Friday, January 26, 2007

ခွပ်ဒေါင်းအိုးဝေတွန်ပါစေ

မြန်မာ့မြေ၌
ရွှေတိဂုံရောင်၊ မီးတန်ဆောင်တို့
မြူမှောင်ပယ်ခွင်း၊ ဆီမီးဝင်းလျက်
သီတင်းဝါလကျွတ်ချိန်တည်း။

သူ့အိမ်ကိုယ့်အိမ်၊ မီးထိန်ထိန်နှင့်
ဦးနှိမ်ညွတ်ခ၊ ကန်တော့ကြသော
မိဖဆရာ၊ ပူဇော်ရာသည့်
မင်္ဂလာအခါတော်ပေကို။

တရပ်တကျေး၊ ပြည်ရွာဝေး၌
တငေးမျှော်မျှော်၊ တရော်ရမ်းရမ်း
တလွမ်းလွမ်းနှင့်
စိတ်မှန်းဦးချ၊ ကန်တော့ရသည့်
မိဖဆရာ၊ ကျန်းခံ့သာ၍
မာပါစေကြောင်း၊ ဆုပန်တာင်းခဲ့။

ကိုယ့်ရွာကိုယ်မြေ၊ ပြန်နိုင်ပါစေဟု
ဆုချွေပါက၊ ပြည့်လိုလှ၏
မြန်မာ့ပြည်ရွာ၊ သာကြီးသာ၍
အခါတော်ကောင်း၊ ပြည်သူအပေါင်းတို့
ခွပ်ဒေါင်းတွန်မြူးစေသတည်း။

တင်မိုး
၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်
အင်္ဂါနံနက်ခင်း

0 comments: