့ကောင်တွေ ပြန်မယ်ကွာ ... ငါ့အိမ်မှာ အမေပြန်ရောက်နေပြီလား မသိဘူးကွ ... သွားကြမယ် ... မင်းတို့ပါလိုက်ခဲ့ကွာ ..” ဟု ကျွန်တော်က ပြောလိုက်သည်။
“အေးလိုက်မယ် .... ထမင်းကျွေးမှာလား ....” ကျော်သူက မေးသည်။
“အေးကျွေးမယ် .. ၀အောင်ကိုကျွေးမှာ .. ပြီးရင်တော့ .........ဟင်းဟင်း ..”
“ဟာ ..ဟ .. တော်ပြီမပြောနဲ့တော် .... ဒိုးမယ် .... ထကြ ..”
ကျွန်တော်တို့အုပ်စုတွေ ဘုရားပေါ်မှာ ပြန်ဆင်းကြပြီး လိုင်းကားဖြင့် အိမ်သို့ ချီတက်ကြလေသည်။ အိမ်အနီး ကးမှတ်တိုင်၌ ဆင်းလိုက်ကြသည်။ မှတ်တိုင်နှင့် အိမ်အလှမ်းနည်းနည်းကွာသည်။ အိမ်ကို ၂ မိနစ်လောက်တော့ လမ်းလျှောက်ရမည်။ လမ်းတစ်ဝက်လောက်ကျတော့ ကျွန်တော့ဦးငယ်လေး ... အမေ့မောင် ကိုတွေ့လိုက်ရတယ်။ ကျွန်တော်ကိုတွေ့တော့ .....
“ဟေ့ကောင် ..... ကောင်စုတ် ... ဘယ်တွေလျှောက်သွားနောတာလဲ .... ကောင်မလေးကောင် ... ? မင်းကတော့ကွာ ..” ဟုပြောသည်။
ကျွန်တော်က နားမလည်သဖြင့် .. “အမ် .. ဦးငယ်လေး .. ဘယ်က ကောင်မလေးလဲ .. ဘာတွေပြောနေတာလဲ ... ”မေးလိုက်သည်။
“အခုမှ အူကြောင်ကြောင်လာလုပ်မနေနဲ့ သွားအိမ်ကို မင်းအရှုပ်ထုပ် မင်းသွားရှင်း ...” ဟု ပြော၍ ဘေးနားရှိ စားသောက်ဆိုင်သို့ ၀င်သွားလေသည်။ ကျွန်တော်သူပြောတာ တစ်ခုမှနားမလည် သဘောမပေါက် .... ဘာတွေပြောနေမှန်းလည်းမသိ။
“ဟေ့ကောင် ... မင်းကို ဘာတွေပြောနေတာလဲ ...” ဟု မေးကြလေသည်။
“သိဘူးကွ .. ဘာတွေပြောသွားမှန်းကိုမသိတာ ...လာကွာ .. အိမ်မှာ တစ်ခုခုဖြစ်နေပြီထင်တယ် .. မြန်မြန်လာ ”ဟုပြော၍ ကျွန်တော်အိမ်သို့ ပြေးသွားမိသည်။ အိမ်ရှေ့ရောက်တော့ ဖိနပ်တွေ ၅ ရံလောက် ချွတ်ထားတာတွေ့ရသည်။ သေချာပြီ အိမ်ထဲမှာ ဧည့်သည်တွေရောက်နေပြီ။ ကျွန်တော် တံခါးခေါက်၍ လက်ကိုင်ကိုတွန်း၍ ၀င်လိုက်သည်။ အိမ်ထဲရောက်တော့ စမ်းစမ်းအေး အမေ၊ အဖေ၊ ရပ်ကွက်လူကြီးနှင့် ကျွန်တော့်အမေ ကျွန်တော့်ကို ၀ိုင်းကြည့်ကြသည်။ အားလုံးက ...“ဟာ ... ပြန်လာပြီ ... ကောင်းလေး ပြန်လာပြီ ... ”ဟုပြောကြသည်။ အမေက “ဟေ့ကောင်လေး ... ဘယ်တွေလျှောက်သွားနေတာလဲ ... ဟင်း .... စမ်းစမ်း ကော ... ငါနဲ့နင့်ကြီးကြီးက တရားစခန်းဝင်နေလို့ နင့်ကိုဟိုမှာ လူမရှိလို့ အိမ်သွားစောင့်ခိုင်းတာ အိမ်မစောင့်ဘဲ ... နင် ပြဿနာတွေ လုပ်လာတယ်ဟုတ်လား ... ” အမေ့ဒေါသတွေ ... တရာစခန်းက တရားတွေ ဘယ်ဆီသို့ရောက်သွားမှန်းမသိ။ သားသမိးဇောကြောင့် ဒေါသထွက်ပြီ။ ကျွန်တော် “အမ် ..”ဟု တစ်ခွန်းသာ ပြောထွက်နိုင်တော့သည်။ ဒီတော့ စမ်းစမ်းမိဘက “သားရယ် ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ရတာလဲ .... သားတို့၊ အန်တီတို့က အိမ်နီးချင်းတွေ၊ တစ်ယောက်အကြောင်း တစ်ယောက်သိတွေ၊ ဒီလိုလုပ်စရာမလိုပါဘူးကွယ်၊ မိဘတွေ စိတ်ပူအောင် ဘာလို့လုပ်တာလဲ”ဟု ပြောပြန်သည်။ ကျွန်တော်ဘာမှ နားမလည် တစ်ခုမှကို နားမလည်တာ။ “အမ် ... ကျွန်တော့ကို ဘာတွေ မေးနေကြတာလဲ .. ကျွန်တော် တစ်ခုမှကို နားမလည်ဘူး”ဆိုတော့ လူကြီးတွေ အားလုံး ကြောင်သွားကြသည်။ “ကျွန်တော် တစ်ကယ်ကိုမသိတာပါ ..... အဟုတ် .... ဘုရားစူး”လို့ပြောလိုက်တော့ စမ်းစမ်းအေး အဖေက “ဟင် ... စမ်းစမ်းကိုသားနဲ့လိုက်သွားတာ မဟုတ်ဘူးလား ??? သားသူ့ကို ခေါ်သွားတာမဟုတ်ဘူးလား ??” ...“ဟာ .... အန်တီကလည်း စမ်းစမ်းကို ကျွန်တော်က ဘာလို့ခေါ်သွားရမှာလဲ .... ဟာ .. ဒုက္ခပဲ ..... အမှုတော့ပတ်ပြီ .... စမ်းစမ်း ဘယ်တုန်းက ပျောက်သွားတာလဲ ... ကျွန်တော်နဲ့ သင်္ကြန် အကြိုမတိုင်ခင် တစ်ရက်ကပဲတွေ့မိတာ။ ကျန်တဲ့ရက်တွေ ကြီးကြီးအိမ်မှာပဲ .... အမေ .. အမေလုပ်ပါဦး .. ကျွန်တော် ကြီးကြီးအိမ်မှာ ဆိုတာ အမေလည်းသိပါတယ် ...” ဒီလိုဆိုတော့ ကျွန်တော် သူငယ်ချင်းတွေကပါ ကျွန်တော့်ကို အံ့သြလိုကြည့်သည်။ အမေက .. “ဒါဆို ဘာဖြစ်လို့ နင့်ဆီဖုန်းဆက်လို့မရတာလဲ .... မနေ့ညက နင့် ဦးငယ်လေး နင့်ဆီဖုန်းဆက်တာ မရဘူးတဲ့ ... နင် လူကြီးတွေရှေ့မှာ အမှန်အတိုင်းပြောစမ်း” ... တကယ့် ပြဿနာထုပ်ကြီး ... သေးသေးလေးမဟုတ် .. အကြီးကြီး ... “မဟုတ်ဘူးအမေ .. သားရှင်းပြမယ် ... သားသင်္ကြန်ရက်အတွင်း ကြီးကြီး အိမ်မှာပဲ .. ဘယ်မှမသွားဘူး .. မနေ့ညအထိ .. အိမ်မှာပဲ ... မနေ့ညက ဖုန်းဆက်လို့မရဘူးဆိုတာက ဒီလို .... သား သူတို့ဆီဖုန်းဆက်နေတုန်း ကြောင်ကြီးဖုန်းပေါ် ခုန်ချလာတာ .. ဖုန်းကြိုးပြုတ်သွားတာ .. ကျွန်တော် သတိမထားမိလိုက်ဘူး ..... ဒါကြောင့်ဆက်မရတာ ... သူတို့ကိုမေးကြည့်”ဟု ဟိုကောင်တွေကို လက်ညှိုးထိုးပြီးပြောလိုက်သည်။ ဒီတော့ ဟိုကောင်တွေက ... “ဟုတ်ပါတယ် ... အန်တီ ... မနေ့က ကျွန်တော်တို့ဆီ ဖုန်းဆက်တယ်။ သူ့ဆီပြန်ဆက်တော့ မရဘူးဖြစ်နေတယ်” ... ဒီတော့ .... စမ်းစမ်းအမေက “သား .... မင်းပြောတာ အမှန်တွေပဲလား ..... စမ်းစမ်းနဲ့အတူတူ မရှိဘူးပေါ့ ..”လို့ပြောတော့ စမ်းစမ်းအဖေက “အင်း .. မောင်ဦးပြောတာ ဦးယုံတယ် ... မောင်ဦးက ညှာပြောမှာမဟုတ်ဘူး ..... လူမှားပြီ ... သားရယ် ဦး တောင်းပန်ပါတယ် ... သား စိတ်အနှောက်အယှက်ဖြစ်သွားပြီ ... ဦးတို့ ယူဆတာဒီလိုပါ .... သားနဲ့ စမ်းစမ်းက အသွားအလာ အမြဲရှိတယ်မလား .... ရိုးရိုးသားသားမှန်း ဦးသိပါတယ်။ ပြီးတော့ ဖူးဖူးတို့လည်းအမြဲပါတာပဲ။ ဒါပေမယ့် .. သင်္ကြန်မတိုင်ခင်က
စမ်းစမ်းက မဏ္ဍပ်ထိုင်ချင်တယ် .. ပြီးတော့ ကားနဲ့လည်ချင်တယ်လို့ ဦးဆီခွင့်တောင်းတော့ ... ဦးက ဘယ်သူတွေပါမျာလဲ မေးတော့ သမီးက မောင်ဦးပါတယ်လို့ပြောတယ်။ သားမှတ်မိလားမသိဘူး .... ဦးမင်းကိုတွေ့လို့မေးတာလေ .... မင်း စမ်းစမ်းတို့နဲ့ သင်္ကြန်ကျရင် လိုက်ပြီးကစားမှာလား ဆိုတာကိုလေ။ မင်းက လိုက်မှာဦးလေး ကျွန်တ်ာပါတယ် စိတ်ချလို့ပြေတယ်။ ပြီးတော့ အဲ့ဒီမတိုင်ခင် ... မင်းနဲ့စမ်းစမ်း ဟိုးဘက်လှမ်းထဲကဆိုင်မှာ နှစ်ယောက်သား တိုးတိုး တိုးတိုး နဲ့ တိုင်ပင်နေတာကို ဦးတပည့်တစ်ယောက်ကတွေ့လို့ ဦးကိုပြောပြထားတယ်။ ဒါကြောင့် ဒီလိုအထင်မှားမိတာပါ။ စိတ်မရှိပါနဲ့ကွယ်။ ဦးတို့ကလည်း စိတ်ပူလို့ပါ။ ခုတော့ ပိုပြီး စိတ်ပူရတော့မယ်။ ဘယ်သူနဲ့ ပါသွားမှန်းမသိဘူး။ သားဆိုဆို စိတ်ချသေးတယ် ... အင်း ... ဒုက္ခပဲ ..” ဟု တစ်လွတ်ကြီး ရှင်းပြတော့မှ ကျွန်တော် အခြေအနေ အရပ်ရပ်ကို နားလည်သွားလေသည်။ ကျွန်တော်အမှား .... မဟာအမှားကြီး .... ဗေဒင်ဆရာဟေားထားရဲ့သားနဲ့ အာမခံမိတဲ့ ကျွန်တော့အဖြစ် .....
အမေက “သား ... ဘယ်လိုဖြစ်တာလဲ .... မှန်မှန်ပြောစမ်း ...”
“ဒီလိုပါအမေ ..... သင်္ကြန်မတိုင်ခင်က စမ်းစမ်းကျွန်တော်ကို ဟိုဘက်ဆိုင်မှာခေါ်ပြောပါတယ် ... သူ မဏ္ဍပ်ထိုင်ချင်လို့ အဲ့ဒီထဲမှာ ကျွန်တော်ပါတယ်လို့ပြောပေးပါတဲ့။ ဒါမှ သူအိမ်ကလွတ်မှာမို့ဆိုပြီး ကျွန်တော်ကို ခေါ်ပြောတယ်အမေ။ သားကလည်း ... ပြဿနာမရှိလောက်ဘူးထင်ပြီး ... ဦးလေးကို ပြောလိုက်မိတယ်။ ကျွန်တော့် အမှားလည်းပါပါတယ် ....” ဆိုတော့ အားလုံးရဲ့ “ဟင်း”ခနဲ သက်ပြင်းချသံတွေ ကြားလိုက်ရတယ်။ ပြီးတော့ အိမ်ရှေ့တံခါးပေါက်ပွင့်လာပြီး .... ခေါင်းလေးပဲ အထဲကို စောင်းကြည့်တယ် ... ကြည့်လိုက်တော့ စမ်းစမ်းရဲ့ ညီမလေး ... သင်းသင်း ကိုတွေ့လိုက်တယ်။ ကောင်မလေးက .... တိုးတိုး .. တိုးတိုးနဲ့ ... “အဖေ ... မကြီး ပြန်ရောက်နေပြီ” ..... အဲ့ဒီစကားကို ကြားလိုက်တော့ လူကြီးတွေ ကျွန်တော့်ကို ပြန်မော့ကြည့်ကြတယ် ... ကျွန်တော် ထိန့်လန့်စွာနဲ့ .... ကောင်မလေးကို မေးလိုက်တယ် ... “သူတစ်ယောက်တည်းလား .. ညီမလေး ..” “ဟုတ်ဘူး ... အကိုကြီးတစ်ယောက်နဲ့ ...” ထိုတော့မှ ကျွန်တော် သက်ပြင်းချနိုင်လေတော့သည်။ မဟုတ်ရင် ဇတ်လမ်းတွေက ရှည်ဦးမည်။ ကျေးဇူးတင်ပါတယ် .. စမ်းစမ်း ... နင်အချိန်မှီပြန်ရောက်လို့ ကျေးဇူးတင်ပါတယ်။ ကျွန်တာ် ဘာမှမပြောတော့ ..... အခန်းထဲသို့ ၀င်ပြီး ကုတင်ပေါ်သို့ လှဲချလိုက်တယ်။ ဟိုကောင်တွေ နောက်ကနေ လိုက်လာကြသည်။ ဟိုကောင်တွေ အခန်းထဲရောက်တော့ တံခါးပိတ်ပြီး ..... သုံးကောင်သား .... “ဟား .... ဟား .. ဟား .. ဟား ... ဟား ...ဟီးဟီး .... ဟိုးဟိုး ..” ဆိုပြီး ရီနည်းပေါင်းစုံဖြင့် ၀ိုင်းလောင်ကြလေသည်။ “ဟားဟား .... တို့မောင်ဦး ရိုက်ချက်က မိန်းမတစ်ယောက်တောင် အချောင်ရတော့မလို့ ... ဟားဟားဟား ..”ဆို၍တစ်ဖုံ ..... “မင်းကို ဗေဒင်ဆရာဟောထားရဲ့သားနဲ့ ..... အာမမခံပါနဲ့လို့ .. ဟားဟား .. နည်းတောင်နည်းသေးတယ် .. ဆို၍တနည်း ...” “မင်းခုတစ်လော ၀က်သားမရှောင်ဘဲ စားတယ်မလား .... ဟား ဟား .. ဒါကြောင့်ပေါ့ ... မင်းဗေဒင်ဆရာဆီပြန်သွားဖို့သင့်ပြီ”ဟူ၍ တစ်မျိုး ... လှည့်ပတ်လှောင်ပြောင်နေကြသည်။ ကျွန်တော် စိတ်ထဲက ခုနလောက်တော့ မလေးတော့ ... တော်တော်လေးကို ပေါ့သွားပြီ .... ဒါပေမယ့် .. ဒေါကတော့ နည်းနည်းကျန်သေးတယ် .. အဲ့ဒါကို ဟိုသုံးကောင်ပေါ် သွန်းလောင်းလိုက်တယ်။ ကျွန်တော့် ခေါင်းဦးနဲ့ လှည့်ပတ်ပြီး လိုက်ရိုက်တယ်။ “ဟ ... ဟေ့ကောင် .. ဘာလုပ် .. ” “ဖုန်း ... ဖုတ် ... ဖုန်း .. ရီးဦးဟာ .. ရီချင်ဦး ..ဖုန်း .. ဖုန်း” ..“ ဟာ .. ဟေ့ကောင် နာတယ်ကွ ... ဟ ...” ကျွန်တော် အရိုက်မရက် .... အားရတဲ့အထိ သုံးယောက်လုံးကို ခေါင်းဦးဖြင့် လိုက်ရိုက်သည်။ “ဖုန်း ... ဖုန်း .. ဖုန်း ...” မောသွားမှ ကျွန်တော် ထိုင်ချ၍ နားလိုက်သည်။ ..... “ဟေ့ကောင် .. မောသွားပြီလား ..... ဟားဟး .... မောင်ဦး .. နှစ်သစ်မှာ ဈေးဦးပေါက်သွားပြီဟေ့ ....” အခန်းတံခါးပွင့်လာပြီး .. အမေ၀င်လာသည်။ “သားတို့ ပိုက်ဆာပြီလား ..... အမေ ..ဟင်းကောင်းကောင်းချက်ကျွေးမယ်နော် ... အမေသိပါတယ် .. ငါ့သားက လိမ္မာတယ်ဆိုတာ ... ပိုက်ဆာပြောကြနော် ....”ဟုပြောသည်။ ကျွန်တော် စကားတစ်ခွန်းမှ မပြောနိုင်။ စိတ်ဆိုးနေ၍မဟုတ် .... ဘာကို အလိုမကျနေမှန်းမသိ .... :D ကျွန်တော် နှစ်သစ် အတွေ့အကြုံက ဒီလို ရိုးရိုးလေးနဲ့ကို ရှုပ်သည်။ ဘာတွေမှန်းမသိ။ တစ်ခါတစ်လေ လောကကြီးမှာ ထင်မှတ်မထားတာတွေ ဖြစ်တတ်တယ်ဆိုတဲ့ အသိလေးတစ်ခု ရလိုက်တယ်။ ညနေစောင်းလောက်ကျတော့ စမ်းစမ်းရယ် သူ့ကောင်လေး(ခင်ပွန်း၊ ယောကျာ်း။ ကျွန်တော် တစ်ခါမှ မမြင်ဘူး၊ အလုပ်ကထင်တယ်။)ရယ် လာပြီး ကျွန်တော့ကိုတောင်းပန်တယ်။ သူ့မိဘတွေက မျက်နှာပူလို့တဲ့ မလာကြဘူး။ မုန်ပုံးတစ်ပုံးရယ်၊ အချိုရည်ပုလင်းရယ်၊ ပြီးတော့ ဘာမုန့်တွေမှန်းမသိ။ “ဒါ ... မန္တလေးက ၀ယ်လာတာ .. နင့်တို့အိမ်အတွက် လက်ဆောင်တဲ့ ...” .... “အမ် ... နင် .. နင် မန္တလေးအထိရောက်သွားတယ် .....” ... “အေး .. ဟုတ်တယ် .. သူက မန္တလေးကလေ ... ဒီမှာ အလုပ်လုပ်နေတာ ..... နင်နဲ့မိတ်ဆက်ပေးမယ် ... သူ့နာမည် .... သန့်ဇင်အေးတဲ့ ...” “အကို .. သူက ... မောင်မောင်ဦး ... ညလေးရဲ့ .... ခင်မင်အားကိုးရတဲ့ သူငယ်ချင်းလေး ...”ဆိုတော့ ကျွန်တော့်က “ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ် ..... စမ်းစမ်း နောက်နောင် ငါ့ကို အားမကိုးပါနဲ့တော့နော် .. ကြောက်လွန်းလို့ပါ ..... ဟီး ..”လို့ပြောတော့ သူက “အေးပါ .......နင်ကလည်း .... ဒီမှာ ငါအားကိုးစရာရှိနေပြီပဲ” တဲ့ ..... အရပ်ကတို့ရေ ... ကျွန်တော် နှစ်ဆန်းတစ်ရက်နေ့ ဇာတ်လမ်းကတော့ ဒါပါပဲ .....

(မှတ်ချက်း ကျွန်တော်သူငယ်ချင်း ... မောင်မောင်ဦးအကြောင်းအား ကျွန်တော် ရေး၍ တင်ခြင်းဖြစ်ပါသည်။ သူငယ်ချင်းရေ မင်းရဲ့ရင်ဖွင့် ဇာတ်လမ်းအတွက် ကျေးဇူးပဲကွာ။ ငါလည်းတော်တော် ရိုက်လိုက်ရတယ်ကွာ ..ဟီး .... ဒီဇတ်လမ်းမှာ ပါဝင်ကြတဲ့ သိတဲ့သူငယ်ချင်းတွေ၊ မသိတဲ့သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ် .. စောင့်မျှော် ဖတ်ရှုကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်)

0 comments: