Saturday, August 11, 2007

Blogger ပေါ် ပိုစ့်တွေကို Mail နဲ့ပို့ကြမယ်

ကျွန်တော်တို့ ပြည်တွင်းမှာ အင်တာနက် ကွန်နက်ရှင်အခြေအနေ တော်တော်လေးကို အခြေအနေ ဆိုးရွားလှပါတယ်။ မကောင်းတဲ့အခါက များပါတယ်။ အဲ့ဒီလိုအချိန်တွေမှာ ပြည်တွင်းဘလော့ဂါတွေအဖို့ အတော် စိတ်ညစ်ဖို့ကောင်းလှပါတယ်။ ပိုစ့်လည်းတင်လို့မရ။ ဘလော့ကြီးက ကြာလေ ဟောင်းလေဖြစ်လာပါရော။ အဲ့ဒါနဲ့ တစ်ခြားနည်းလမ်းနဲ့တင်လို့ရတဲ့နည်းလေးတစ်ခုကို စဉ်းစားမိတယ်။ အရင်ကတည်းက သိနေတဲ့ဟာကို သတိမထားမိလိုက်ဘူး။ ဒီလိုပါ .. ဘလော့ကို ကျွန်တော်တို့ Signin မ၀င်ပဲနဲ့ Mail နဲ့လှမ်းပို့တဲ့နည်းပါ။ ဒါဆိုရင် ဘလော့ဝင်လို့မရမှာ စိတ်ပူစရာမလိုတော့ပါဘူး။ မေးလ်ကနေလှမ်းပို့လိုက်ရင် Blogger က ပိုစ့်အနေနဲ့ တင်ပေးပါလိမ့်မယ်။ ဒါဆို အဆင်မပြေဘူးလား .... လုပ်ပုံလုပ်နည်းကတော့ ရိုးရိုးလေးပါပဲ ...

အရင်ဆုံး Blogger ကို အရင်ဝင် ပြီးရင်
Setting > Email ကိုသွားပါ .. အဲ့ဒီမှာ BlogSend Address နဲ့ Mail-to-Blogger Address ဆိုပြီးတွေ့လိမ့်မယ်
BlogSend Address မှာ ကိုယ့် post တွေပို့မယ် မေးလ်လိပ်စာကိုထည့်မယ် ...
အောက်က Mail-to-Blogger Address နေရာမှာ ကိုယ်ရဲ့ပိုစ်တွေကို လက်ခံမယ့် လိပ်စာသတ်မှတ်ပေးရမယ် ... အရှေ့ကတော့ ကိုယ့် Account name ပါတယ် .. ကျွန်တော့်အကောင့်ဆို၇င် Shwemoetain.######.blogspot.com ပေါ့ ... ###### နေရာမှာ ကိုယ့်စိတ်ကြိုက်ထည့်လို့ရတယ် .... ပြီးတော့ မှတ်ထားရမှာပေါ့ .. ကိုယ်ပိုစ့်တွေပို့ရင် အဲ့ဒီလိပ်စာကိုပို့ရမှာ။ သတိထားရမှာက အဲ့ဒီလိပ်စာကို တစ်ခြားလူမသိစေနဲ့ နည်းအမျိုးမျိုးနဲ့ မေးလ်ပို့လိုက်ရင် ကိုယ့်ဘလော့မှ ပိုစ့်တက်သွားနိုင်တယ် .. ဒါကြောင့်ပါ ... ပြီးရင် Publish ဆိုတဲ့ Check box ကို Check လုပ် .. ပြီးရင် Save Settings နှိပ်.. ပြီးပါပြီ ... ပြီးသွားရင် စမ်းပို့ကြည့်လို့ရပါပြီ ...



Read More...

Win RAR ကို အလှဆင်ကြမယ်

ကျွန်တော်တို့ ကွန်ပျူတာသမားတွေဟာ OS ပဲဖြစ်ဖြစ် Application ပဲဖြစ်ဖြစ် GUI အသစ်အဆန်းတွေကို စိတ်ဝင်စားကြတယ်။ မရိုးအောင်လို့လည်း အမျိုးမျိုးပြောင်းသုံးကြတယ်။ Wallpaper တို့ Themes တို့ကိုလည်း အဲ့ဒီအတိုင်းပဲ .... တစ်ပတ်ကို တစ်ခါလောက်ပြောင်းသုံးတယ်။ ကိုယ်နှစ်သက်တဲ့ GUI ဆိုရင် ကိုယ့်စိတ်ကို ကြည်လင်စေနိုင်တယ်လေ .... အလုပ်လုပ်ရတာလည်း လန်းလန်းဆန်းဆန်းဖြစ်စေတယ်။ အလုပ်စလုပ်ဖို့ စက်စဖွင့်ဖွင့်ချင်းဆိုရင် ကိုယ့်စိတ်ကြိုက်ပြုပြင်ထားတဲ့ Desktop Wallpaper ကိုမြင်လိုက်ရင် ကျေနပ်သွားတယ်။ အလုပ်လုပ်ဖို့အတွက် အားအင်ကိုရစေနိုင်တယ်။ မယုံရင် window 95 GUI တင်ထားတဲ့စက်နဲ့ Window Vista တင်ထားတဲ့စက်ကို စမ်းသပ်သုံးကြည့်ပါလား။ ဒါတွေကိုသိလို့လဲ Micro$oft နဲ့ Apple က GUI ကို အပြတ်အသတ်လုပ်ကြတာပေါ့။ "Don't be a wimp" တဲ့ ... တိုးတက်နေတဲ့ခေတ်ကြီးမှာ Window 95 GUI နဲ့ဆိုရင် အလုပ်လုပ်ရတာ ကြည်လင်လန်းဆန်းမှု ရှိနိုင်ပါ့မလား။ Dos command အမဲပြင်ကြီးနဲ့ဆို ပိုပြီးဆိုးတာပေါ့။ အခုကျွန်တော်အားလုံးကို ဖိုင်တွေကို Compress လုပ်ရာမှာ နာမည်ကြီး လူသုံးများတဲ့ WinRAR ရဲ့ Themes တွေကို Share ချင်လို့ပါ။ File Size က 3 MB နီးနီးရှိတယ်။ ဒေါင်းလုပ်ချပြီး အဲ့ဒီဖိုင်ကို Double Click နှိပ်ရုံပဲ .... "Do you wish to install WinRAR interface Themes ... "လို့မေးရင် OK လို့ပေးလိုက်ပါ။ ပြီးသွားရင် WinRAR ကို Load လုပ်ပြီး Option > Themes > the themes u install ကို ရွေးပေးလိုက်ရုံပါပဲ။ သူက Files Icon ကိုပါ ပြောင်းလဲသွားစေပါတယ်။ မူလ Themes ပြန်လိုချင်ရင် Default ကိုပြန်ရွေးရင်ရပါတယ်။ စမ်းကြည့်ပါ .. အသစ်အဆန်းပေါ့ ....

Read More...

Friday, August 10, 2007

ရီစရာအပိုင်အစလေးများ (၂)

ဒီတစ်ခါက လှိုင်းကားပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးပါ .... ကာယကံရှင်ကတော့ ဒေါကန်စရာ ဖြစ်နေပေမယ့် ဘေးကကြည့်နေတဲ့ သူတွေအတွက်တော့ ရီးစရာဖြစ်နေလို့ပါ။ ကာယကံရှင်ကို လောင်ချင်တဲ့စိတ်နဲ့ တင်တာမဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ ကြုံတွေ့ခဲ့ရတဲ့ ရီစရာလေးကို ပြန်ပြောချင်လို့ပါ။
ကျွန်တော်တို့ကတော့ ထုံးစံအတိုင်း ကုမ္ပဏီဝန်ထမ်းဆိုတော့ ကားစီးပြီးသွားလာရတာပေါ့။ လှိုင်းကားပြောတာနော်။ တစ်ရက် ကျွန်တော် မြို့ထဲကို ကွန်ပျူတာပစ္စည်းဝယ်ဖို့အတွက် Bus ကားနဲ့လိုက်သွားတယ်။ ကားက ရုံးတက် ရုံးဆင်းချိန်မဟုတ်တော့ အတော်လေးကိုချောင်နေတယ်။ ဒီလိုနဲ့ ဆင်မလိုက် အဝေးပြေးမှတ်တိုက်ရောက်တော့ ကားကရပ်ပြီး လူခေါ်ပါလေရော .. သိကြတဲ့အတိုင်း ... ကားတွေက ရပ်လိုက်ရင် တော်ရုံနဲ့မထွက်တော့ဘူး။ ကျွန်တော့်ဘေးနာမှာ အန်တီကြီးတစ်ယောက်က ထိုင်ခုံနေရာရလို့ ထိုင်ပြီးလိုက်လာတယ်။ ၀တ်စားထားတာတွေကို ကြည့်ချင်းအားဖြင့် လူဂုဏ်ထန်ထဲက ဆိုတာ သိနိုင်တယ်။ ဒါပေမယ့် တစ်ကယ်ဟုတ်မဟုတ်တော့ သူပဲသိမှာပေါ့။ အဲ့ဒီအချိန်မှာ အောက်နေပြီး ကောင်လေးခပ်ငယ်ငယ်တစ်ယောက်က “သနားကြပါခင်ဗျား .... ကျွန်တော်ထမင်းမစားရသေးလို့ပါ ... ထမင်းဖိုးလေး သနားကြပါ ”ဆိုပြီးတော့ လှမ်းတောင်းတယ် .. ကျွန်တော်လည်း အိတ်ထဲလှမ်းကြည့်လိုက်တော့ ၅၀ကျပ်တန်ရှိတာနဲ့ လှမ်းပေးလိုက်တယ် .. ကျွန်တော့်လိုပဲ အန်တီကြီးကလည်း သူ့အိတ်ထဲကို နှိုက်ပြီးရှာတယ် .. ပြီးတော့ ၅ ကျပ်တန် နှစ်ရွက်ကို ထုတ်ပြီးပေးလိုက်တယ်။ ကောင်လေးက အဲ့ဒီ ၅ ကျပ်တန်နှစ်ရွက်ကို ယူပြီး အန်တီကြီးကိုတစ်လှည့် ပိုက်ဆံကို တစ်လှည့်ကြည့်တယ် .. ပြီးတော့ “ဒီပိုက်လေးနဲ့ ဘယ်လိုလုပ်ပြီး ထမင်းဝယ်စားလို့ ရမှာ .... လူကျတော့ သူဌေးကျနေတာပဲ .. ပေးတော့ ၅ ကျပ်တန်နှစ်ရွက်”ဆိုပြီး ရှူံ့မဲ့ပြီးပြောတယ် .... ကျွန်တော်ကော .. အန်တီကြီးကော အဲ့ဒီစကားကြားသူအားလုံးပါ အံ့အားတင့်သွားတယ်။ တော်တော်မလွယ်တဲ့ကောင်တွေ .... အန်တီကြီးကလည်း မျက်နှာကြီးနီပြီး .. “ဟဲ့ကောင်လေး .. မယူရင်လည်း ပြန်ပေး .....အဲ့ဒါ မင်းအဘ စပယ်ယာက အမ်းထားတာ ... နှစ်ဆယ်အမ်းရာမှာ တစ်ဆယ်ပဲအမ်းလို့ .. ရှိတဲ့ဟာပေးတာ လူပါးဝလို့ .. ပြန်ပေး”ဆိုပြီးတော့ အော်တယ် .. ကောင်းလေးကလည်း အန်တီကြီးကို လျှာထုတ်ပြပြီး ပြေးပါလေရော .... ဟီး .... အန်တီကြီး ပြောတာကို ကားစပယ်ယာကြားတော့ .. “အစ်မဗျာ .. ကျွန်တော့်ကို အရှက်ခွဲတာလား .. အဲ့ဒီလိုကြီးတော့မပြောပါနဲ့ ... ဟိုကောင်လေး အဘဆိုတော့ ကျွန်တော်ပါ သူတောင်းစားဖြစ်သွားမှာပေါ့ .. ငွေလေးတစ်ဆယ်မအမ်းမိတာ .. သူတောင်းစားဖြစ်ရောဗျာ .. အဲ့ဒီလိုမပြောပါနဲ့ .. ကျွန်တော်က အကြွေမရှိလို့မအမ်းတာပါ ... ရော့ အန်တီ ၁၀၀ တန်ပြန်ယူ ... ညစ်တယ်ဗျာ .. ၁၀ ပြန်ပေး ..”လို့လာပြောတယ် ..... အန်တီကြီးက ခပ်တည်တည်နဲ့ ပိုက်ဆံ ၁၀၀ ကိုပြန်ယူပြီး “တစ်ဆယ်လိုချင်ရင် .. ဟိုကောင်လေးဆီသွားပြန်တောင်း”လို့ပြောပြီးတော့ ကားပေါ်ကဆင်းသွားတယ် ....... ကားပေါ်ကလူတွေ ဘာလုပ်ကြမယ်ထင်လဲ .... ရီကြမှာလား .... မသိချင်ဟန်ဆောင်နေမှာလား ..... ကျွန်တော်ကတော့ ဟန်မဆောင်နိုင်ဘူး .. ဟားဟား ....

Read More...

ဝယ်သတိ၊ စားသတိ

ကုန်ဈေးနှုန်းတွေ အရမ်းမြင့်မားနေတဲ့ လက်ရှိအခြေအနေမျိုးမှာ ပစ္စည်းတစ်မျိုးမျိုးကို ဈေးပေါးပေါးနဲ့ ရတယ်ဆိုပြီး မ၀ယ်မိစေနဲ့။ သေသေချာချာ စုံစမ်း စစ်ဆေးပြီးမှ ၀ယ်သင့်တယ်။ တစ်ချို့အရာတွေဟာ လူတွေရဲ့ ပိုက်ဆံကိုပဲ ညှာယူပေမယ့် တစ်ချို့အရာတွေဟာ လူတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် စားသောက်ကုန် တွေမှာတွေ့မြင်နေရပါတယ်။ အခုဆိုးရွားနေတာကတော့ Expire ဖြစ်သွားတဲ့ ဆေးဝါးနဲ့စားသုံးကုန် ပစ္စည်းတွေကို တစ်ဖက်လှည့်နဲ့ စားသုံးသူပြည်သူတွေဆီ ရောက်အောင် ပြုလုပ်နေကြတာပါပဲ။ လုံးဝမဖြစ်သင့်တဲ့ ကိစ္စမျိုးတွေပါ။ ကိုယ့်ရဲ့ကိုယ်ကျိုးစီပွားကိုသာကြည့်ပြီး လူတွေ ဒုက္ခရောက်အောင် ပြုလုပ်နေကြတာပဲ။ ဒီကိစ္စဟာ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကုမရတဲ့ရောဂါမျိုးကို လည်းဖြစ်ပွားသွားစေနိုင်ပါတယ်။ ကျွန်တော်တို့တတွေ သတိပြုဆင်ခြင်သင့်တယ်။ သက်ဆိုင်ရာ ကနေပြီးတော့လည်း ပြင်းထန်စွာစစ်ဆေး တားမြစ်ဖို့လိုအပ်တယ်။ အဲ့ဒီ စားသုံးကုန်ပစ္စည်းတွေကြောင့် လူတွေဟာ အဆိပ်သင့်ရပါတယ်၊ ၀မ်းရောဂါတွေဖြစ်ပေါ်စေပါတယ်၊ နောက်ဆုံး အဆိုးဝါးဆုံးရောဂါ ကင်ဆာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ချို့ တစ်ချို့သော Supermarket တွေမှာ Expire ဖြစ်နေတဲ့ စားသုံးကုန် ပစ္စည်းတွေကို ပြန်လည်ပြီး တံဆိပ်ရိုက်ရောင်းချနေတယ်လို့လည်း ဟိုတလောက သတင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ကျွန်တော့်ကိုယ်တွေ့ကတော့ဒီလိုပါ .. ကျွန်တော်ရဲ့ ၈နှစ်အရွယ် တူလေးတစ်ယောက်ဟာ ကျောင်းကနေအပြန် အပြင်မုန့်ဆိုင်တွေက ဈေးပေါတဲ့ လမုန်တွေကို ၀ယ်လာတာပါပဲ။ အိမ်ပြန်ရောက်တော့ ကျွန်တော့်ကိုလာပြီးကျွေးတယ် .. ကျွန်တော်က “မင်းဘယ်က ပိုက်ဆံတွေ အများကြီးရလို့ ၀ယ်လာတာလဲ”လို့မေးတော့ “ကျောင်းမှာရောင်းတာလေ ဦးရဲ့ တစ်ခုကို ၅၀ တဲ့ ၁၀၀ ဖိုးကို ၃ ခုပေးတယ် ...” ၏သား အိမ်မှာစားမလို့ ၀ယ်လာတာ”တဲ့ ... လမုန့်တစ်ခုဟာ အပြင်မှာ ၂၀၀ လောက်ပေးဝယ်ရပါတယ်။ ကျွန်တော်က ဟုတ်လှချည်လားဆိုပြီးတော့ သူ့ဆီက တစ်ခုယူတယ်။ မုန့်က သေသေချာချာကို ဆီစိမ်စက္ကူနဲ့ ထုတ်ထားတာ။ ကျွန်တော်စက္ကူတွေကို ဖယ်လိုက်တော့လည်း မုန့်က အကောင်းကြီးလိုပဲ .. ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဒီလောက်ဈေးပေါပေါနဲ့ ရောင်းပေးနိုင်ပါလိမ့်လို့လည်း တွေးမိတယ်။ မုန့်ကိုနှစ်ပိုင်းချိုးပြီး အတွင်းကို ကြည့်လိုက်တော့မှ .. အားလားလား .. မှိုတွေ တစ်ပြင်လုံးကို မှိုတွေတက်နေတာ။ ချက်ခြင်းပဲ ကျွန်တော့်တူလေးကို ကျောင်းမှာစားမိသေးလားလို့မေးတော့ ကျောင်းမှာလည်း တစ်ခုမှမစားမိသေးဘူးလို့ပြော တာပဲ ..... သေတော့မသေချာဘူး ...။ နောက်တစ်ခုက တစ်နေ့ကတင် ကျွန်တော်ခေါင်းကိုက်လို့ paracetamol တစ်ကဒ်သွားဝယ်လိုက်တာ ... သောက်ခါနီးမှ သတိရလို့ကြည့်လိုက်တာ Expire ဖြစ်နေပါတယ်။ အဲ့ဒါပါပဲ ..... Expire ဖြစ်တဲ့ ပစ္စည်းတွေကို တဖက်လှည့်နဲ့ မသိနားမလည်တဲ့ သူတွေလက်ထဲရောက်အောင်လုပ်တာ။ ဒါဟာ လုပ်ငန်းရှင်ရဲ့အပြစ်လည်း မကင်းဘူးလေ။ သူတို့က အဲ့ဒီပစ္စည်းတွေကို ဖျက်ဆီးပစ်ရမှာ။ တစ်ချို့ စားသောက်ကုန်ပစ္စည်းတွေဆိုရင် .. Expire လွန်ရင် ပြန်လဲပေးတာမျိုးတွေရှိတယ်။ ကျွန်တော် စဉ်းစားလို့မရတာက .. တစ်လ တစ်လ များပြားလှတဲ့ အဲ့ဒီ Expire ဖြစ်သွားတဲ့ စားသုံးကုန်တွေကို ဘာလုပ်ပစ်လိုက်သလဲ ... ဘယ်တွေရောက်ကုန်သလဲ .... ဒါဟာ တွေးစရာပါပဲ။ တစ်ချို့ပေါင်မုန့်ရုံတွေဆိုရင် မှိုတက်နေတဲ့ .. Expire ဖြစ်သွားတဲ့ မုန့်တွေကို ပြန်လည်မီးကင်အပူပေးပြီးတော့ တစ်မျိုးတစ်မည်အဖြစ် ပြန်လည်ရောင်းချနေကြတယ်။ ဒါကိုမသိတဲ့သူတွေက ဈေးပေါတယ် .. စားကောင်းတယ် ဆိုပြီး ၀ယ်ယူစားသောက်နေကြတာ။ တစ်ချို့ရုံတွေကြတော့လည်း Expire ဖြစ်သွားတဲ့ စားသုံးကုန်တွေကို ၀န်ထမ်းတွေကိုပြန်ဝေငှတယ်။ တစ်ချို့ကြတော့လည်း ၀န်ထမ်းတွေနဲ့ညှိပြီး ဆင်ခြေဖုံးတွေမှာ ဈေးလျော့ ရောင်းခိုင်းတယ်။ ဒါတွေဟာ ကျွန်တော်စိတ်ထင်လို့ပြောနေတာမဟုတ်ပါဘူး။ တစ်ကယ်ဖြစ်နေတာပါ။ ဒါကြောင့် ကိုယ့်နဲ့ဆက်နွယ်မှုရှိတဲ့ကလေးတွေ၊ နားမလည်တဲ့သူတွေရှိရင် သေချာရှင်းပြပြီး စားသောက်ကုန်နဲ့ ဆေးဝါးတွေကို ဈေးပေါတိုင်း ၀ယ်မစား/သုံးကြဖို့ အသိပေးကြပါ။ ကိုယ်ကျိုးကိုသာ ကြည့်တဲ့ စီးပွားရေးသမားတွေ ရဲ့သားကောင် မဖြစ်သွားပါစေနဲ့လို့ အားလုံးကို “၀ယ်သတိ၊ စားသတိ”လို့ သတိပေးလိုက်ကြပါဦး ......

Read More...

Monday, August 6, 2007

ရီစရာ အပိုင်းအစလေးများ

လူတိုင်း လူတိုင်းမှာ ကိုယ်တွေ့ကြံတွေ့ဘူးခဲ့တဲ့ ရီစရာအဖြစ်အပျက်လေးတွေ ကိုယ်စီ ရှိကြမှာပဲလေ။ အိမ်မိသားစုထဲမှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ်၊ လမ်းသွားရင်းပဲဖြစ်ဖြစ် ကြုံတတ်ကြတယ်။ တစ်ချို့ အဖြစ်အပျက်တွေက မေ့ပျောက်သွားပေမယ့် တစ်ချို့ကျတော့ အမှတ်ရပြီးကျန်နေတတ်တယ်။ အဲ့ဒီလို အမှတ်ရပြီး ကျန်နေခဲ့တဲ့ ကျွန်တော် ကိုယ်တွေ့ရီစရာလေးတွေကို ပြန်ဖောက်သည်ချချင်တယ်။ စာဖတ်သူတွေ ကျွန်တော့်စာကိုဖတ်ပြီး မရီရင်တောင် တစ်ချက်လေး ပြုံးသွားရင် ကျွန်တော် ရေးရကျိုးနပ်ပါပြီ။

တစ်ခါ ကျွန်တော် ရုံးကအပြန် ဘုရင့်နောင်လမ်းဆုံမှ ကြုံတွေ့ခဲ့ရတဲ့ မျက်မမြင်နဲ့ ကလေးငယ်တစ်ဦးတို့ အကြောင်းကို ပြောပြချင်တယ်။ ဒီလိုပါ ... ကျွန်တော် ရုံးဆင်းတော့ ဘုရင့်နောင်လမ်းဆုံကနေ တစ်ဆင့်ပြန်ပြီး ကားစီးရတယ်။ ကျွန်တော်စီးမယ့်ကားကို စောင့်နေတုန်း .. ဟိုဘက်ကားလမ်းမကနေပြီးတော့ ကလေးတစ်ယောက်ဟာ လူကြီးတစ်ယောက်ကိုလက်ဆွဲပြီး ကျွန်တော်ရှိတဲ့ဘက်ကို ကူးလာတယ်။ သေချာကြည့်လိုက်တော့လူကြီးက မျက်မှန်နက်ကြီးတပ်ထားပြီး လက်မှာလည်း တုတ်တစ်ချောင်းနဲ့ လွယ်အိတ်ခပ်ကြီးကြီးတစ်လုံး လွယ်ထားတဲ့ မျက်မမြင်တစ်ယောက်ပါ။ ကားတွေက ရှုပ်နေတော့ဒီဘက်ကိုရောက်ဖို့ တော်တော်စောင့်ပြီး ကူးလိုက်ရတယ်။ ကျွန်တော်ရှိတဲ့ဘက်က ဘလက်ဖောင်းက နည်းနည်းမြင့်နေတယ်။ တစ်ပေနီးပါးလောက်ကို ကားလမ်းထက် မြင့်နေတာ .. ကောင်လေးက ဒီဘက်အခြမ်းရောက်တော့ လူကြီးကိုလက်ဆွဲပြီး ဘလက်ဖောင်းပေါ် တက်လိုက်တယ် .. ထူးဆန်းတာက လူကြီးက အဲ့ဒီနေရာမှာ မြင့်နေတာကိုသိနေသလိုပဲ .. လွယ်လွယ်ပဲ လှမ်းတက်လိုက်တယ် .... ကျွန်တော့်စိတ်ထဲမှာ ကျိတ်ပြီးချီးကျူးမိလိုက်တယ် .... ကျင့်သားများရနေလို့များလားလို့ တွေးမိတယ် .... ဘလက်ဖောင်းပေါ်ရောက်တော့ ကျွန်တော်နဲ့မလှမ်းမကမ်းနားလေးမှာ ရပ်လိုက်တယ် ... ပြီးတော့ ကောင်လေးကို သူလွယ်ထားတဲ့ လွယ်အိတ်ကြီးပေးလိုက်တယ်။ ကောင်လေးကလည်း အလိုက်သင့်ပဲ လွယ်အိတ်ကိုယူပြီးအထဲက ပုဆိုးဟောင်းတစ်ထည်ကိုထုတ်ပြီး ဘလက်ဖောင်းပေါ်ခင်းလိုက်တယ် .. ကျွန်တော် သဘောပေါက်သွားပြီ ... သူတို့နေရာယူပြီး ပိုက်ဆံတောင်းတော့မယ်ဆိုတာ သိလိုက်တယ်။ ကျွန်တော်က သူတို့အနောက်ဘက်နားလေးလောက်မှာ နေပူတော့ ကွမ်းယာဆိုင်က ထီးထဲကို ၀င်နေလိုက်တယ်။ ကောင်းလေးက အခင်းခင်းပြီးတော့ လူကြီးကို ထိုင်ခိုင်းလိုက်တယ်။ ပြီးတော့ သူလွယ်အိတ်ထဲက သုံးထပ်သားနဲ့လုပ်ထားတဲ့ဆိုင်းဘုတ်လေးတစ်ခုကို ထုတ်ပြီး လွယ်အိတ်ကိုရှေ့နားမှာထားပြီး သုံးထပ်သားကို လွယ်အိတ်အမှီလုပ်ပြီးထောင်ထားလိုက်တယ်။ ပြီးတော့ ကောင်းလေးက ဖြတ်သွားသမျှလူတွေကို လက်ဖြန့်ပြီး တောင်းတော့တာပဲ .. စကားတော့တခွန်းမှ မပြောဘူး။ ကျွန်တော်လည်း ဘာရယ်မဟုတ်ဘူး .. ကြည့်နေမိလိုက်တယ်။ သနားစရာကောင်းတဲ့ဘ၀လေးပါလား ... လူကြီးကိုပြောတာမဟုတ်ဘူး ... ကောင်းလေးကိုပြောတာ ... လူကြီးက မျက်စိသာမမြင်တာ .. ခန္ဓာကိုယ်က ကျွန်တော့်ထက်တောင် တောင့်တင်းတယ်။ သန်သန်မာမာကြီး .... သူလိုမဟုတ်ဘဲ .. သူ့ထက်အခြေအနေဆိုးတဲ့သူတွေ အများကြီးကို မျက်မမြင်ကျောင်းမှာတွေ့ဘူးတယ် .. သူတို့တွေဟာ .. ဘ၀ကိုအရှူံးမပေးပဲ ရုန်းကန်ကြတယ်။ မျက်စိမမြင်ပေမယ့် လက်မှုပညာကို ကြိုးစားလေ့လာပြီး သူတို့ဘ၀ရပ်တည်ဖို့အတွက် ကြိုးစားကြတယ်။ တစ်ချို့ဆို မျက်စိမမြင်ရုံတင်မကဘူး .. နားပါမကြားရဘူးတဲ့ .. ဆွံ၊ အ၊ နား မကြားပေါ့။ ဒီလူကြီးအခြေအနေနဲ့ဆို အများကြီးလုပ်နိုင်သေးပါရက်နဲ့ ကလေးကိုအားကိုးပြီးတောင်းရမ်းစားသောက်နေတယ်။ အေးပေါ့လေ .. လူဆိုတာ သူ့အတွေးနဲ့သူပေါ့ ... သူဘာကြောင့်ဒီလိုတောင်းစားသလဲဆိုတာ ကိုယ်လည်းမသိတော့ အပြစ်ဆိုလို့ မရဘူးလေ။ ကလေးငယ်ရဲ့ဘ၀ကတော့ မတွေးဝံ့စရာဘဲ။ လူတွေ ဖြတ်သွားဖြတ်လာတွေက သူတို့ဆိုင်းဘုတ်ကို ကွက်ကြည့် ကွက်ကြည့်လုပ်သွားတယ်။ တစ်ချို့ဆိုရင် ... လက်ညိုထိုးပြီး ဘာတွေ ပြောသွားမှန်းမသိဘူး .... ၇ ယောက် ၈ ယောက်လောက် ဖြတ်ပြီးသွားချိန်မှာ လူကြီးဟာ မသိမသာနဲ့ ရှေ့ကိုတိုးတိုးသွားတယ် ... လွယ်အိတ်နားရောက်သွားတော့ ခေါင်းကို ဘယ်ငဲ့ ညာငဲ့ပြီး လှုပ်နေတယ်။ မျက်စိမြင်တဲ့သူဆိုရင်တော့ ဘယ်ကြည့် ညာကြည့်တဲ့သဘောပေါ့။ မျက်စိမမြင်တော့ ခေါင်းလှုပ်တာပေါ့။ ညောင်းလို့ထင်ပါရဲ့ ..... ပြီးတော့ ခေါင်းကို ဖြေးဖြေးချင်းငုံပြီး သူ့ဆိုင်းဘုတ်ရှိရာကို ခေါင်းစိုက်လိုက်တော့ .. ပြီးတော့ ဖြတ်ခနဲ့ခေါင်းပြန်ထောင်ပြီး အနောက်ကိုဆုတ်လိုက်တယ်။ ချက်ခြင်းဆိုသလိုပဲ .. သူ့ရှေ့မှာ လက်ဖြန်ပြီး ပိုက်ဆံတောင်းနေတဲ့ကောင်လေးကို လှမ်းခေါ်လိုက်တယ် .... ကောင်းလေးသူ့နားရောက်လာတော့ .. ဘေးမှာထိုင်ခိုင်းတယ် .. ပြီးတော့ ခေါင်းတချက်ခေါက်ပြီး .. ပါစပ်က ဘာတွေ ပွစိပွစိပြောလဲမသိပါဘူး ... ကောင်လေးနားနားကပ်ပြီးတော့လည်းပြောတယ် ... ချက်ခြင်းပဲ ကောင်းလေးကထပြီး သူ့ရှေ့က အထပ်သားဆိုင်းဘုတ်လေးကို အပေါ်အောက်လှည့်ပြီး ပြန်ထောင်လိုက်တယ် ... ကျွန်တော်တွေ့လိုက်တာက ဆိုင်းဘုတ်က နဂိုထောင်ထားတာ ပြောင်းပြန်ပြီးဗျာ ... အဲ့ဒါကို ကောင်လေးက အတည့်ပြန်ထောင်လိုက်တာ ... ဟားဟား .. ကျွန်တော်အခြေအနေအားလုံးကို သဘောပေါက်သွားပါပြီ ... လူကြီးက မျက်မမြင်မဟုတ်ဘူးဗျာ .. မျက်စိမြင်တယ် .. လိမ်စားနေတာ ..... ကောင်လေးက စာမတတ်ဘူး ထင်ပါရဲ့ဗျာ .. ဆိုင်းဘုတ်ကို ပြောင်းပြန်ထောင်လိုက်မိတယ် .. ဒါကို လူတွေက ပြောင်းပြန်ဖြစ်နေတော့ ကွက်ကြည့် ကွက်ကြည့်လုပ်သွားတာ ...... လူကြီးက မျက်စိမြင်တော့ လူတွေကြည့်ကြည့်သွားတာကို မသင်ကာလို့ ရှေ့ကိုမသိမသာတိုးပြီး သူဆိုင်းဘုတ်ကို သူပြန်ကြည့်တာ .... ဟီး .. ပြောင်းပြန်ဖြစ်နေတော့ ကောင်းလေးကို ခေါင်းခေါက်ပြီး ပြန်ပြောင်းခိုင်းတာလေ ... သြော် .. ထူးဆန်းပါပေ့ဗျာ .. လောကမှာ ဒီလိုလူတွေရှိသေးသကိုးဗျာ ....... ဘယ်လိုလုပ်ကြမလဲ ... လူကြီးက ကောင်းလေးနားနားကပ်ပြီးဘာပြောမယ်ထင်သလဲ ... “ခွေးကောင် ... ဆိုင်းဘုတ်ပြောင်းပြန်ဖြစ်နေတယ်ကွ .. ပြန်ပြောင်းစမ်း ... အလုပ်ကိုသေချာမလုပ်ဘူး” လို့ ကျွန်တော်က တွေးမိတာပဲ ......

Read More...

Tuesday, July 31, 2007

အစွမ်းထက်တဲ့ HiJackThis

ကွန်ပျူတာတစ်လုံးမှာ Virus/spyware ထိသွားလို့ .. Antivirus/spyware နဲ့ရှင်းပြီးသွားပေမယ့် စက်ဖွင့်လိုက်တဲ့အချိန်မှာ ... "Can't find the specific file .. pls locate ....." စတဲ့ Error တွေ တက်တက်လာတတ်ပါတယ်။ အများအားဖြင့်တော့ spyware ကြောင့်ဖြစ်တတ်ပါတယ်။ ... စက်ထဲမှာ အဲ့ဒီကောင်တွေ မရှိတော့ပေမယ့် . အဲ့ဒီလို error တက်လာရင် စိတ်ရှုပ်ရပါတယ် ... အဲ့ဒါကို ဖြေရှင်းချင်တယ်ဆိုရင် .. Hijackthis application လေးကို သုံးနိုင်ပါတယ် .. စက်ဖွင့်လိုက်လို့ တက်လာတဲ့ Error မှာဖော်ပြတဲ့ File name ကိုမှတ်ထားပြီး Hijackthis ကို Run လိုက်ပါ။ Run ပြီးသွားရင် သူဟာ PC Startup Object တွေကို List တစ်ခုလုပ်ပြီးပေးပါလိမ့်မယ် .. အဲ့ဒီထဲကမှ မိမိ စက်မှာ Error တက်စေတဲ့ ဖိုင်ပါတဲ့ အချက်ကို check လုပ်ပြီး .... Remove/fix လုပ်ပေးပါ။ အဲ့ဒါဆိုရင် စက်နောက်တစ်ခါဖွင့်တဲ့အခါကျရင် ဘာError မှ မတက်တော့ပါဘူး။ Hijackthis ကို ဒီနေရာမှာ ယူပါ ...
>>>>
Download Hijackthis <<<<<
>>>> Mirror Link <<<<<

Read More...

Experience နဲ့ အသက်ကြီးမသွားစေနဲ့

မြန်မာနိုင်ငံမှာရှိကြတဲ့ လူငယ်တွေ၊ ကျောင်းပြီးလို့ အလုပ်စလုပ်တဲ့ လူငယ်တွေ၊ ကျောင်းတက်ရင်း အလုပ်လုပ်ကြတဲ့ လူငယ်တွေ တော်တော်များများဟာ ... experience လိုချင်တယ်ဆိုပြီးတော့ ကုမ္ပဏီတွေမှာ၊ အလုပ်ရုံတွေမှာ ကျွဲလို၊ နွားလို အခိုင်းခံပြီးတော့ လုပ်နေကြတာတွေ တွေ့နေရတယ်ဗျာ .. စိတ်မကောင်းစရာဘဲ။ မြန်မာနိုင်ငံမှာ လစာနဲ့ စားဝတ်နေရေး မညီမျှတဲ့အတွက် တော်တော်များများ ဒုက္ခရောက်ကြတယ်။ လုပ်ရတာက ကျွဲလို နွားလို့ ... ပေးတော့ လစာက တစ်ပဲနှစ်ပြား .....။ လုပ်ငန်းရှင်တွေကလည်း အဲ့ဒါမျိုးတွေကို စောင့်နေကြတယ် ထင်ပါရဲ့။ ရန်ကုန်မှာဆိုရင် ကိုယ်ပိုင်အိမ် ရှိတဲ့သူတွေက ပိုဆိုးကြတယ် ..

.. လစာရချင်ရ မရချင်နေ .. အလုပ်လုပ်နေရ ပြီးရော .. လုပ်ငန်း အတွေ့အကြုံရ ပြီးရောဆိုပြီး လုပ်နေကြသူတွေ တစ်ပုံကြီး။ အဲ့ဒါဟာ နောက်ဆက်တွဲ ဘာတွေဖြစ်ပေါ်စေသလဲဆိုရင် အလုပ်သမားတွေ ဖောင်းပွလာတယ်။ ဆိုလိုတဲ့သဘောက ဈေးပေါပေါနဲ့ အလုပ်သမားတွေ၊ ၀န်ထမ်းတွေ ပေါများလာတယ်ဆိုတာပါပဲ။ ကျွန်တော် ရည်ရွယ်တာက အလုပ်စလုပ်တဲ့ လူတွေကိုနော် .... Pro ကြီးတွေ မပါဘူး။ ကျွန်တော့်အသိတစ်ယောက် အကြောင်းပြောပြချင်တယ်။ သူကဘွဲ့ရပါ။ ကျွန်တော့်ထက်တော့ အသက်အများကြီးကြီးတယ် ..... သူတို့တွေက အရေးခင်ကာလမှာ ကျောင်းနားလိုက်ရတာတွေ မနည်းဘူးဆိုတော့ ဘွဲ့လည်းရရော အသက်က တော်တော်ကြီးနေကြပြီ .. ၂၄-၂၅ လောက် ရှိနေပြီ။ သူလည်းဒီလိုပဲ ... Experience လိုချင်တယ်ဆိုပြီး ကုမ္ပဏီမှာ ၀င်လုပ်တာ .... ၇နှစ်လောက်ရှိတယ် .. လစာက ခြောက်လကို ၅၀၀၀၊ ၁၀၀၀၀ လောက်တော့တိုးပါရဲ့ဗျာ .... နောက်ဆုံး အဲ့ဒီ ကုမ္ပဏီကနေလည်းထွက်ရော အသက်က ၃၂ နှစ်ရှိနေပြီ .... တစ်ခြား ဘယ်နေရာမှ အလုပ်လျှောက်ဖို့လည်း အဆင်မပြေတော့ဘူး။ အသက်က ကြီးသွားပြီကို သူရခဲ့တဲ့ ၇ နှစ်တာ experience က သူ့ကို ဘာမှမကူညီနိုင်တော့ဘူး။ နောက်ဆုံးတော့ ကိုယ်ပိုင်အလုပ်လုပ်ဖို့ ဆုံးဖြတ်ပြီး အိမ်မှာ ဓါတ်ပုံဆိုင်ဖွင့်ထားတယ်လေ။ ဒါပါပဲ .. ရည်မှန်းချက်နဲ့ နှမ်းထွက်က တစ်ခြားစီ ... ဒါက အားလုံးကို ရည်ညွန်းတာမဟုတ်ဘူးနော် ... ယေဘူယျ ကိုပြောတာ။ ကျွန်တော် ပြောချင်တာက .. Experience ကိုမက်ပြီး .. ကိုယ့်ဘ၀ကို မနှစ်မြှုပ်သွားစေနဲ့။ ကိုယ်က အသိရှိဖို့လိုတယ် .... အဲ့ဒီ Experience က ကိုယ့်အတွက် ရေရှည်မှာ အထောက်အကူပြုနိုင်သလားဆိုတာကို သိထားရမယ်။ တစ်နေရာမှာ .. Experience အများကြီးမယူပါနဲ့ ... ကိုယ် Experience ယူနေတဲ့နေရာဟာ ကိုယ့်ဘ၀တိုးတက်ဖို့အတွက် အထောက်အကူဖြစ်သလားဆိုတာကိုလည်း စမ်းစစ်ကြည့်ရမယ်။ Experience ဆိုတာ တစ်ခြားနေရာမှာလဲ ယူလို့ရပါတယ်။ ဒါကြောင့် ကိုယ့်ဘ၀တိုးတက်ဖို့အထောက်အကူမဖြစ်တဲ့ နေရာမှာ အကြာကြီးနှစ်မြှုပ်မနေပါနဲ့။ နေရာလေးပြောင်းကြည့်ပါ .... ဆိုရိုးလေးတောင်ရှိပါတယ် .. “တစ်ရွာ မပြောင်း သူကောင်းမဖြစ်တဲ့” .. လူတိုင်းကို အလုပ်ပြောင်းဖို့ တိုက်တွန်းနေတာမဟုတ်ဘူးနော် .. ကိုယ်လက်ရှိအခြေအနေကို ကိုယ်သာအသိဆုံးပါပဲ .... “ ကံ ၊ ဥာဏ် ၊ ၀ိရိယ ” သုံးခုပေါင်းနိုင်မှ တော်ရုံကျမှာလေ .. ဒါကြောင့် လက်ရှိအခြေအနေကို စမ်းစစ်ပါ .. စဉ်းစားဆုံးဖြတ်ပါ ... လုပ်ရေကိုင်ရေ ရှိသူတိုင်း အောင်မြင်ဖို့ လမ်းစတွေ အများကြီးရှိပါတယ် .. တစ်နေရာတည်းမှာပဲ နှစ်မြှုပ်မနေပါနဲ့ .... “မမြင်ဘူး .. မူးမြစ်ထင်” “ရေတွင်းထဲက ဖားသူငယ်”လို အဖြစ်မခံပါနဲ့ ..... သိထားရမှာက Experience က ကိုယ့်ကို အသက်ကြီးသွားစေတယ်ဆိုတာပါပဲ ........ အချိန်ဆိုတာ ပြန်ရယူလို့မရနိုင်တဲ့ အရာပါ။

Read More...

Wednesday, July 25, 2007

စိတ်ညစ်ဖို့ကောင်းလိုက်တဲ့ ဖြစ်ခြင်း

တော်တော့်ကို စိတ်ညစ်ဖို့ကောင်းပါတယ်ဗျာ .. ဘလော့မတင်ဖြစ်တာလည်း တစ်လကျော်နေပြီ .. ကွန်နက်ရှင်က တော်တော်ကို စိတ်ညစ်ဖို့ကောင်းတယ် ..... ဒီနေ့တောင် ရုံးစောစောရောက်လို့ လက်ကမင်းပြီးဝင်လိုက်တာ ရသွားလို့ ..... အိမ်မှာလည်း ကော်နက်ရှင်ကောင်းရင် တင်ဖို့ဆိုပြီးရေးထားတဲ့ပိုစ့်တွေ ၇ ခုလောက်က Harddisk ပျက်လို့ ပါသွားတယ် .. နမျောလိုက်တဲ့ဖြစ်ခြင်း ..... Harddisk ပျက်တယ်ဆိုလို့ ပြောရဦးမယ်ဗျာ .. သူငယ်ချင်းတို့ရေ မြန်မာနိုင်ငံမှာ Computer Sparနparts ၀ယ်တဲ့အခါ ဂရမ်တီပေးတယ်ဆိုရင် ၀ယ်ကတည်းက သေသေချာချာမေးထားပါ .... ကျွန်တော် ကောင်းကောင်းကြီးခံလိုက်ရပြီးပြီဗျ ..


ဒီလို .. ပြီးခဲ့တဲ့လက ကွန်ပျူတာရောင်းတဲ့ ဆိုင်ကြီးတစ်ဆိုင်မှာ Seagate တံဆိပ် IDE 80GB Harddisk တစ်လုံးဝယ်လိုက်တယ်ဗျာ။ ဂရမ်တီက ၂ နှစ်ပေးတယ်။ ကျွန်တော်လည်း အမှတ်တမဲ့မို့ အသေးစိတ်မမေးမိလိုက်ဘူး။ ၀ယ်ပြီးတော့ ကျွန်တော့်အိမ်ကစက်မှာ Slave အနေနဲ့သုံးလိုက်တယ် .. လက်ရှိသုံးနေတဲ့ 40 GB ကို 1/2 ခွဲပြီး Window တင်ထားလိုက်တယ်။ တစ်ချို့အရေးကြီးတဲ့ဖိုင်တွေကို HD အသစ်ပေါ်ရွှေ့ထားမိလိုက်တယ်ဗျာ။ အဲ့ဒီလိုသုံးနေတာအကောင်း .. တစ်လတင်းတင်းပြည့်တဲ့နေ့ တစ်ကယ့်တစ်လကွက်တိပဲ .... စက်ကသုံးနေရင်းက Auto Restart ဖြစ်သွားတယ်ဗျာ . ပြီးတော့ စက်မတက်တော့ဘူး .... အစကတော့ window ဖြစ်တာပဲထင်ပြီး recover လုပ်ဖို့ကြိုးစားကြည့်တယ် .. နောက်မှ သတိထားမိလိုက်တယ် စက်က Slave ကို လုံးဝမသိတော့ဘူးဗျ .... အဲ့ဒါနဲ့ အဲ့ဒီ HD ကိုဖြုတ်ပြီး စက်ပြန်ဖွင့်လိုက်တော့ window တက်လာတယ် .. ဒါနဲ့ပဲ ကျွန်တော်လည်း ဂရမ်တီကဒ်နဲ့ ဆိုင်ကိုပြေးရတော့တာပေါ့ဗျာ .. ဆိုင်ရောက်တော့ သူတို့က ဟိုစစ်ဒီစစ်နဲ့ပဲပေါ့ .. ပြီးတော့မှကျွန်တော့်ကိုပြောတယ် ...
“အကို .. အကို့ HD က လောင်သွားပြီဗျာ့ မရတော့ဘူး”တဲ့ ....
“ဟာ .. ဒုက္ခပဲ .. ငါ့ အရေးကြီးတဲ့ Data တွေ အများကြီးပဲဟ .... ဒါဆိုရင် ငါ့ကို မင်းတို့ ၂နှစ် ဂရမ်တီပေးထားတာ ဘယ်လိုလုပ်ပေးမလဲ ...”လို့မေးလိုက်တော့ ဘာပြောတယ်ထင်လဲ ..
“အကို HD ကလောင်သွားတော့ ဘာမှလုပ်ပေးလို့မရဘူး .. ကျွန်တော်တို့ ဂရမ်တီပေးတဲ့ထဲမှာ လောင်တာမပါဘူး ..”တဲ့ဗျာ ... သေရော .. ဘယ်လိုလုပ်ကြမလဲ ... ငွေ ၆၅၀၀၀ ကို တစ်လပဲခံတယ် .. ပြီးတော့ အထဲမှာလည်း အရေးကြီးတဲ့ Data တွေ .... ကျွန်တော်လည်း မကျေနပ်လို့ပြန်မေးတာပေါ့ ....
“ညီလေး .. ငါ့စက့်မှာက ဒီ HD ကို Slave အနေနဲ့သုံးတာ .... လောင်စရာရှိရင် .. ငါ Master သုံးတဲ့အလုံးကော ထိမှာပေါ့ .. ခုဟာက ငါ့စက်မှာ တစ်ခြားဘာမှ ထိခိုက်တာမရှိဘဲ .. မင်းတို့ဆီဝယ်တဲ့ HD ပဲကွက်လောက်သွားတာလေ .. ငါ့ဝယ်တာမှ တစ်လပဲရှိသေးတယ် .. မင်းတို့ တစ်ခုခုတော့လုပ်ပေးသင့်တယ်ကွာ ....”လို့ပြောလိုက်တော့ ..
“အကို့အနေနဲ့ကြည့်ရင်လည်း မှန်ပါတယ် . ကျွန်တ်ာတို့ကလည်း Service ပိုင်းကဖြစ်နေတော့ ဒါတွေကို ဆုံးဖြတ်ပေးလို့မရဘူး ... ဒီလိုလုပ်ပါလား အကိုမန်နေဂျာနဲ့ နက်ဖြန်ကျရင်လာတွေ့ကြည့်ပါလား ... သူဘယ်လိုလုပ်ပေးမလဲဆိုတာကို အကိုတစ်ခါတည်းသိနိုင်တာပေါ့ .. ပြီးတော့ ဒီလိုကိစ္စတွေက အကိုတစ်ယောက်တည်းဖြစ်တာမဟုတ်ဘူး .... လူတိုင်းနီးပါးဖြစ်နေကြတာပဲ .. ကျွန်တော်တို့လည်း စကားပြောရလွန်းလို့ ဂရမ်တီကဒ်မှာ တစ်ခါတည်း ရိုက်ထားတာ ”တဲ့ .. ဘယ်လိုလုပ်ကြမလဲ ... ကျွန်တော်လည်း စကားတွေအများကြီးမပြောချင်တော့ဘူး ... ထပ်ပြောရင် ပြဿနာပဲတက်တော့မှာ .. ဒါကြောင့် ကိုယ့်ကံနဲ့ကိုယ် ရှိပါစေတော့လေ ဆိုပြီး စိတ်လျော့လိုက်တယ် .... သူတို့ပြောတဲ့စကားကို ပြန်စဉ်းစားကြည့်ဦး သူတို့ဆိုင်မှာ ၀ယ်နေတဲ့သူတွေ လူတိုင်းနီးပါးဖြစ်နေတာတဲ့ .. ဒါဆိုရင် ရှင်းနေတာပဲ သူတို့ဆိုင်က အရေအသွေးမကောင်းတဲ့ ပစ္စည်းတွေကို ရောင်းနေတယ်ဆိုတာ သူ့ကိုယ်သူဝန်ခံနေတာပဲ .... HD တစ်လုံးပျက်ဖို့ဆိုတာ တစ်ကယ်မလွယ်တဲ့ကိစ္စဗျာ့ .... အိမ်မှာ သုံးနေတဲ့ PIII အဟောင်းကဆိုရင် နှစ်ပေါင်းမနည်းတော့ဘူး .. ခုချိန်ထိဘာမှမဖြစ်ဘူး .. ခုဟာက UBS လည်းခံသုံးထားပါရက်နဲ့ ဖြစ်တာဆိုတော့ တော်တော့ကို စဉ်းစားစရာပဲဗျာ ... ဒါကြောင့် ကွန်ပျူတာအပိုပစ္စည်းဝယ်ရင် သေသေချာချာ မေးမြန်းပြိးဝယ်ကြပါလို့ ... သူငယ်ချင်းအားလုံးကို သတိပေးချင်ပါတယ် .... ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူဟာ .. ကွန်ပျူတာတစ်ခုခုဖြစ်ရင် ဆုံးရှူံးနစ်နာမှုတွေ မနည်းပါဘူး .. ဒါကြောင့် အစစအရာရာ သတိထားမှ တော်ရုံကျမှာ .. ခုဆိုရင် ဈေးကွက်ထဲမှာ အရေအသွေးမကောင်းတဲ့ ပစ္စည်းတွေ မနည်းဘူး ... သတိထားပြီး သေချာမေးမြန်းပြီးဝယ်မှ ဖြစ်မှာ ... ကျွန်တော်တောင် ဆိုင်ကြီးပဲဆိုပြီးတော့ တစ်ချက် သတိလက်လွတ်ဖြစ်သွားတယ်။ အများကြီး ဆုံးရှူံးခဲ့ရတယ် .....

Read More...

Tuesday, May 29, 2007

တို့မြန်မာနိုင်ငံကြီးတိုးတက်လာတာ အမှန်ပါ

အလုပ်မအားလို့ မတင်ဖြစ်ဘူး ... သူငယ်ချင်းတို့ရေ ... ဆေားရီးပါ .. ခုဟာက တင်ချင်လွန်းလို့ အချိန်လုပြီးတင်လိုက်တာ ....
တို့မြန်မာနိုင်ငံကြီး အမှန်တကယ်တိုးတက်လာတာကို ဒီနေ့မနက် ကြုံကြိုက်လိုက်တဲ့ အကြောင်းအရာတစ်ခုကြောင့် အသိအမှတ်ပြုလိုက်ပါပြီ။ ဒီလိုပါ ..... ဒီနေ့မနက်စောစော ရုံးရောက်လို့ အရှေ့မှာ သူငယ်ချင်းနဲ့စကားပြောနေတုန်း ... ပစ္စည်းဟောင်းဝယ်တဲ့ ကုလားတစ်ယောက် လှည်းနဲ့ရောက်လာတယ် ..

လှည်းထဲမှာလဲ သူဝယ်ထားတဲ့ပစ္စည်း အစုံထည့်ထားတယ် ... ပါစပ်ကလည်း အာဗြဲနဲ့အော်သေးတယ် .. သူအော်တဲ့ အသံကိုကြားပြီးတော့မှ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးအမှန်တကယ်တိုးတက်လာပြီဆိုတာ သိလိုက်ရတယ်ဗျာ .... အော်ပုံက ဒီလို ...

“သံဝယ်တယ်၊ ကြေးဝယ်တယ်၊ ပလပ်စတစ်ဝယ်တယ်၊ ဘတ်ထရီအိုးပျက်တွေ ဈေးကောင်းပေးဝယ်တယ် ....... ကက်ဆက်အစုတ်တွေ၊ တီဗွီအစုတ်တွေ၊ မိန်းတုံးတွေ၊ အင်ဗာတာတွေဝယ်တယ် ..... ပန်ကာအစုတ်အပျက်တွေ .. အဲယားကွန်းအစုတ်တွေဝယ်တယ် ..... အမ်ပီဖိုး .... အမ်ပီဒရီးတွေ .... တီဗွီတီတွေ .. ဗွီစီတီတွေ ဈေးကောင်းပေးဝယ်တယ် ....... ” တဲ့ဗျာ
..... တော်တော်တိုးတက်လာတယ် .... ကိုယ်တောင် အမ်ပီဖိုး မ၀ယ်နိုင်သေးဘူး ...

Read More...