Thursday, September 20, 2007

နွေးထွေးသောအပြုံးဖြင့်ထွေးပိုက်ပါ …….

ကျွန်တော် ခုတစ်လော အလုပ်တွေမအားတာနဲ့ မတင်ဖြစ်ဘူး … ပြောတော့မယ် .. ဒီလူကြီးအမြဲ အလုပ်ရှုပ်နေပါလားလို့ .. ဟုတ်တယ်ဗျာ … မြန်မာနိုင်ငံမှာက တစ်ရက်လုပ်မှ တစ်ရက်စားရတာ …. အလုပ်ရှုပ်နေမှ တော်ရုံကျတာဗျာ …… ဟီး
ဟိုတစ်လောက ပင့်ဂိုလ်းရဲ့ ပိုစ့်တစ်ခုကို ဖတ်လိုက်မယ်တယ် ….. ဆေးပညာရှုထောင့်ကနေ တင်ပြထားတာမို့ အရမ်းကောင်းတယ် .. ဒါပေမယ့် အဲ့ဒီအတိုင်းတာ မြန်မာပြည်မှာ ကျင့်သုံးရင် ပါးတွေ ကျွတ်ကျွတ်ကျိုးသွားနိုင်တယ် .. ဟီး

ဒါပေမယ့် မြန်မာပြည်မှာလည်း ကျင့်သုံးနိုင်တဲ့ နည်းလမ်းတွေရှိပါသေးတယ်။ အဲ့ဒါကတော့ နွေးထွေးတဲ့အပြုံးတွေနဲ့ လူတွေကို ထွေးပိုက်ပါ။ သင်ကော နွေးထွေးစွာပြုံး တတ်ပါသလားလို့ အရင်မေးကြည့်ချင်တယ်။ နွေးထွေးစွာပြုံးတယ်ဆိုတာ လူတွေအဖို့ အမှတ်တမဲ့အဖြစ်အပျက်လေးတစ်ခုပါ။ ရင်ထဲမှာ ကျေနပ်မှုတစ်ခုကိုရလိုက်ပြီဆိုရင် အလိုလိုနေရင်း ပြုံးတတ်ပါတယ်။ ဒါပေမယ့် အကြောင်းအရာမဲ့ ပြုံးတတ်ဖို့ဆိုတာ တစ်ကယ်ခက်တယ်။ မပီပင်ရင် မဲ့ပြုံးကြီးဖြစ်သွားရော။ ကျွန်တော်ကိုယ်တိုင်လည်း ပီပီပြင်ပြင်မပြုံးတတ်သေးပါဘူး။ ကြိုးစားနေတုန်းရှိပါသေးတယ်။ သူတစ်ဦးတစ်ယောက်ကို နွေးထွေးစွာပြုံးပြခြင်းဟာ သင်ဟာသူ့အပေါ်မှာ ကျေနပ်မှုလေးတစ်ခု ဖြစ်စေတယ်လို့ ခံစားမိစေမှာပါ။ အပြုံးရဲ့တန်ခိုးဟာ အစွမ်းထက်လှပါတယ်။ ဒါကြောင့် သင့်ကိုသင် မှန်ကြည့်ပြီး နွေးထွေးစွာပြုံးတတ်ဖို့ကြိုးစားပါ။ နွေးထွေးစွာပြုံးတတ်ပြီဆိုရင် သင့်အလုပ်အကိုင်မှာ၊ လုပ်ငန်းမှာ၊ မိတ်ဆွေတွေကြားထဲမှာ အောင်မြင်မှု တစ်ဝက်ကို ရယူနိုင်ပါလိမ့်မယ်လို့ ကျွန်တော် စားအုပ်တွေထဲမှာ ဖတ်ဖူးပါတယ်။ ပြီးတော့ အပြုံးနဲ့ပတ်သက်တဲ့ သာဓကတစ်ခုအနေနဲ့ ဆရာဖေမြင့် ဘာသာပြန်တဲ့ နှလုံးသားအဟာရထဲက “ထိုအပြုံး” ၀တ္တုတိုလေး တစ်ပုဒ်တင်ပြပေးချင်ပါတယ်။


ထိုအပြုံး


ပြင်သစ်စာရေးဆရာ အန်တွိုင်း ဆန်တက်ဇူပေရီ၏ ``မင်းသားလေး´´ (The Little Prince) ၀တ္တုကို စာသမား အတော်များများ သိကြပါသည်။ ကလေးများအတွက် နှစ်ခြိုက်ဖွယ် ပုံပြင်တစ်ပုဒ် ဖြစ်သကဲ့သို့ လူကြီးများအတွက် အတွေးပွားစေသော စာတစ်အုပ်လည်းဖြစ်ကြောင်း ဖတ်မိသူတို့ လေးစားသိမှတ်ခဲ့ကြပါသည်။
``မင်းသားလေး´´ကို သိသော်လည်း ဆန်းတက်ဇူပေးရီ၏ အခြား ၀တ္တုတို-ရှည်များကိုကား သိသူ နည်းလှပါသည်။
ဆန်တက် ဇူပေရီသည် တိုက်လေယာဉ်မှူးတစ်ယောက် ဖြစ်၍ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့နှင့် တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီကလည်း သူသည် စပိန် ပြည်တွင်းစစ်တွင် ဖက်ဆစ်များအား ဆန့်ကျင်သည့်ဘက်က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲကာလ သူ့အတွေ့အကြုံတစ်ရပ်ကို မူတည်၍ ``ထိုအပြုံး´´ (The Smile) အမည်ရှိ ၀တ္တုတစ်ပုဒ် ရေးခဲ့သည်။ ၄င်းဝတ္တုလေးအကြောင်း ကျွန်တော် ယခုပြောလိုပါသည်။ ``ထိုအပြုံး´´ကို သူသည် ကိုယ့်တွေ့ဖြစ်ရပ်တစ်ခုအနေဖြင့် ရေးသည်လား၊ ၀တ္တုတစ်ပုဒ် အဖြစ် ဖန်တီးခဲ့ခြင်းလား ကျွန်တော်မခွဲခြားတတ်ပါ။ သို့သော် ဖြစ်ရပ်မှန် ဟူ၍ပဲ ကျွန်တော် ယူခဲ့ပါသည်။
၎င်းစာ၌ ဆန်တက်ဆူပေရီက...
သူ့အား ရန်သူတို့ ဖမ်းမိသွားပြီး အချုပ်ခန်းတစ်ခုထဲ ထည့်ထားလိုက်ကြောင်း၊ ဖမ်းဆီးချုပ်နှောင် သူတို့၏ စက်ဆုပ်မုန်းတီးပုံရသောအကြည့်နှင့် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပုံများအရ နောက်နေ့မှာတော့ သူ့အားသတ်မှာမုချဟု သူယူဆကြောင်း ရေးပါသည်။
သည့်နောက် သူဆက်လက်ရေးသားပုံကို ကျွန်တော်မှတ်မိသလို ပြန်ပြေပြပါမည်။
***
``ငါ့ကို သတ်ကြတော့မှာ မုချဟု ကျွန်တော်သိနေပြီ၊ လူကအကြီးအကျယ် တုန်လှုပ်ချောက်ချားကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာသည်။ အိတ်တွေထဲ လျှောက်နှိုက်ကာ စီးကရက် တစ်လိပ်တစ်လေများ သူတို့ရှာတုးက မတွေ့ဘဲ ကျန်ရစ်လေမည်လားဟု စမ်းကြည့်မိသည်။ ကံအးလျှော်စွာ တစ်လိပ်ရသည်။ သို့သော် လက်တွေ အကြီးအကျယ်တုန်နေသဖြင့် စီးကရက်ကို နှုတ်ခမ်းမှာပင် ကောင်းစွာ တပ်၍ မရချင်။ ဆေးလိပ်ရပြန်တော့ မီးခြစ်ကလိုလာပြန်သည်။ မီးခြစ်လည်းသူတို့ ယူသွားသဖြင့် မရှိတော့။
``ကျွန်တော့်အား စောင့်ကြည့်နေသူကို သံတိုင်ကြားမှနေ၍ ကြည့်မိသည်။ သူက ကျွန်တော်နှင့်မျက်လုံးချင်းမဆိုင်။ သေလူတစ်ယောက်နှင့် ဘယ်သူမျက်လုံးဆိုင်ချင်မည်လဲ။ ``မီးခြစ်ရှိရင် တစ်ဆိတ်လောက်ဗျာ´´ ကျွန်တော်လှမ်း၍ ပြောလိုက်သည်။ သူကျွန်တော့်ကို လှမ်းကြည့်ပြီး ပခုံးတစ်ချက်တွန့်ကာ စီးကရက်မီးညှိပေးနေစဉ် အမှတ်မထင် သူနှင့်ကျွန်တော် မျက်လုံးချင်းဆိုင်မိသည်။ အဲသည်အခိုက် ကျွန်တော် ပြုံးပြလိုက်သည်။ ဘာကြောင့် ပြုံးပြမိသလဲ ကျွန်တော့်ဘာသာမသိ။ ကျွန်တော် စိတ်ဂနာမငြိမ် ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် လူတစ်ယောက်နှင့်တစ်ယောက် အဲသည်လောက် နီးကပ်နေသည့်အခါမျိုးမှာ ပြုံးမပြ၍ မနေနိုင်တာလား မပြောတတ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပြုံးပြလိုက်မိသည်။ အဲ့သည့်အခိုက်အတန့်မှာ သူ့နှလုံးသားနှင့် ကျွန်တော့်နှလုံးသားကြား တစ်နည်းပြောရသော် ကျွန်တော်တို့ လူသားဝိညာဉ်နှစ်ခုအကြား လျှပ်စစ်ဝါယာနှစ်ခု ပူးမိသည့်အခါမှာ ဖြစ်သလို မီးပွားတစ်ခု ခုန်ကူးသွားသည်ဟု ထင်လိုက်ရသည်။ သူ့မှာ နဂိုမူလက ကျွန်တော့်အား ပြန်လည်ပြုံးပြရန် ဆန္ဒမရှိဆိုတာ ကျွန်တော်သိသည်။ သို့သော် ကျွန်တော့်အပြုံးက သံတိုင်းများကြားမှနေ၍ သူထံခုန်ကူးသွားပြီး သည့်နောက်တွင် သူ့နှုတ်ခမ်းပေါ်၌လည်း အပြုံးတစ်ခု ပေါ်လာသည်။ သူက ကျွန်တော့်စီးကရပ်ကို မီးညှိပေးပြီးနောက် အနားမှမခွာသေးဘဲ ကျွန်တော့်မျက်လုံးများကို စူးစိုက်စွာပင်ကြည့်ကာ ပြုံး၍နေသည်။
``ကျွန်တော်လည်း သူ့ကို ဆက်၍ ပြုံးကြည့်နေသည်။ သူသည် အချုပ်ထောင်စောင့် တစ်ယေက်မဟုတ်တော့၊ သူ့ကို လူတစ်ယောက်အဖြစ် ကျွန်တော်မြင်နေပြီ၊ ကျွန်တော့်ကို သူကြည့်ရှုပုံကလည်း အဓိပ္ပါယ်သစ်တွေ ပါလာပြီ၊ ``ခင်ဗျားမှာ သားသမီးရှိလား´´သူက မေးသည်။
``ရှိပါတယ်ခင်ဗျား၊ ဟောဒီမှာ ဟောဒီမှာ ကျွန်တော် ပျာပျာသလဲ ပိုက်ဆံအိတ်ကို ဖွင့်ကာ ကျွန်တော့်မိသားစု ဓါတ်ပုံကို ထုတ်ယူပြီး သူ့အားပြသည်။ သူသည်လည်း သူ့ကလေးများ ဓါတ်ပုံတွေ ထုတ်လာကာ သည်ကလေးတွေနှင့်ပတ်သက်သည့် သူ့အစီအစဉ်များ၊ စိတ်ကူးများ၊ သူတို့အတွက် မျှော်မှန်းထားသည့်သည်များကို ပြေပြနေသည်။ တဖြည်းဖြည်း ကျွန်တော့်မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်လာသည်။ ကျွန်တော့်မိသားစုကို ကျွန်တော်မတွေ့ရတော့မှာ စိးရိမ်ထိန့်လန့်လှကြောင်း၊ သည်ကလေးတွေ ကြီးပြင်းအောင် စောင့်ရှောက်နိုင်ခွင့် မရှိတော့မှာ ပူပန်နေသည့် အကြောင်းများ ကျွန်တော်ပြောမိသည်။ ကျွန်တော့်စကားတွေ နားထောင်ရင်း သူ့မျက်လုံးများမှာလည်း မျက်ရည်တွေ ရစ်ဝဲလာသည်။
``သည့်နောက်မူ ဘာစကား တစ်ခွန်းမျှ မပြောဘဲသူက ရုတ်တရက် ကျွန်တော့်အချုပ်ခန်းတံခါးသော့ကို ဖွင့်ကာ ကျွန်တော့်ကိုအပြင်ထုတ်သည်။ အချုပ်ထောင်ပြင် ရောက်လာပြီးနောက် လမ်းကြိုလမ်းကြားများအကြား တိတ်ဆိတ်စွာပင် ဖြတ်သန်းခေါ်ဆောင်လာပြီး မြို့စွန်းနား ရောက်သည့်အခါ ကျွန်တော့်ကို လွှတ်ပေးလိုက်သည်။ ထို့နောက်း နှုတ်ဆက်စကားတွေ ဘာတွေလည်း ပြောမနေတော့ဘဲ မြို့ဘက်ဆီ သူလှည့်ပြန်သွားသည်။
``ကျွန်တော့်အသက်ကို အပြုံးတစ်ခုက ကယ်ဆယ်လိုက်ခြင်းပေတည်း´´
မှန်သည်။ ဟန်ဆောင်မှု ကင်းသော ကြိုတင်ကြံရွယ်ချက်မပါသော ပင်ကို သဘာဝအပြုံး၊ သို့မဟုတ် လူနှစ်ဦးအကြား အရိုးသားအပွင့်လင်းဆုံး ပေါင်းကူးဆက်သွယ်မှု။
***
ဆန်တက်ဆူပေရီ၏ သည်ဝတ္တုလေးကို အလုပ်ခွင်မှာ ကျွန်တော်ပြောပြလေ့ရှိသည်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တတွေမှာ ဂုဏ်သိက္ခာတွေ၊ ဘွဲ့ထူး ဂုဏ်ထူး ရာထူးအဆင့်အတန်းတွေ၊ ကိုယ့်ကိုအများက ဘယ်လိုမြင်စေချင်သည်ဟူသော ကိုယ်ပိုင်သတ်မှတ်ချက်တွေ အလွှာလွှာ အထပ်ထပ်ဖုံးကာ ကိုယ်ကိုယ်ကိုကွယ်ကာထားကြသည်။ သို့သော် ဘာတွေ ဘယ်လိုဖုံးဖုံး အောက်ဆုံးမှာတော့ တကယ့် လူပုဂ္ဂိုလ်အစစ်အမှန်က ရှိနေသည်ဆိုတာ သိကြမြင်ကြစေလို၍ပဲဖြစ်သည်။
အဲ့သည် အတွင်းပိုင်း အနက်အရှိုင်းထဲက အရာကို ၀ိညာဉ်ဟုပဲ ကျွန်တော်ဆိုလိုလိုက်မည်။ ကျွန်တော်ကိုယ်တွင်းက အဲ့သည်ဝိညာဉ်ဟု ကျွန်တော်အမည်ပေးလိုက်သော အစိတ်အပိုင်းနှင့် သင့်ကိုယ်တွင်းက အလားတူအစိတ်အပိုင်းတို့ အပြန်အလန် သိကျွမ်းသွား ကြပြီဆိုလျှင် ကျွန်တော်ဘယ်နည်းနှင့်မျှ ရန်သူတွေမဖြစ်နိုင်ကြတော့။ တစ်ယောက်ကို တစ်ယောက် မမုန်းတီးနိုင်၊ မနာလိုဝန်တိုမဖြစ်နိုင်၊ ကြောက်ရွံ့ထိတ်လန့်ခြင်းလည်း မရှိနိုင်တော့။
ယခုတော့ ကျွန်တော်တို့ တစ်သက်လုံးကြိုးစား တည်ဆောက်ထားကြသည့် အလွှာအထပ်တွေ ရစ်ပတ် ဖုံးကွယ်နေသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အစစ်အမှန် မတွေ့ဆုံနိုင်ကြဘဲ ရှိနေသည်။ ဆန်တက်ဆူပေရီ၏ ၀တ္တုက ၀ိညာဉ်နှစ်ခုအပြန်အလှန် တွေ့ထိ သိမြင်သွားကြသည့် ထူးခြားသော အခိုက်အတန့်လေးအကြောင်း ရေးဖွဲ့ထားခြင်း ဖြစ်သည်။
ကျွန်တော်ကိုယ်တိုင်လည်း အဲသည်လို အခိုက်အတန့်တချို့တော့ ကြုံဖူးပါသည်။ ဥပမာ တစ်ခုပြောရလျှင် တစ်စုံတစ်ယောက်ကို ရုတ်တရက် ချစ်ကျွမ်းဝင်သွားမိခြင်းမျိုး ဆိုပါစို့။
နို့စို့အရွယ် ကလေးငယ်များနှင့်တွေ့ရသည့်အခါမျိုးမှာလည်း အလားတူဖြစ်မိတတ်သည်။ သည်လိုကလေးငယ်မျိုးကို တွေ့ရသည့်အခါ ကျွန်တော်တို့ ဘာကြောင့်ပြုံးမိတတ်ကြသလဲ။
အပေါ်ယံလွှာ တစ်ခုမျှ ကွယ်ကာထားခြင်းမရှိသူ တစ်ဦးကိုတွေ့မြင်လိုက်ရ၍လား။ သူ၏ အပြုံးမှာ ဟန်ဆောင်မှု အကင်းဆုံးအပြုံး၊ အစစ်မှန်ဆုံး အပြုံးဖြစ်ကြောင်း ကျွန်တော်တို့ သိနေကြ၍လား။ ဒါမှမဟုတ် ကျွန်တော်တို့ရင်ထဲရှိ ငယ်ဝိညာဉ်က ရွယ်တူချင်းချင်း သိကျွမ်းခင်မင်ကာ နှစ်လိုအားရစွာ ပြုံးလိုက်မိခြင်းလား။

[မူရင်း ။ Hanoch MaCarty ၏ The Smile]
ဘာသာပြန် ။ ဖေမြင့်

0 comments: