Thursday, March 8, 2007

တစ်ခါတုန်းက ( ၁ )

ကျွန်တော်ဒီနေ့ ဘာဖြစ်မှန်းမသိဘူး ကျောင်းသားဘ၀မှာ ပျော်ခဲ့တာတွေကို ပြန်ပြီသတိရနေတယ်။ အဲ့ဒီထဲမှာမှ ရင်ထဲက မှတ်မှတ်ရရ အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်တယ်။ ဟိုး ....... ကျွန်တော် ၉ တန်းကျောင်းသား ဘ၀တုန်းက နယ်ကျောင်းတစ်ကျောင်းမှာ တက်ခဲ့ရပါတယ်။ အ.ထ.က - ၆ မှာ တက်ခဲ့ရတယ်။ အိမ်နဲ့လည်း သိပ်မဝေးလှဘူး။ လမ်းလျှောက်သွားရင် မိနစ် ၂၀ လောက်ဆိုရင်ရောက်ပြီ။ အထက်တန်း ကျောင်းသား ပေါက်စဆိုတော့ အပျော်အပါးအရမ်းမှတ်ခဲ့တယ်။ ဒါပေမယ့် စာကိုတော့ ပိုပြီးကြိုးစားရတယ်။ ဘာသာရပ်တွေက များလာပြီကိုး ......
အဖြစ်အပျက်က ဒီလိုပါ ... ကျွန်တော်တို့ကျောင်းကနေပြီး ကထိန်ခင်းဖို့ အစီအစဉ်ကနေစတာပါ။ ကထိန်မခင်းခင် ၃ လလောက် ကတည်းက အခန်းထဲမှာ ကထိန်ကြေးကို နေ့စဉ်ထည့်ရပါတယ်။ တစ်ရက်ကို ၁၀ ကျပ် နေ့စဉ် ထည့်ရပါတယ်။ ကျောင်းသားဘ၀တုန်းကဆိုရင် အဲ့ဒီလို ပွဲတွေရှိရင် အရမ်းပျော်ကြတာ။ စီလည်းအရမ်းစီတာကိုး။ ကထိန်ပွဲ၊ ဆရာကန်တော့ပွဲ စသည့်ဖြင့်ပေါ့ဗျာ။ ကထိန်ပွဲကျတော့ ကျောင်းမှာ တစ်ခန်းနဲ့ တစ်ခန်း၊ တစ်တန်းနဲ့ တစ်တန်း အပြိုင်လုပ်ကြတာ။ ပိုက်ဆံပဒေသာပင်အဖြစ် အရုပ်ကြီးတွေလုပ်ပြီး ပြိုင်ကြတာ။ ကျောင်းကနေလည်း တစ်နှစ်ကိုတစ်ခေါက် အလှဆုံး ပဒေသာပင် အရုပ်ကိုရွေးပြီး ဆုချပါတယ်။ အဲ့ဒါကြောင့် ကျောင်းသားတွေဟာ သူ့ထက်ငါအပြိုင် ပဒေသာပင်ကို အလှပဆုံးနဲ့ ဆန်းပြားတဲ့ အရုပ်ကြီးတွေ ပြုလုပ်ပြီး ဘုန်းကြီးကျောင်းကို လှူဖို့ပြင်ဆင်ကြတာပေါ့။ ဒီလိုချစ်စရာကောင်းလှတဲ့ ဓလေ့လေးကို အခုချိန်ထိ အမှတ်ရနေတုန်းပဲ။ အဲ့ဒီတုန်းက မှတ်မှတ်ရရ ကျွန်တော်တို့အခန်းက နဂါးရုပ်ကြီး ပြုလုပ်ဖို့အကြံရပါတယ်။ ကျွန်တော်ဟာ အဲ့ဒီတုန်းက အခန်းထဲမှာ အရုပ်ပြုလုပ်ဖို့အတွက် ခေါင်းဆောင်နေရာကနေ ပါဝင်လှုပ်ရှား ရပါတယ်။ အရုပ်ပြုပ်လုပ်နေတဲ့အချိန်တွေမှာဆိုရင် အခန်းထဲမှာ နေစရာမလိုဘူး။ တခြားအသင်းဝင် သူငယ်ချင်းတွေနဲ့ လိုအပ်တာတွေကို စီစဉ်။ ၀ယ်ချန်းရမယ့် ပစ္စည်းတွေကိုလည်း ဈေးကို ပြေးပြီးဝယ်။ အရမ်းကိုပျော်ဖို့ကောင်းတဲ့ အချိန်လေးပေါ့ဗျာ။ နဂါးရုပ်ကြီးပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ၀ါပိုးဝါးကိုလည်း သူငယ်ချင်းတွေနဲ့အတူ တောင်ပေါ်တက်ပြီးတော့ခုတ်ကြ။ အဲ ... အဲ့ဒီမှာ ပြဿနာတက်သေးတယ်ဗျ။ ကျွန်တော်တို့က တောင်ပေါ်တက်သွားတာ့ သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“ငါ့ဦးလေးခြံနားလေးမှာ ၀ါးရုံကြီးရှိတယ်ကွ .. ငါတို့အဲ့ဒီမှာသွားခုတ်ရင် ၀ယ်စရာမလိုတော့ဘူးပေါ့”
“အေး .. ဒါဆိုလည်း အဲ့ဒီကိုသွားကြတာပေါ့ကွာ... ငါတို့လုပ်မယ့် အရုပ်ကြီးက ၀ါးအများကြီးကုန်မှာကွ။ အနည်းဆုံး ၀ါပိုးကြီ ၅ လုံးလောက်လိုမှာ.. ဒီလိုဆိုရင်ငါတို့ ဘုန်းကြီးကျောင်းလှူမယ့် ပိုက်ဆံပိုထွက်လာတာပေါ့ကွာ”ဆိုပြီး သူငယ်ချင်းတွေ တစ်ပျော်တစ်ပါးနဲ့ တောင်ပေါ်ကိုချီတက်ခဲ့ကြတယ်။ တောင်ပေါ်မှာရောက်တော့ ရွာလေးတစ်ရွာကို ရောက်တယ်။ ရွာကြီးလို့ပြောလို့ရမယ်ထင်တယ်။ အိမ်ခြေ တော်တော်များတယ်။ ပြီတော့ အိမ်တွေကလည်း အိမ်ကောင်းတွေများတယ်။ အများစုက လယ်သမားတွေ ဆိုတာသိရတယ်။ တောင်ပေါ်ရောက်တော့ သူ့ဦးလေးကအိမ်မှာမရှိဘူး။ ခရီးထွက်သွားတယ်ဆိုတဲ့အတွက် သူပြောတဲ့ ၀ါရုံတောကို ချီတက်ခဲ့တယ်။ ၀ါရုံတောကိုရောက်တော့ ၀ါးပင်ကြီးကို ခုတ်ဖို့ ပြင်ဆင်ကြတယ်။ ၀ါပိုးဝါးခုတ်တာ အမြင်ကတော့ လွယ်ပေမယ့် တစ်ကယ်တမ်းကျတော့ မလွယ်လှဘူးဗျ။ ၀ါးပိုးတစ်ပင်ကို ပေ၂၀ ၊ ၂၅ လောက်ရှိတာ။ အချင်းလုံးပတ်က ပျှမ်းမျှ တစ်ပေလောက်ရှိတယ်။ အရမ်းကိုလေးတာ။ ပြီးတော့ ၀ါးကိုခုတ်ရတာဟာ တစ်ခြားအပင်တွေခုတ်ရတာနဲ့မတူဘူး။ သူ့အပြင်သားက ချောနေတော့ အရမ်းထက်တဲ့ ဓါးနဲ့မှခုတ်လို့ရတာ။ ပြီးတော့ ခုတ်နေရင်းကိုယ်ဘက်ကိုကျမလာအောင် ကြိုးတွေနဲ့ဆွဲထားရသေးတယ်။ အဲ့ဒီ ၀ါရုံတောနားမှ မြေကွက်လပ်က နည်းနည်းကျယ်လို့တော်သေးတယ်။ အိမ်တွေနဲ့နီးရင်တော့ ခုတ်ဖို့ မလွယ်ကူဘူး။ ဒီလိုနဲ့ သူငယ်ချင်းတွေ အင်တိုက်အားတိုက်နဲ့ ခုတ်လိုက်ကြတာ ခုတ်နေကျမဟုတ်တော့ စုစုပေါင်း ၅ ပင်ကို ၂ နာရီလောက်ကြာသွားတယ်။ ခုတ်ပြီးသားဝါးပင်တွေကို အရွက်တွေသပ် လုံးချောဖြစ်အောင် လုပ်ပြီး။ ၃ ယောက် ၂ လုံးနှုန်းနဲ့ထမ်းပြီးပြန်ကြမယ်လို့ ဆုံးဖြတ်ကြတယ်။ လွယ်တော့ မလွယ်ကူလှဘူးဗျ။ ပေ၂၀လောက်ရှည်တဲ့ ၀ါးပိုးကြီး၂လုံးကို လူသုံးယောက်ထမ်း ..... ကားလမ်းပေါ်မှာ ကန့်လန့် ကန့်လန့် ကိုးရို့ကားယားနဲ့။ တစ်ဖွဲ့ကိုတစ်ဖွဲ့ကြည့်ပြီး ရီလိုက်ကြတာ ပျော်ဖို့ကောင်းလိုက်တာ။ ၀ါးလုံးကြီးက အရမ်းလေးတာဗျ။ ဒီလိုနဲ့ ထမ်းလိုက် နားလိုက် .. နားလိုက်ထမ်းလိုက်နဲ့ ကျောင်းကိုချီတက်ကြတာ။ ကျောင်းနဲ့ တောင်ပေါ်နဲ့က ၃ မိုင်လောက်ရှိတယ်။ လူကိုစုတ်ပြတ်သတ်သွားတာပဲ .... သူငယ်ချင်းတွေ မုန့်ဆိုင်လေး တစ်ခုတွေ့ရင် တစ်ယောက်က တစ်မျိုးဝယ်ကျွေးလိုက်။ အအေးဆိုင်ရောက်ရင် အအေးထုပ်တွေ ပြေဆွဲလိုက်နဲ့ အရမ်းကိုပျော်စရာကောင်းတယ်။ ဒီလိုပျော်ပျော်ပါးပါးနဲ့ပဲ ကျွန်တော်တို့အုပ်စု ကျောင်းကို အောင်မြင်စွာနဲ့ရောက် ရှိခဲ့တယ်။ ကျောင်းရောက်တော့ အတန်းပိုင်ဆရာမက ကျွန်တော်တို့ကို ကြည့်ပြီး ......
“ဟာ..... လူတွေလည်း စုတ်ပြတ်သတ်လို့ပါလား .. အောင်မြတ်လေး .. နင်တို့မိဘတွေ ဒီပုံအတိုင်းနင်တို့ကို တွေ့လို့ကတော့ ငါကတော့ ခေါင်းကျိန်းမှာပဲ၊ ၀ယ်လိုက်ပါဆို မ၀ယ်ဘူး”ဆိုပြီး ဂရုနာဒေါနနဲ့ဆူပါတယ်။ ကျွန်တော်တို့က “ဆရာမ.... ဒီဝါးပိုးကြီးတွေက ၀ယ်လို့မရဘူး (အမှန်တကယ်လည်းဝယ်ဖို့မလွယ်ကူလှပါ)၊ ၀ယ်လို့ရတယ်ထားဦး ကိုယ်လိုချင်တဲ့ အရွယ်အစားကလည် ရချင်မှရတာ။ အခုဆိုရင် ... ပဒေသာပင်တီဖို့ ပိုက်ဆံတွေပိုထွက်လာတယ်။ ကိုယ်လိုချင်တဲ့ ၀ါးလုံးအရွယ်အစားကိုလည်းရတယ်။ ကျွန်တော်တို့လည်း ကုသိုလ်ပိုရတာပေါ့ ..... ဆရာမ။ “အေးကွယ်..... ဆရာမက မင်းတို့ ပင်ပန်းတာ မကြည့်ရက်လို့ပါ .. ပြီးရင် အိမ်ကလူကြီးတွေတွေ့ရင် တစ်မျိုးထင်နေမှာစိုးလို့ပါ ... သာဓုကွယ်.. သာဓု .. သာဓု .. ” အတွေးကိုယ်စီနဲ့ ခဏတာ ငြိမ်နေလိုက်ကြတယ်။ ဘယ်သူတွေ ဘာတွေတွေးနေလဲဆိုတာတော့ ကာယကံရှင်ပဲသိမှာပေါ ..... xxxxxxxxx
(ဆက်ဦးမယ် ........ )

0 comments: