Thursday, March 1, 2007

ရွှေဧည့်သည် VS ရွှေပိုက်ပူ

လောကကြီးရေ .. မင်္ဂလာပါ .. မနေ့က ထူးထူးဆန်းဆန်း ..... ကျွန်တော်နေတဲ့ ရပ်ကွက်မှာ နံနက် ၉ နာရီလောက်အထိ မြူတွေ ဝေနေတယ်ဗျာ။ အရမ်းကိုနေလို့ကောင်းတယ်။ အဲ့ဒီလို အခြေအနေမျိုး မကြုံရတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ပြီးတော့ ဒီနေ့က အခြားနေ့တွေထက်ပိုပြီးတက်ကြွနေတယ်လေ။ သိတယ်မလား .... လကုန်ရက်။ ဟီး ... လစာထုတ်ရမယ့်နေ့ဆိုတော့ လူက မြောက်ကြွမြောက်ကြွနဲ့ပေါ့။ လေသံလည်း နည်းနည်း မာလာသလိုပဲ ;) ။ ဒီလိုနေ့တွေမှာ ရုံးကလူတွေအားလုံးလိုလို ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွဖြစ်နေတတ်တာကို သတိထားမိတယ်။ အလုပ်လုပ်ရတာကိုက တခြားနေ့တွေနဲ့ မတူသလိုဘဲ။ ဒီလိုပဲပေါ့ဗျာ .. ကျွန်တော်တို့ လက်လုပ်လက်စားသမားတွေ ဒါလေးကိုပဲ မျှော်နေမိတာပေါ့။ ပြီးတော့ ဒီနေ့လစာထုတ်ပြီးရင် နက်ဖြန်လစာကို ပြန်မျှော်နေတတ်တာလည်း ကျွန်တော်တို့ အကျင့်တစ်ခုပဲမဟုတ်လား .. မဟုတ်ရင် စိတ်မဆိုးနဲ့နော်... ကိုယ့်ကိုကိုယ်ပြောရမှာ အားငယ်လို့ အဖော်ခေါ်လိုက်တာ .. :D ..။ ဒါနဲ့ပဲ ..ညနေကျတော့ လစာထုတ်ရတာပ။ အင်.. လူဆိုတဲ့အမျိုးက အကောင်းကြိုက်လေ။ လက်ထဲ ပိုက်ဆံလေးရှိရင် ဘာမဆို အကောင်းပဲသုံးချင်ကြတာ။ အကောင်းပဲလိုချင်ကြတာ။ ကျွန်တော်လည်း ဒီလိုပဲ ..... ဒီနေ့တော့ မစီးစဘူး .... ရွှေဧည့်သည် ကားကို စောင့်စီးမယ်လို့ စိတ်ပိုင်ဖြတ်မိတယ်။ ဒီလိုနဲ့ ရုံးဆင်းတော့ မှတ်တိုင်မှာ မတ်မတ် မတ်မတ်နဲ့ လားစမ်းဟဲ့ .. ဒီနေ့တော့ ရွှေဧည့်သည် ကိုစီးပစ်မယ် လို့ စိတ်ထဲက ကြုံးဝါထားတယ်။ ၅ မိနစ်လောက်ကြာတော့ ထိုးထိုးထောင်ထောင်နဲ့ လာပါလေရော ။ မှတ်တိုင်ရောက်တော့ တက်မလို့လုပ်တာ .. ကိုယ်ရှေ့က လူနှစ်ယောက်အရင် တက်သွားတယ်။ ကိုယ်တက်ဖို့အလှည့်လည်းရောက်ရော ...... စပယ်ယာက .. “အကို ... မရတော့ဘူး .. လူပြည့်သွားပြီ” ဆိုပြီးတော့ ပြောပြီး တားတယ်။ ကျွန်တော်လည်း “အမ်.. သြော် .. ဟုတ်လား”ဆိုပြီး နောက်ပြန်လှည့်ရတော့တာပေါ့။ သူက ပြန်ပြောတယ်. “အကို နောက်ကားက ၁၅ မိနစ်လောက်ဆိုရင် ရောက်မယ်”တဲ့။ ကျွန်တော်လည်း သြော် .. စောင့်လက်စနဲ့ မထူးပါဘူး .. ဆိုပြီစောင့်နေတာ .. မိနစ် ၂၀ လောက်သာ ကြာသွားတယ်.. ရွှေဧည့်သည် က ပေါ်မလားဘူး။ ဒါနဲ့ နာရီကြည့်လိုက်တော့ ၆ နာရီ ၁၅ မိနစ်။ ဒီနေ့ လစာထုတ်ရက်ဆိုတော့ ... ရုံးက နာရီဝက်လောက် နောက်ကျပြီးမှ ထွက်လာတာ။ အခုကားစောင့်တာနဲ့ ၆နာရီကျော်သွားပြီ။ ဒီလိုနဲ့ပဲ .. နောက်ထပ် ၁၀ မိနစ်လောက် စောင့်မိတယ်။ ...... ဟော .. လာပြီဗျာ ...... ရွှေဧည့်သည်ကြီး .... အရောင်က ဟီးနေတာပဲ ..... ......။ မှတ်တိုက်ရောက်တော့ တကောင်းသားက ... ရပ်တောင်မရပ်ဘူး ..... ကားပေါ်ကြည့်လိုက်တော့ လူအပြည့် ... အား ........။ ဒုတ်ခေါးပဲ .... စီးမယ်ဆိုကာမ ...... စီးခွင့်မကြုံ .. ခါတိုင်ကျတော့ မမြင်ချင်တဲ့အဆုံး။ သြော် .. လူဘ၀ .. လိုတာမရ .. ရတာမလို...။ အနိစ္စ .. ဒုက္ခ ... အနတ္တ။ ရွှေဧည့်သည်စောင့်ရင်း ... တရားတောင် ပေါက်ချင်လာပြီ။ မထူးတော့ပါဘူး .. ကြုံရာကားနဲ့ပဲလိုက်တော့မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ဒါနဲ့နောက် ၅ မိနစ်လောက်ကျတော့ ပိုက်ပူကြီး .... မှတ်တိုင်ကို ကျွိခနဲ .. ရောက်လာတယ်။ လူသိပ်မပါဘူး။ ထိုင်ခုံနေရာတွေ လွတ်နေတယ်။ အင်း .. မထူပါဘူး .. ဆိုပြီး ... ပိုက်ပူပေါ်ပဲ တက်လိုက်တော့တယ်။ ထိုင်ခံနေရာရတာ မဆိုးပါဘူး။ ဒီလိုနဲ့ ထိုင်ပြီးလိုက်လာတာပေါ့ ..... ကားစပယ်ရာက ကားခတောင်းတော့ ၁၀၀ တန်ထုတ်ပေးလိုက်တယ်။ ငါဒီနေ့ လစာထုတ်တာ ..... ၁၀၀ ပေးလိုက်တော့ မယ်... အမ်းချင်အမ်း မအမ်းချင်နေဆိုပြီးထုတ်ပေးလိုက်တာ။ စပယ်ယာက ပြူးကြည့်ပြီး “အကို နောက် ၅၀ ထပ်ပေးပါ” ... “ဟေး ..... ဘာလို့လဲကွ .... ဘယ်လိုဖြစ်လို့ ၁၅၀ တောင်ယူတာလဲ” လို့မေးတော့ .. “အကိုတွေ့တဲ့အတိုင်းပဲလေ .. ကျွန်တော်တို့ကားမှာ လူမှမပါတာ ... ပြီးတော့ ၇နာရီထိုးတော့မယ်လေ။ ကျွန်တော်တို့က အောက်စိုက်ကားဗျ။ လိုင်းကားမဟုတ်ဘူး” ... “အမ်.... ” .. ကျွန်တော် ပြန်ဆင်းမလို့စဉ်းစားမိလိုက်တယ်။ မပေးနိုင်လို့မဟုတ်ဘူးဗျ... ဒီကောင်တွေ လူပါးဝလို့ .. ဒါပေမယ့် ... ကိုယ်ကကားပေါ်မှရောက်နေပြီ .. ဆင်းပြီးတစ်ခြားကားစောင့်ရင်လည်း အနည်းဆုံးတော့ ၁၀ မိနစ် ၁၅ မိနစ်လောက်ကြာဦးမှာ .. မထူးပါဘူးဆိုပြီး .. ၅၀တန်ထုတ်ပေးလိုက်တယ်။ ဒါပေမယ့် ကျွန်တော်ဆင်းခါနီး ကားစပယ်ယာကို တစ်ခုတော့ လှမ်းပြောလိုက်တယ်..... “အကို .. အကို့ကားကိုလေ .. နောက်နေ့ကျရင် ဆိုင်းဘုတ်ပြောင်းတပ်လိုက်ပါလား” .. “အမ်.. ဘာဆိုင်းဘုတ်လဲ ...??? ” ..ကျွန်တော်ပြောပြီး ကားပေါ်ကဆင်းလိုက်တယ်. .... “ရွှေပိုက်ပူ” အဲ့ဒီတော့မှ စပယ်ယာက စပ်ဖြီးဖြီးနဲ့ .. “အဟီး ... ကောင်းသားပဲ .... မဆိုးဘူး”လို့လှမ်းပြောသေးတယ် ...... ဒီလိုနဲ့ ရင်နာနာနဲ့ ပိုက်ပူကို ၁၅၀ ပေးစီးခဲ့ရတယ်လေ ................................ တွတ်ပီလိုပဲ အော်လိုက်ချင်တော့တယ်....
“ဒီနေ့ကံမကောင်းပါလား !!!! ”

0 comments: