Saturday, January 27, 2007

အပြောမဟုတ် လက်တွေ့လေးပါလုပ်ပြထားတယ်

မနေ့က အလုပ်လုပ်ရတာ အကုန်လုံးအဆင်ကိုချောနေတာပဲ။ ဘာပြဿနာမှကို မရှိဘူး။ အိမ်ပြန်တော့လည်း လိုင်းကားသိပ်စောင့်စရာမလိုဘူး ... အောက်ဆိုက်ကားရောက်လာလို့ လိုက်သွားလိုက်တယ်။ ကားခတော့ ပိုပေးရတာပေါ့။ နိုင်ငံတော် အကြီးအကဲတွေ လမ်းညွှန်မှုနဲ့ ခေတ်မီတိုးတက်နေတဲ့ မြန်မာနိုင်ငံကြီးမှာ လိုင်းကား ချောင်ချောင်စီးချင်ရင် အောက်ဆိုက်ကားကို စောင့်စီးရတာပါပဲ။ ကျေးဇူးပါပဲ နိုင်ငံတော်အကြီးအကဲများ။ ဒီလိုကောင်းလွန်းတဲ့ လမ်းညွှန်မှု အစီအမံတွေကြောင့် အောက်ဆိုက်ကားတွေ စီးခွင့်ရတယ်။ အိမ်မရောက်ခင် လမ်းထိပ်ရောက်ကတည်းက အိမ်မှာ မီးလာမှန်းသိသွားပြီ။ လမ်းထိပ်က အိမ်တွေနဲ့တလိုင်းတည်းကို။ ဒါလဲကျေးဇူးတင်စရာပါပဲ။ ရေ၀ယ်သုံးနေရတာ ၁ ပတ်လောက်ရှိသွားပါပြီ။ ကျေးဇူး ပါပဲ။ လျှပ်စစ်မီးလာတော့ အိမ်သာတယ်လေ သိတယ်မလား။ သီချင်းလေးနားထောင်ပြီး ရေမိုးချိုး အနားယူလိုက်တယ်။ ကိုးရီးယားကားတောင် ဇိမ်ပြေနပြေထိုင်ကြည့်လိုက်သေးတယ်။ သြော် .. ဒါတွေငါနဲ့ကင်းကွာနေတာ တော်တော်ကြာပ။ ကိုရီးယားကားလည်းပြီးရော မြန်မာနိုင်ငံမှာ လူတွေစိတ်အ၀င်စားဆုံးကဏ္ဍတစ်ခု ထပ်လာတယ်။ တခြားမဟုတ်ပါဘူး မြန်မာနိုင်ငံရဲ့ပြည်တွင်းသတင်းပါပဲ။ ထမင်းစားဖို့အဆင်သင့် ဖြစ်နေတာမို့ TV ကိုမပိတ်မိခဲ့ဘူး။ ဒီလိုနဲ့ထမင်းစားနေရင်း သတင်းကြေငြာသူရဲ့ကြေငြာချက်ကို အမှတ်မထင် နာဆွံမိလိုက်တယ်။ အဲ့ဒါကတော့ “မြန်မာနိုင်ငံအား ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမှ အမှာစကားပြောကြားသည်မှာ - မြန်မာနိုင်ငံတွင် ကျေးလက်ဒေသမှ၍ မြို့ကြီးများအထိ ပညာရေးတိုးတက်မှုရှိစေရန် အရှိန်အဟုန်နဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဆိုတာ လူမျိုးတစ်မျိုး၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန်အတွက်အဓိက သော့ချက်ဖြစ်ကြောင်း။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးလုပ်ဆောင်ချက်များကို အလေးပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုများ၊ လုပ်ဆောင်မှုများနှင့်အတူ မြန်မာနိုင်ငံ၏ ပညာရေးတိုးတက်မှုမှာ အားရဖွယ်ရှိကြောင်း၊ ဆက်လက်၍ ပညာရေးလမ်းစဉ်များကိုအလေးပေး ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြေားကြားသွားပါတယ်” ဆိုတာပါပဲ။ ကျေးဇူးအရမ်းတင်ပါတယ် ဗိုလ်ချုပ်မှူးကြီးခင်ဗျား ဗိုလ်ချုပ်မှူးကြီးရဲ့ကြိုးပမ်းမှုကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပညာရေးတွေတိုးတက်လွန်းအားကြီးခဲ့ပါတယ်။ ဤသို့လုပ်ဆောင်ချက်များကြောင့် ကျောင်းသား/သူတွေဆိုရင်လည်း ပညာတတ်လိုစိတ်ပျင်းပြစွာဖြစ်ပေါ်လာသဖြင့် နိုင်ငံခြားသို့ ပညာသွားရောက် သင်ကြားရန်အတွက် နိုင်ငံခြားသို့ရောက်ရှိနေကြာသည်မျာ မနည်းတော့ဘူး။ ကျေးဇူးပါပဲ။
အပြောနဲ့လက်တွေ့ တစ်ထပ်တည်းဖြစ်အောင်လုပ်ပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါပဲဗျာ။ ဒါနဲ့ပဲ ညအိပ်မပျော်ခဲ့ပါဘူးဗျာ။ ၀မ်းသာလွန်းအားကြီးလို့တော့မဟုတ်။

0 comments: