Thursday, March 22, 2007

တစ်ခါတုန်းက ( ၁. ၂ )

သူငယ်ချင်းတို့ရေ ခုတစ်လော အလုပ်တွေ အရမ်းရှုပ်နေလို့ ပိုစ့်တွေတောင်မတင်ဖြစ်ဘူး။ ဆောရီးဗျာ ……

တစ်ခါတုန်းက (၁) ကိုပြန်ဆက်မယ်.. (၁.၂) ပေါ့ .

ဒီလိုနဲ့ ကျွန်တော်တို့ဟာ ပဒေသာပင်ရုပ်လုပ်ဖို့အတွက် ၀ါးတွေအသင့်ရခဲ့တယ်။ နောက်တစ်နေ့ကျတော့ အရုပ်လုပ်ဖို့ တိုင်ပင်ကြတာပေါ့။ ပန်ချီဆွဲတတ်တဲ့ကျောင်းသားတွေစုပြီး အရုပ်ချိုးဖို့တိုင်ပင်ခဲ့ကြတယ်။ တစ်ယောက်တစ်ပေါက်နဲ့ နဂါးရုပ်လုပ်ဖို့ ပုံစံအကြမ်းပြီးသွားရော။ ဦးခေါင်းနဲ့ အမြီးပိုင်းကို ပုံဆွဲပြီး ကိုယ်ထည်ကို ပိုက်ဆံနဲ့ခေါက်ပြီး ပုံဖော်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ အဓိက လိုတဲ့ပစ္စည်း နောက်တစ်မျိုးက ပိုက်ဆံအသစ်တွေပေါ့။ ကျွန်တော်တို့မှာစုထားတဲ့ပိုက်ဆံတွေက အမျိုးအစားအစုံ။ ဒီတော့ ဘဏ်မှာ ငွေအသစ်သွားလှဲဖို့ လိုအပ်ပြီပေါ့။ ဒါနဲ့ပဲ ငွေလဲဖို့အတွက် ဘဏ်ကို ကောင်မလေးတွေလွတ်လိုက်တယ်။ ငွေတစ်ထောင်လဲဖို့အတွက် ဘဏ်စာရေးကို ၁၀၀ ပေးလိုက်ရတယ်ဗျာ။ သူတို့မိုဘုရားလှူမယ့်ငွေတွေ ယူရက်တယ်။ စုစုပေါင်း လဲတဲ့ငွေက ၆၅၀၀၀ ဆိုတော့ ၆၅၀၀ ပေါ့။ အဲ့ဒီတုန်းက တော်တော်စိတ်မကောင်းဖြစ်မိတယ်ဗျ။ နေ့လည်ပိုင်း ထမင်းစားဆင်းပြီးတာနဲ့ ကျွန်တော်တို့တွေ တစ်သိုက် အရုပ်ပုံဖော်ဖို့ ၀ါးတွေကို ခုတ်ပိုင်းအချောကိုင်ကြတယ်။ ပိုက်ဆံခေါက်တဲ့သူတွေကခေါက်၊ ကော်ကပ်တဲ့သူတွကကပ် ဒီလိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တက်ညီလက်ညီနဲ့လုပ်လိုက်ကြတာ ၂ ရက်လောက်ကြတော့ အရုပ်ကြီးလည်းပြီးသွားရော။ ဟဲ .ဟဲ ..ကြွားရဦးမယ် .. အရုပ်ကြီးပြီးကတည်းက ကျောင်းကလူတွေက ကျွန်တော်တို့အခန်းဆုရမယ်လို့ ခန့်မှန်းကြတယ်။ အရမ်းပျော်တာပေါ့ဗျာ။ အရုပ်ကြီးပြီးသွားတဲ့နေ့ညဘက်မှာ ကျွန်တော်တို့ ကျောင်သားတွေ ကျောင်းမှာ ညအိပ်စောင့်ဖို့အတွက် ပြင်ဆင်ရတယ်။ အဲ့ဒီလို လုပ်ရတဲ့အကြောင်းရင်းက ရာဇ၀င်ရှိတယ်ဗျ။ အရင်က ကျောင်းမှာ ပဒေသာပင်တွေထားထားတာကို သူခိုးတွေဝင်ခိုးလို့ ပါသွားဘူးလို့ အခုလို ညအိပ်စောင့်ရတာပါ။ ကျောင်းစာသင်ခန်းဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ လုံခြုံမှုသိပ်မရှိဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်တို့တတွေ ညအိပ်စောင့်ရတာ။ ညနေကျတော့ အိမ်ပြန် ကျောင်းမှာအိပ်ဖို့အတွက် အိမ်ကနေ ပြင်ဆင်ပြီးသွားကြတယ်။ ကျောင်းသားတွေဆိုတာ့ သိတဲ့အတိုင်းပဲ …… ညပိုင်းဆိုရင် သီချင်းလးဘာလေးဆိုရအောင်ဆိုပြီး ဂီတာတွေယူသွားကြတယ်။ ညဘက်ပျင်းရင် ဖဲရိုက်ဖို့အတွက် ဖဲထုပ်တွေယူသွားကြတယ်။ တစ်ချို့ကျတော့လည်း ရေဆာရင်သောက်ဖို့ ဗူးတွေယူသွားကြတယ်။ ဟီး .. ကျွန်တော်မပါဘူးနော်.. :D။ ညဖက်ရောက်တော့ သူငယ်ချင်းတွေစုပြီး သီချင်းဆိုလိုက်၊ ပျော်လိုက်နဲ့ပေါ့ဗျာ။ ဒီလိုနဲ့ ညသန်ခေါင်လောက်ရောက်ရော သူငယ်ချင်းတွေ စကားပြောကြရင်းနဲ့ စကားစပ်မိလို့ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဆုံးသွားတဲ့ အတန်းထဲက သူငယ်ချင်းတစ်ယောက်အကြောင်းကို ပြောမိကြတယ်။ သူငယ်ချင်းက လွန်ခဲ့တဲ့နှစ်ပတ်လောက်က အထက်လှန်အောက်လျှောနဲ့ ဆုံးသွားတာပါ။ ပြောရင်းနဲ့ သူငယ်ချင်းတစ်စု ကြက်သီးတွေတောင်ထတယ်။ ကိုယ့်အတန်းဖော်ဆိုတော့ သတိရတာပေါ့ဗျာ။ ဒီလိုနဲ့သူငယ်ချင်းတစ်စု စကားပြောပဲ တိတ်တစ်ဆိတ်အခိုက်အတန့်လေးဖြစ်သွားတယ်။ စကားစပြတ်သွားတာတဲ့အချိန် အခိုက်အတန့်လေးပေါ့။ အဲ့ဒီအချိန်မှာပဲ …….. ပေါ်ထပ်က ၀ုန်း ... ၀ုန်း .. ၀ုန်း .. ၀ုန်း .. ”ဆိုတဲ့ အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ရုတ်တရက်အပေါ်ကို လှမ်းကြည့်လိုက်တော့ အပေါ်ထပ်ကြမ်းကြီးက နိမ့်ကျလာသလိုပဲ ….. အားလုံး ရုပ်ရုပ်သဲသဲတွေဖြစ်ပြီး ပြေးသူတွေကပြေး၊ ကြောင်ပြီးငေးနေသူကငေး၊ အောက်မှာ လေးဘက်ထောက်ပြီးအော်နေသူကတစ်မျိုး ….. ကျွန်တော်လည်း ရုတ်တရက်မို့ အခန်းအပြင်ဘက်ကို ထွက်ပြေးမိတယ်။ အဲ့ဒီအသံက ၇ စက္ကန့်လောက်ကြာသွားတယ်။ အဲ့ဒီမျာ လူကိုအီစိမ့်သွားတာပဲ။ ဘာဖြစ်မှန်းလည်းမသိ။ အစကတော့ စာသင်ဆောင်ကြီး ပြိုပြီမှတ်တာ။ အဲ့ဒီအချိန်မှာပဲ ကျောင်းစောင့် သရ၀မ်တွေ၊ တာဝန်ကျဆရာတွေ ပြေးလာပြီး “ဘာဖြစ်တာလဲ .. ဘာဖြစ်တာလဲ .. ဟေ့ ” .. လို့အော်ပြီးမေးကြတယ်။

“ မ .. မသိဘူးဆရာ ….အပေါ်ထပ်က ၀ုန်း ၀ုန်း တိုင်းတိုင်း အသံကြားရတာပဲ”

“အပေါ်ထပ်မှာ လူရှိလို့လား ??? ”

“မရှိဘူးဆရာ .. ၁၀ တန်းတွေက သူငယ်တန်းအခန်းတွေမှာ ပစ္စည်းသိမ်းကြလို့ .. အပေါ်ထပ်မှ ဘယ်သူမှမရှိဘူး”

“ဒါဆိုရင် … တက်ကြည့်ကြရအောင်ကွာ” ဆိုပြီး .. အကုန်လုံးအပေါ်ထပ်ကို ချီတက်ကြတယ်။

အပေါ်ထပ်ရောက်တော့ ကျွန်တော်တို့ အခန်းအပေါ်တည့်တည့်ကအခန်း ၁၀ တန်း (ဂ) ကို မှန်တံခါးပေါက်က လှမ်းကြည့်လိုက်တော့ ခုံတွေ အကုန်လုံး ကြမ်းပေါ်မှာ မှောက်လဲနေတာတွေ့၇တယ်။ အခန်းတံခါးကလည်း သော့တန်းလန်းကြီးနဲ့။ ဒါနဲ့ပဲ ဆရာက သရ၀မ်ဆီမှာ သော့တောင်းပြီး တံခါးဖွင့်ဝင်ခဲ့တယ်။ ကျောင်းသား တွေကတော့ တွန့် .. တွန့် .. တွန့် .. တွန့်နဲ့ပေါ့။ စောနက အသံကြီးကို ကြားထားရတာကို။ တစ်ချို့ဆို သေးတောင်ပေါက်ချတယ်။ .. ဟီး .. :D။ သူငယ်ချင်းတစ်ယောက်ပါ။ သူငယ်ချင်းရေ .. မင်းနာမည်ကိုတော့ ငါမရေးတော့ဘူး .. ဟီး …. ဆေားရီးကွာ …။ အခန်းထဲရောက်တော့ အရာအားလုံးက ခုနက သူမဟုတ်တဲ့အတိုင်းပဲ ငြိမ်သက်လို့။

“ဟေ့ကောင်တွေ ငေးမနေနဲ့ .. ခုံတွေပြန်စီကြ” ဆိုပြီး ဆရာကခိုင်းပါလေရော။ ကျောင်းသားတွေ ဘယ်နေနိုင်မလဲ ….. ခုံတွေ ပြန်စီရတော့တာပေါ့။

“ဘာမှမဖြစ်ပါဘူး ….. ဒီအခန်းက ကျောင်းသားတွေ ခုံကို ကောင်းကောင်း မစီခဲ့လို့ လှဲကုန်တာ။ ခုံတွေက အတန်းလိုက်ဆိုတော့ တစ်ခုံလှဲရင် အကုန်လှဲတော့တာပေါ့” လို့ပြောတယ်။ ကျွန်တော် သတိထားမိတာက ခုံကလှဲရင် တစ်တန်းတည်းလှည်းရမှာပေါ့ ဘာဖြစ်လို့ ၃ တန်းလုံး လှဲနေရတာလဲ။ ဒီမေးခွန်းကို ကျွန်တော် မမေးဖြစ်လိုက်ပါ။ စကားစတွေ ရှည်သွားမှာစိုးလို့။ ခုံပဲစီနေလိုက်တယ်။ အခုချိန်ထိ အဲ့ဒီမေးခွန်းက အဖြေမရှိသေးဘူး။ အောက်ပြန်ရောက်တော့ တစ်ယောက်တစ်ပေါက်စီ ပြောကြတာပေါ့။ “ဟေ့ကောင် .. ခုနက ဟိုကောင့်အကြောင်းပြောနေလို့ ငါတို့ကိုများလာခြောက်တာလား ???” ဘယ်သူမှ မဖြေနိုင်ကြ။ အားလုံးတိတ်ဆိတ်လို့ ……….. ဒီလိုနဲ့ ငုတ်တုတ်မိုးလင်းပါလေရော …. မနက်ရောက်တော့ အလုပ်က ရှုပ်ရပြန်ပြီလေ .. ကထိန်ခင်းမယ့်နေ့ … ညကဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ခေါင်းထဲမျာ မထားနိုင်တော့ဘူး။ ……

ဆက်ဦးမည်