Monday, August 6, 2007

ရီစရာ အပိုင်းအစလေးများ

လူတိုင်း လူတိုင်းမှာ ကိုယ်တွေ့ကြံတွေ့ဘူးခဲ့တဲ့ ရီစရာအဖြစ်အပျက်လေးတွေ ကိုယ်စီ ရှိကြမှာပဲလေ။ အိမ်မိသားစုထဲမှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ လမ်းသွားရင်းပဲဖြစ်ဖြစ် ကြုံတတ်ကြတယ်။ တစ်ချို့ အဖြစ်အပျက်တွေက မေ့ပျောက်သွားပေမယ့် တစ်ချို့ကျတော့ အမှတ်ရပြီးကျန်နေတတ်တယ်။ အဲ့ဒီလို အမှတ်ရပြီး ကျန်နေခဲ့တဲ့ ကျွန်တော် ကိုယ်တွေ့ရီစရာလေးတွေကို ပြန်ဖောက်သည်ချချင်တယ်။ စာဖတ်သူတွေ ကျွန်တော့်စာကိုဖတ်ပြီး မရီရင်တောင် တစ်ချက်လေး ပြုံးသွားရင် ကျွန်တော် ရေးရကျိုးနပ်ပါပြီ။

တစ်ခါ ကျွန်တော် ရုံးကအပြန် ဘုရင့်နောင်လမ်းဆုံမှ ကြုံတွေ့ခဲ့ရတဲ့ မျက်မမြင်နဲ့ ကလေးငယ်တစ်ဦးတို့ အကြောင်းကို ပြောပြချင်တယ်။ ဒီလိုပါ ... ကျွန်တော် ရုံးဆင်းတော့ ဘုရင့်နောင်လမ်းဆုံကနေ တစ်ဆင့်ပြန်ပြီး ကားစီးရတယ်။ ကျွန်တော်စီးမယ့်ကားကို စောင့်နေတုန်း .. ဟိုဘက်ကားလမ်းမကနေပြီးတော့ ကလေးတစ်ယောက်ဟာ လူကြီးတစ်ယောက်ကိုလက်ဆွဲပြီး ကျွန်တော်ရှိတဲ့ဘက်ကို ကူးလာတယ်။ သေချာကြည့်လိုက်တော့လူကြီးက မျက်မှန်နက်ကြီးတပ်ထားပြီး လက်မှာလည်း တုတ်တစ်ချောင်းနဲ့ လွယ်အိတ်ခပ်ကြီးကြီးတစ်လုံး လွယ်ထားတဲ့ မျက်မမြင်တစ်ယောက်ပါ။ ကားတွေက ရှုပ်နေတော့ဒီဘက်ကိုရောက်ဖို့ တော်တော်စောင့်ပြီး ကူးလိုက်ရတယ်။ ကျွန်တော်ရှိတဲ့ဘက်က ဘလက်ဖောင်းက နည်းနည်းမြင့်နေတယ်။ တစ်ပေနီးပါးလောက်ကို ကားလမ်းထက် မြင့်နေတာ .. ကောင်လေးက ဒီဘက်အခြမ်းရောက်တော့ လူကြီးကိုလက်ဆွဲပြီး ဘလက်ဖောင်းပေါ် တက်လိုက်တယ် .. ထူးဆန်းတာက လူကြီးက အဲ့ဒီနေရာမှာ မြင့်နေတာကိုသိနေသလိုပဲ .. လွယ်လွယ်ပဲ လှမ်းတက်လိုက်တယ် .... ကျွန်တော့်စိတ်ထဲမှာ ကျိတ်ပြီးချီးကျူးမိလိုက်တယ် .... ကျင့်သားများရနေလို့များလားလို့ တွေးမိတယ် .... ဘလက်ဖောင်းပေါ်ရောက်တော့ ကျွန်တော်နဲ့မလှမ်းမကမ်းနားလေးမှာ ရပ်လိုက်တယ် ... ပြီးတော့ ကောင်လေးကို သူလွယ်ထားတဲ့ လွယ်အိတ်ကြီးပေးလိုက်တယ်။ ကောင်လေးကလည်း အလိုက်သင့်ပဲ လွယ်အိတ်ကိုယူပြီးအထဲက ပုဆိုးဟောင်းတစ်ထည်ကိုထုတ်ပြီး ဘလက်ဖောင်းပေါ်ခင်းလိုက်တယ် .. ကျွန်တော် သဘောပေါက်သွားပြီ ... သူတို့နေရာယူပြီး ပိုက်ဆံတောင်းတော့မယ်ဆိုတာ သိလိုက်တယ်။ ကျွန်တော်က သူတို့အနောက်ဘက်နားလေးလောက်မှာ နေပူတော့ ကွမ်းယာဆိုင်က ထီးထဲကို ၀င်နေလိုက်တယ်။ ကောင်းလေးက အခင်းခင်းပြီးတော့ လူကြီးကို ထိုင်ခိုင်းလိုက်တယ်။ ပြီးတော့ သူလွယ်အိတ်ထဲက သုံးထပ်သားနဲ့လုပ်ထားတဲ့ဆိုင်းဘုတ်လေးတစ်ခုကို ထုတ်ပြီး လွယ်အိတ်ကိုရှေ့နားမှာထားပြီး သုံးထပ်သားကို လွယ်အိတ်အမှီလုပ်ပြီးထောင်ထားလိုက်တယ်။ ပြီးတော့ ကောင်းလေးက ဖြတ်သွားသမျှလူတွေကို လက်ဖြန့်ပြီး တောင်းတော့တာပဲ .. စကားတော့တခွန်းမှ မပြောဘူး။ ကျွန်တော်လည်း ဘာရယ်မဟုတ်ဘူး .. ကြည့်နေမိလိုက်တယ်။ သနားစရာကောင်းတဲ့ဘ၀လေးပါလား ... လူကြီးကိုပြောတာမဟုတ်ဘူး ... ကောင်းလေးကိုပြောတာ ... လူကြီးက မျက်စိသာမမြင်တာ .. ခန္ဓာကိုယ်က ကျွန်တော့်ထက်တောင် တောင့်တင်းတယ်။ သန်သန်မာမာကြီး .... သူလိုမဟုတ်ဘဲ .. သူ့ထက်အခြေအနေဆိုးတဲ့သူတွေ အများကြီးကို မျက်မမြင်ကျောင်းမှာတွေ့ဘူးတယ် .. သူတို့တွေဟာ .. ဘ၀ကိုအရှူံးမပေးပဲ ရုန်းကန်ကြတယ်။ မျက်စိမမြင်ပေမယ့် လက်မှုပညာကို ကြိုးစားလေ့လာပြီး သူတို့ဘ၀ရပ်တည်ဖို့အတွက် ကြိုးစားကြတယ်။ တစ်ချို့ဆို မျက်စိမမြင်ရုံတင်မကဘူး .. နားပါမကြားရဘူးတဲ့ .. ဆွံ၊ အ၊ နား မကြားပေါ့။ ဒီလူကြီးအခြေအနေနဲ့ဆို အများကြီးလုပ်နိုင်သေးပါရက်နဲ့ ကလေးကိုအားကိုးပြီးတောင်းရမ်းစားသောက်နေတယ်။ အေးပေါ့လေ .. လူဆိုတာ သူ့အတွေးနဲ့သူပေါ့ ... သူဘာကြောင့်ဒီလိုတောင်းစားသလဲဆိုတာ ကိုယ်လည်းမသိတော့ အပြစ်ဆိုလို့ မရဘူးလေ။ ကလေးငယ်ရဲ့ဘ၀ကတော့ မတွေးဝံ့စရာဘဲ။ လူတွေ ဖြတ်သွားဖြတ်လာတွေက သူတို့ဆိုင်းဘုတ်ကို ကွက်ကြည့် ကွက်ကြည့်လုပ်သွားတယ်။ တစ်ချို့ဆိုရင် ... လက်ညိုထိုးပြီး ဘာတွေ ပြောသွားမှန်းမသိဘူး .... ၇ ယောက် ၈ ယောက်လောက် ဖြတ်ပြီးသွားချိန်မှာ လူကြီးဟာ မသိမသာနဲ့ ရှေ့ကိုတိုးတိုးသွားတယ် ... လွယ်အိတ်နားရောက်သွားတော့ ခေါင်းကို ဘယ်ငဲ့ ညာငဲ့ပြီး လှုပ်နေတယ်။ မျက်စိမြင်တဲ့သူဆိုရင်တော့ ဘယ်ကြည့် ညာကြည့်တဲ့သဘောပေါ့။ မျက်စိမမြင်တော့ ခေါင်းလှုပ်တာပေါ့။ ညောင်းလို့ထင်ပါရဲ့ ..... ပြီးတော့ ခေါင်းကို ဖြေးဖြေးချင်းငုံပြီး သူ့ဆိုင်းဘုတ်ရှိရာကို ခေါင်းစိုက်လိုက်တော့ .. ပြီးတော့ ဖြတ်ခနဲ့ခေါင်းပြန်ထောင်ပြီး အနောက်ကိုဆုတ်လိုက်တယ်။ ချက်ခြင်းဆိုသလိုပဲ .. သူ့ရှေ့မှာ လက်ဖြန်ပြီး ပိုက်ဆံတောင်းနေတဲ့ကောင်လေးကို လှမ်းခေါ်လိုက်တယ် .... ကောင်းလေးသူ့နားရောက်လာတော့ .. ဘေးမှာထိုင်ခိုင်းတယ် .. ပြီးတော့ ခေါင်းတချက်ခေါက်ပြီး .. ပါစပ်က ဘာတွေ ပွစိပွစိပြောလဲမသိပါဘူး ... ကောင်လေးနားနားကပ်ပြီးတော့လည်းပြောတယ် ... ချက်ခြင်းပဲ ကောင်းလေးကထပြီး သူ့ရှေ့က အထပ်သားဆိုင်းဘုတ်လေးကို အပေါ်အောက်လှည့်ပြီး ပြန်ထောင်လိုက်တယ် ... ကျွန်တော်တွေ့လိုက်တာက ဆိုင်းဘုတ်က နဂိုထောင်ထားတာ ပြောင်းပြန်ပြီးဗျာ ... အဲ့ဒါကို ကောင်လေးက အတည့်ပြန်ထောင်လိုက်တာ ... ဟားဟား .. ကျွန်တော်အခြေအနေအားလုံးကို သဘောပေါက်သွားပါပြီ ... လူကြီးက မျက်မမြင်မဟုတ်ဘူးဗျာ .. မျက်စိမြင်တယ် .. လိမ်စားနေတာ ..... ကောင်လေးက စာမတတ်ဘူး ထင်ပါရဲ့ဗျာ .. ဆိုင်းဘုတ်ကို ပြောင်းပြန်ထောင်လိုက်မိတယ် .. ဒါကို လူတွေက ပြောင်းပြန်ဖြစ်နေတော့ ကွက်ကြည့် ကွက်ကြည့်လုပ်သွားတာ ...... လူကြီးက မျက်စိမြင်တော့ လူတွေကြည့်ကြည့်သွားတာကို မသင်ကာလို့ ရှေ့ကိုမသိမသာတိုးပြီး သူဆိုင်းဘုတ်ကို သူပြန်ကြည့်တာ .... ဟီး .. ပြောင်းပြန်ဖြစ်နေတော့ ကောင်းလေးကို ခေါင်းခေါက်ပြီး ပြန်ပြောင်းခိုင်းတာလေ ... သြော် .. ထူးဆန်းပါပေ့ဗျာ .. လောကမှာ ဒီလိုလူတွေရှိသေးသကိုးဗျာ ....... ဘယ်လိုလုပ်ကြမလဲ ... လူကြီးက ကောင်းလေးနားနားကပ်ပြီးဘာပြောမယ်ထင်သလဲ ... “ခွေးကောင် ... ဆိုင်းဘုတ်ပြောင်းပြန်ဖြစ်နေတယ်ကွ .. ပြန်ပြောင်းစမ်း ... အလုပ်ကိုသေချာမလုပ်ဘူး” လို့ ကျွန်တော်က တွေးမိတာပဲ ......

0 comments: