Wednesday, January 24, 2007

ရွေ့ပြောင်းလို့မရတဲ့အရာ

အခုဆိုရင် .... ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ရွှေမြို့တော်အဖြစ်ကနေ အဆင့်ကျဆင်းသွားတာ အချိန်အတိုင်းအတာ တစ်ခုကိုရောက်သွားပါပြီ။ တဖြည်းဖြည်းနဲ့ စိတ်ပျက်ဖို့ကောင်းလာလိုက်တာ ရန်ကုန်မြို့ကြီးဘာတွေ ဆက်ဖြစ်ဦးမှာလဲ ??? သို့လော .. သို့လော နဲ့ခရီးဆက်နေရတယ်လေ။ အခုဆိုရင် အဓိကကျတဲ့ အစိုးရဌာန အားလုံးနီးပါး နေပြည်တော်(ပျဉ်းမနား)ကို ပြောင်းရွေ့သွားပြီလေ။ အဲ့ဒါကြောင့် လုပ်ငန်းတော်တော်များများဟာ ရန်ကုန်မှာတင် ပြီးစီးအောင်ပြုလုပ်ဖို့မဖြစ်နိုင်တော့ဘူး။ ပျဉ်းမနားကို သွားပြီးအပြီးသတ်လုပ်နေရတယ်။ အလုပ်ပိုလာတဲ့အပြင် စရိတ်လည်းပိုပြီးကြီးလာတယ်။ ဒါကြောင့်လုပ်ငန်းနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို အရင်းရှင်တွေက ဈေးကွက်ထဲကို ဈေးတွေတင်ပြီးတော့တင်ပို့နေရတယ်။ ဘာပဲပြောပြော ဒီအပြောင်းအလဲဟာ ကုန်ဈေးနှုန်းတွေကို တက်စေတာတော့ အမှန်ပါပဲ။
ဟိုး ..... လွန်ခဲ့တာ ၆ နှစ်လောက်က ရန်ကုန်ကို နယ်ကနေ စရောက်ရောက်ချင်းဆိုရင် ရန်ကုန်မှာ ၂၄ နာရီပတ်လုံး မီးလာတယ်။ မီးပြတ်ရင်လည်း ခဏပေါ့။ အလွန်ဆုံး နာရီဝက်။ အစစ အရာရာ အဆင်ပြေချောမွေ့လှတယ်။ လိုင်းကားစီးရတာကအစ။ အဲ့ဒီတုန်းကဆို လိုင်းကာခက တစ်ယောက်မှ ၁၀ ဂိတ်ပတ်ပြီး စီးလို့ရတယ်။ အခုကျတော့ကော ???? နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေ ထိန်းသိမ်တဲ့အနေနဲ့ ဒီဇယ်တွေအစား သဘာဝဓါတ်ငွေ့တွေကိုအသုံးပြုဖို့အတွက် စီမံချက်တွေချထားပြီးဆောင်ရွက်ခဲ့တယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာကတော့ ပိုပြီးတက်လာပါရဲ့။ ဒါပေမယ့် အဲ့ဒီတက်လာတဲ့ ဘဏ္ဍာတွေကို မှန်ကန်တဲ့ နေရာတွေမှာ အသုံးပြုခဲ့ကြသလား??? နောက်ပြီး လိုင်းကားခတွေ ဈေးတက်လာတာပဲအဖက်တင်တယ်။ ပြီးတော့ သဘာဝဓါတ်ငွေ့တွေကိုလည်း လိုင်းကာတွေဆီအပြည့်အ၀ ပံ့ပိုးမှုတွေမပေးနိုင်လို့ ဓါတ်ငွေ့ဆိုင်ရှေ့မှ ကားတွေ တစ်ပုံတစ်ပင်ကြီးပိတ်နေတာ အားလုံးအသိပဲ။ အဲ့ဒါတွေကြောင့် အိမ်ပြန်နောက်ကျပေါင်းလည်း မနည်းတော့ဘူး။ ဘာပဲစီမံချက်??? ပြည်သူတွေအတွက်လား ??? စဉ်းစားကြပါဦး ??? နောက်ဆုံးမှာ နစ်နာစရာတွေကို ပြည်သူတွေကပဲ ပေးဆပ်နေရတယ်။ ဘယ်သူတွေ ကောင်စားသွားကြသလဲ ???
အခုဆိုရင် ရန်ကုန်မြို့မှာ လျှပ်စစ်မီးကိစ္စဟာ တော်တော်လေးကို ဆိုးဝါးနေပြီ။ တစ်ရက်ကို မီး ၁၈နာရီ ပေးမယ်လို့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေဟာ အလကားသက်သက် ကလေးတွေအပျော်တမ်း ကဗျာရေးတာလောက်တောင် တန်ဖိုးမရှိဘူး။ လာချိန်တန်လည်းမလာ လာပြန်တော့လည်း ပျက်မှာစိုးရတာ ရင်တထိထ်ထိတ်။ ပြန်ချိန်တန်ရင်တော့ မပူနဲ့ ပျက်ကိုပျက်တယ်။ သစ္စာတော်တော်ရှိတဲ့ လူတွေ။ မီးတာခတွေ ကျတော့ တိုးပြီးကောက်တယ် မီးကျတော့မပေးချင်ဘူး။ ဒါလဲပဲ နိုင်ငံတော် ဘဏ္ဍာထိန်းသိမ်းတဲ့ ကောက်ကျစ်တဲ့ လမ်းစဉ်တွေပဲထင်တယ်။ ဟိုး .... နေပြည်တော်ဆိုတဲ့နေရာမှာကျတော့ ၂၄ နာရီလင်းထိန်လို့ဆိုပဲဗျာ။ မနာလို လို့ပြောတာမဟုတ်ပါဘူး။ နောက်ဆုံးတော့ ဆရာတော်ကြီးတွေဟောသလို လူပြိန်း ကံပုံချရမှာပေါ့။ ကံပဲပေါ့ဗျာ။
အစိုးရ ၀န်ထမ်းတွေကို လစာတိုးပေးတာ အစကတော့ တော်တော်လေးကို ၀မ်းသာမိတယ်လေ။ ဘာကြောင့်လဲဆိုတော့ “သြော် .. သူတို့တတွေ မစားလောက်တဲ့လစာတွေကြောင့် လာဘ်ပေးလာဘ်ယူတွေ လုပ်နေကြတယ်။ အခုတော့ ဒီအရာတွေ ပျောက်သွားလိမ့်မယ်ထင်တယ်”လို့ တွေးမိလို့ပါ။ ဒါပေမယ့် ပျောက်မသွားတဲ့အပြင် ပြောင်တောင်းနေကြပြီ။ နောက်ဆုံးတော့ ၀န်ထမ်းတွေလစာတိုးတာနဲ့ လိုက်ပြီး တိုးတက်သွားတဲ့ ကုန်ဈေးနှုန်းကို ပြည်သူတွေ ရင်နာခံပြီး စားသုံးနေရာတာပဲ။ ဘယ်နေရာမှာမှ ပြည်သူတွေအတွက် အကျိုးမဖြစ်ထွန်းခဲ့ဘူး။ အခုတော့ ရန်ကုန်ရွှေမြို့တော်ကြီးလည်း လွမ်းစရာတွေနဲ့ ပြည့်နှက်ခဲ့ပြီ။ ဘယ်သူတွေ ဘာတွေပဲပြောင်းပြောင်း၊ ဘာတွေပဲချမှတ်ချမှတ်၊ ဘာတွေပဲမိန့်ဆိုမိန့်ဆို ကိုယ့်စိတ်ကတော့ မပြောင်းပါဘူးဗျာ ....... သူတို့တွေ မရွှေ့ပြောင်းနိုင်တဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကိုတော့ ကြံ့ကြံ့ခံထားရမယ်။ ကိုယ်က ဒါပဲတတ်နိုင်တော့တာကိုး .....
(ဘယ်သူ့ကိုမှ မတိုက်ခိုက်ပါ....မကျေနပ်ချက်များရေးခြင်းဖြစ်သည်)

0 comments: